ရေဖြူမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရ

ရေဖြူမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရ

ပုံစာ - စစ်ကောင်စီခန့်အုပ်ချုပ်ရေးအသတ်ခံခဲ့ရတဲ့ ရေဖြူမြို့နယ်၊ ဂန့်ဂေါ်တောင်ရွာ။

ရေဖြူမြို့နယ်၊ ဂန့်ဂေါ်တောင်ရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသတ်ခံရသူဟာ အသက် ၆၀ ဝန်းကျင်အရွယ် ဦးတင်မြင့် ဖြစ်ပြီး မနေ့ ည ၇ နာရီခွဲအချိန်ခန့်က သူ့ရဲ့နေအိမ်မှာ အသတ်ခံလိုက်ရတာလို့ ဒေသခံတွေက ဆိုပါတယ်။

“ညကတော့ သေနတ်သံကြားတယ်။ မိုးလင်းမှ တင်မြင့် ကိစ္စမှန်းသိတာ။ အဓိကကတော့ စစ်တပ်နဲ့ပေါင်းလို့ ပြစ်မှုမြောက်သွားတာဖြစ်ပါလိမ့်မယ်။ သူ့ကို ဒလန်လို့ပြောရမှာတော့ခက်တယ်။” လို့ အသက် ၅၀ ဝန်းကျင်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဦးတင်မြင့် ဟာပစ်ခံရတဲ့ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ပြီး လက်ရှိမှာတော့ သူ့ရဲ့နေအိမ်မှာ နာရေးလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးတင်မြင့် ကို ဒေါနတပ်ခွဲ-၆(ဝေဟင်တပ်ဖွဲ့)နဲ့ ဒေါနတပ်ခွဲ-၇ တို့က ပူးပေါင်းပြီး ပစ်သတ်ခဲ့တာလို့ ဝေဟင်တပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

“အရင်ကတော့ တခြားတပ်ဖွဲ့တွေဘက်ကသတိပေးတာတော့ရှိခဲ့တယ်။ သူက လက်နက်တော့မကိုင်ဘူး။ ရွာထဲမှာတော့ စစ်တပ်နဲ့ပေါင်းပြီး ထုတ်ပြန်ချက်ထဲကအတိုင်း လုပ်တာတွေရှိတယ်။” လို့ ဝေဟင်တပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ ရဲဘော်ဖြူဖွေး က ပြောပါတယ်။

ဦးတင်မြင့်ဟာ စစ်ကောင်စီတပ်တွေကို လမ်းပြလုပ်ပေးတာ၊ ဖုန်းနဲ့သတင်းပေးတာ၊ လူကိုယ်တိုင်သတင်းပေးတာ၊ အိမ်ထောင်စုစာရင်းတွေလိုက်စစ်ပြီး စာရင်းအတိုင်းလူမတွေ့ရင် စစ်ကောင်စီတပ်ကိုသတင်းပေးတာ၊ အကြော်ငးအမျိုးမျိုးနဲ့ ပတ်သက်ပြီး ငွေကြေးအဆမတန်တောင်းတာ၊ စတဲ့ အကြောင်းပြချက်တွေကြောင့် အခုလိုလုပ်ဆောင်ရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။

စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး ပြည်သူတွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီထောက်တိုင်တွေကို အမြဲစောင့်ကြည့်နေပြီး အလျဉ်းသင့်သလို သုတ်သင်သွားမယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကတော့ ထားဝယ်မြို့ပေါ်က ကြုံခိုင်ရေးခရိုင် ဥက္ကဌနဲ့ ကျွန်းစုမြို့နယ် မင်းခေါင်းရွာက ပျူစောထီးအဖွဲ့ဖွဲ့ဖို့ ကြိုးပမ်းနေသူနှစ်ဦးတို့ အသတ်ခံခဲ့ရပါတယ်။

The Tanintharyi Times