မနက်ဖြန် သန်းခေါင်စာရင်းကောက်ဖို့ စစ်ကောင်စီဘာတွေပြင်ဆင်နေလဲ

မနက်ဖြန် သန်းခေါင်စာရင်းကောက်ဖို့ စစ်ကောင်စီဘာတွေပြင်ဆင်နေလဲ

ပုံစာ - အခုလ ၂၈ ရက်နေ့က ဘုတ်ပြင်းမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ယူမှုကွင်းဆင်းလေ့ကျင့်နေတဲ့ မြင်ကွင်း။

အာဏာသိမ်းစစ်ကောင်စီက ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို မနက်ဖြန် အောက်တိုဘာလ ၁ ရက်နေ့ကစလို့ တစ်အိမ်တက်ဆင်း ကောက်ခံသွားမှာ ဖြစ်ပါတယ်။

မနက်ဖြန် အောက်တိုဘာ ၁ ရက်နေ့ကစလို့ ‌‌၁၅ ရက်နေ့ အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ခံမယ်လို့ ထုတ်ပြန်ထားတာပါ။

စာရင်း‌ကောက်ယူသူတွေဟာ Mobile Tablet တွေကို အသုံးပြုပြီး CAPI စနစ်နဲ့ အိမ်တိုင်ရာရောက် ကောက်ခံသွားမယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

CAPI စနစ်ဆိုတာဟာ စာရွက်နဲ့သိမ်းဆည်းထားတာမျိုးမဟုတ်ဘဲ စာရင်းကောက်ယူလို့ရတဲ့ အချက်အလက်တွေကို နေပြည်တော်ရုံးချုပ်က Server သို့ပို့ပေးတဲ့စနစ်ဖြစ်ပါတယ်။

ပြည်သူတွေကတော့ စစ်ကောင်စီဟာ သန်း‌ခေါင်စာရင်းကရတဲ့အချက်အလက်တွေကို အသုံးချပြီးအာဏာတည်မြဲရေးအတွက် အမျိုးမျိုးဖိနှိပ်လုပ်ဆောင်လာမှာကို စိုးရိမ်နေကြပါတယ်။

“တော်တော်စိုးရိမ်နေကြတယ်။ ဒီထဲမှာ အသက်‌တွေ အိမ်အခြေအနေတွေ အကုန်ပါသွားမှာ။ အဓိကကတော့ စစ်မှုထမ်းခေါ်တဲ့ကိစ္စ ကိုကြောက်ကြတာ” လို့ မြို့ခံ အသက်လတ်ပိုင်းအမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက် သူတို့ထိန်းချုပ်ထားတဲ့ မြို့ပေါ်တွေမှာပဲ ကောက်ယူနိုင်မှာဖြစ်ပြီး မြို့နယ်အတွင်းက ကျေးရွာအများစုနဲ့ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ နေရာတွေမှာတော့ သန်းခေါင်စာရင်းကောက်ယူနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ထားဝယ်ခရိုင်အတွင်းမှာတော့ သန်းခေါင်စာရင်းမှာဖြည့်ရမယ့်အချက်အလက်စာရွက်တွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တဆင့်ဖြန့်ဝေတာတွေကို အခုလနောက်ဆုံးပတ်အတွင်းမှာ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အလားတူ ကော့သောင်းမြို့‌ပေါ်မှာ သန်းခေါင်စာရင်းကောက်ယူ အိမ်ထောင်စုအကြောင်းအရာတွေကို ဖြေဆိုပေးနိုင်မယ့် သူကစောင့်ဆိုင်းနေဖို့ အကြောင်းကြားစာတွေ အခုရက်ပိုင်းမှာ ပေးပို့နေတယ်လို့ ဆိုပါတယ်။

ဖြေဆိုရမယ့် သန်းခေါင်စာရင်းထဲမှာ လူဦးရေနဲ့ အိမ်အကြောင်းအရာတွေ အပါအဝင် အချက်အလက်ပေါင်း ၇၀ ကျော်ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းနောက်ဆုံးကောက်ခံခဲ့တာဟာ NLD အစိုးရမတိုင်ခင် ၂၀၁၄ ခုနှစ်မှာဖြစ်ပြီး အခုဆယ်နှစ်အကြာမှာ ထပ်မံကောက်ခံလာတာပါ။

အဲဒီတုန်းကတော့ တစ်နိုင်ငံလုံးမှာ အမျိုးသမီး ၂၆ သန်းကျော်နဲ့ အမျိုးသား ၂၄ သန်းကျော် စုစုပေါင်းလူဦးရေ ၅၁ သန်းကျော်ရှိခဲ့ပါတယ်။ တနင်္သာရီတိုင်းမှာတော့ လူဦးရေ စုစုပေါင်း ၁၄ သိန်းကျော် ရှိခဲ့တာပါ။

အခုကောက်ယူရရှိတဲ့ စာရင်းတွေကိုတော့ ရှေ့ပြေးသန်းခေါင်စာရင်းအနေနဲ့ လာမယ့် ဒီဇင်ဘာ ၃၁ရက်နေ့မှာထုတ်ပြန်မယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာန အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဌာနခွဲ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦးက ဗွီအိုအေသတင်းဌာနကို ဖြေဆိုထားပါတယ်။

ထားဝယ်ခရိုင်အတွင်းမှာတော့ ထားဝယ်ခရိုင်သပိတ်ကော်မတီနဲ့ သရက်ချောင်းမြို့နယ်သပိတ်ကော်မတီတွေက သန်းခေါင်စာရင်းကောက်ယူတာကို ပြည်သူတွေဆန့်ကျင်ကြဖို့ တိုက်တွန်းတဲ့ သပိတ်လှုပ်ရှားမှုတွေကို လုပ်ဆောင်နေပါတယ်။

တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီဟာ အဲဒီသန်းခေါင်စာရင်းက ရရှိတဲ့အချက်အလက်တွေကို အာဏာတည်မြဲရေးနဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် အသုံးချမှာဖြစ်လို့ တတ်နိုင်သမျှ နည်းလမ်းတွေနဲ့ ဆန့်ကျင်ကြဖို့ တိုက်တွန်းနေကြတာဖြစ်ပါတယ်။

ထားဝယ်ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ Dawei Defense Force (DDT)တပ်ဖွဲ့ကလည်း သန်းခေါင်စာရင်းကောက်ယူပေးမယ့်သူတွေကို ထိထိရောက်ရောက်အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

The Tanintharyi Times