စစ်တပ်ကို လေယာဉ်လောင်စာဆီ ပံ့ပိုးနေတဲ့ ကုမ္ပဏီတွေကို ယူကေ၊ အီးယူ၊ ကနေဒါတို့ ပိတ်ဆို့အရေးယူ
စစ်တပ်ကို လေယာဉ်လောင်စာဆီ ပံ့ပိုးနေတဲ့ ကုမ္ပဏီတွေကို ယူကေ၊ အီးယူ၊ ကနေဒါတို့ ပိတ်ဆို့အရေးယူ

မြန်မာစစ်တပ်ကို လေယာဉ်လောင်စာဆီနဲ့ စက်ကိရိယာတွေ ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီ ငါးခုကို ယူကေ၊ အီးယူ၊ ကနေဒါတို့က ပစ်မှတ်ထား ပိတ်ဆို့ အရေးယူလိုက်ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံးက ထုတ်ပြန်ပါတယ်။
Asia Sun Group ကုမ္ပဏီ ၊ Swan Energy ကုမ္ပဏီ ၊ Myan-Oil ကုမ္ပဏီ ၊ Rich Ray Trading ကုမ္ပဏီ ၊ Progress Technology Support (a.k.a Royal Shune Lei) ကုမ္ပဏီ တို့ကို အရေးယူပိတ်ဆို့လိုက်တာ ဖြစ်ပါတယ်။
Asia Sun Group ကုမ္ပဏီဟာ မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ တင်ပို့တာ၊ သိုလှောင်တာ၊ ဖြန့်ဖြူးတာတွေကို ပါဝင်လုပ်ကိုင်ပေးနေတယ်ဆိုပြီး ပြီးခဲ့တဲ့နှစ်ကတည်း ဩစတြေးလျ၊ အမေရိကန်၊ အီးယူတို့ကနေ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။
Swan Energy ကုမ္ပဏီဟာ ရန်ကုန်မှာ အခြေစိုက်ကာ ကမ္ဘောဒီးယား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းတို့မှာ လောင်စာဆီလုပ်ငန်း လုပ်ကိုင်နေတာဖြစ်ပြီး မြန်မာကို လစဉ် လေယာဉ်လောင်စာဆီ ၁၀,၀၀၀ မက်ထရစ်တန် တင်သွင်းနေတယ်လို့ ပြီးခဲ့တဲ့ မေလက သူတို့ ဝက်ဘ်ဆိုဒ်စာမျက်နှာမှာ ဖော်ပြခဲ့ဖူးပါတယ်။
Myan-Oil ကုမ္ပဏီ ၊ Rich Ray Trading လုပ်ငန်းတို့ဟာ စင်ကာပူအခြေစိုက် Shoon Energy ရဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်ပါတယ်။
Shoon Energy ကုမ္ပဏီဟာ စစ်တပ်အတွက် ဘဏ္ဍာငွေ၊ လေယာဉ်ဆီ၊ စက်လက်နက် ထောက်ပံ့ပေးတဲ့နေရာမှာ အချက်အခြာကျတဲ့ စီးပွားရေးလုပ်ငန်းတခုဖြစ်တယ်လို့ ပြီးခဲ့တဲ့နှစ်မှာ Justice for Myanmar က စုံစမ်းဖော်ထုတ်ထားပါတယ်။
Progress Technology Support (Royal Shune Lei ) ကုမ္ပဏီကတော့ မြန်မာစစ်တပ်က ရုရှားနဲ့ ဆားဘီးယားနိုင်ငံတွေကနေ စစ်လက်နက်ဝယ်ယူရာမှာ ကြားပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့တာကြောင့် ယင်းလုပ်ငန်းကို ဒဏ်ခတ်အရေးယူပေးဖို့ ပြီးခဲ့တဲ့နှစ်က နိုင်ငံတကာကို Justice for Myanmar ကနေ တိုက်တွန်းတောင်းဆိုခဲ့ဖူးပါတယ်။
“မြန်မာစစ်တပ်ဆီကို ပစ္စည်းကိရိယာများနှင့် လေကြောင်းလောင်စာများ၊ ဖြန့်ဖြူးရောင်းချနေသူတွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှု အသစ်တွေ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါတယ်၊ ကျမတို့ရဲ့ မိတ်ဖက်များဖြစ်တဲ့ အီးယူနဲ့ ကနေဒါနိုင်ငံများနဲ့အတူ စစ်တပ်ရဲ့ ရန်ပုံငွေ ပစ္စည်းကိရိယာများနဲ့ အရင်းအမြစ်များ ရယူသုံးစွဲခွင့်ကို ပိုမိုကန့်သတ်လိုက်ခြင်း ဖြစ်ပါတယ်” လို့ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီး Catherine West က ပြောပါတယ်။
ယူကေရဲ့ ပိတ်ဆို့ အရေးယူမှု ထုတ်ပြန်ချက်မှာ ၂၀၂၄ ဩဂုတ်လအတွင်း မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အကြိမ်အရေအတွက် အများဆုံးမှတ်တမ်းတင်ခဲ့ပြီး အရပ်သားစုစုပေါင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတယ်လို့ ရေးသားထားပါတယ်။
အရပ်ဘက်ဆိုင်ရာ အဆောက်အဦးတွေကို လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ လက်ခံနိုင်ဖွယ်မရှိသလို အပြစ်မဲ့အရပ်သားတွေ ထိခိုက်မှုဟာလည်း သည်းခံနိုင်ဖွယ် မဟုတ်ဘူးလို့ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီးက ပြောပါတယ်။
တာဝန်ခံမှု တရားမျှတမှုရှိဖို့နဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ယူကေဟာ အီးယူ၊ ကနေဒါနိုင်ငံတို့နဲ့အတူ ပူးတွဲတောင်းဆိုလိုက်ပြီး မြန်မာပြည်သူတွေ မျှော်မှန်းထားတဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ အနာဂတ်အတွက် ကူညီထောက်ပံ့မှုနဲ့အတူ အခိုင်အမာရပ်တည်နေဆဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံးက ထုတ်ပြန်ထားပါတယ်။
The Tanintharyi Times