ပုလောမှာနစ်မြုပ်တဲ့လှေအတွက် ကူညီကယ်ဆယ်ရေးတွေရပ်နား

ပုလောမှာနစ်မြုပ်တဲ့လှေအတွက် ကူညီကယ်ဆယ်ရေးတွေရပ်နား

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာရွာအနီး ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တဲ့စက်လှေကို ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရွာခံတွေက ရှာဖွေတာကိုရပ်လိုက်ပြီလို့ သိရပါတယ်။

အခုလ ၂၀ ရက်နေ့ညက ကျောက္ကာရွာအနီး ပင်လယ်ပြင်မှာ ခရီးသည်တင်စက်လှေတစ်စီး တိမ်းမှောက်ခဲ့ပါတယ်။ အဲဒီလှေတိမ်းမှောက်မှုမှာ လူ ၇၅ ဦးကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး ၁၇ ဦးရဲ့ အအလောင်းကို ပြန်တွေ့ခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးမှာ ပါဝင်သူတွေက ပြောပါတယ်။

ဒါပေမယ့် ပြန်မတွေ့သေးတဲ့ နောက်ထပ်ခရီးသည် ၉ ဝန်းကျင်ရှိနိုင်ပြီး သူတို့ကို အခုလ ၂၉ ရက်အထိ ဆက်တိုက်ရှာခဲ့ပေမယ့်မတွေ့ရတဲ့အတွက် ရှာဖွေရေးရပ်လို့ပြီလို့ ဒေသခံတွေက ဆိုပါတယ်။

“ရေငုပ်သမားတွေလည်း ဟိုးအောက်အထိ ဆင်းရှာတာမတွေ့ဘူး။ ဘုန်းဘုန်းတို့လည်း တကာတွေနဲ့ ရက်တိုင်းရှာတယ် မတွေ့တော့ဘူး။” လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါဝင်ခဲ့တဲ့ ဆရာတော်တစ်ပါးက မိန့်ပါတယ်။

တိမ်းမှောက်နစ်မြုပ်သွားတဲ့ လှေပေါ်မှာ သီတင်းကျွတ်ကျောင်းပိတ်ရက် အိမ်ပြန်ပြီး မြို့မှာကျောင်းတက်ဖို့ ပြန်သွားတဲ့ ကျောင်းသားတွေနဲ့ ပုလောဒေသခံစစ်ဘေးရှောင်တွေ အများဆုံးပါလာခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီလှေတိမ်းမှောက်နစ်မြုပ်မှုနဲ့ပတ်သက်ပြီး လှေမောင်းသူကိုတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက ဒီကနေ့အထိ အရေးယူတာမရှိခဲ့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

“အဓိက တာဝန်ရှိတာက ပဲ့နင်းမှာဆိုတာ အားလုံးအသိ။ သူ့ကိုအရေးယူပြမှနောက်ဝန်ပိုမတင်ရဲကြတော့မှာ။ အခုက လုပ်သင့်တာမလုပ်ကြဘူး။ ” လို့ ရေလုပ်ငန်းလုပ်ကိုင်တဲ့ ကျောက္ကာရွာခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

အသက်ရှင်လျက်ကျန်ခဲ့တဲ့ လူကြီး၊ လူငယ်တွေကလည်း ဒီကနေ့အထိ ထိတ်ထိတ်လန့်လန့်ဖြစ်နေကြဆဲပဲလို့ အဲဒီအမျိုးသားက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကလည်း လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းချောင်းဝမှာ စစ်ဘေးရှောင်တွေပါလာတဲ့ လှေတစ်စီးတိမ်းမှောက်တာရှိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာတော့ လှေပေါ်ပါလာသူအားလုံး အန္တရာယ်ကင်းခဲ့တယ်လို့ သိရပါတယ်။

The Tanintharyi Times