ရေးဘီလူးအဖွဲ့ရဲ့ ပစ်ခတ်မှု‌ကြောင့် ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ဆို

ရေးဘီလူးအဖွဲ့ရဲ့ ပစ်ခတ်မှု‌ကြောင့် ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ဆို

ပုံစာ - ရေးဘီလူးတပ်ဖွဲ့ (ပုံဟောင်း)

ရေးဘီလူးအဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဒုတပ်ရင်းမှူးနဲ့ တပ်သား ၂ ဦး တို့ သေဆုံးခဲ့တယ်လို့ ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း၊ J.O.Cက ထုတ်ပြန်ပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ် အခြေစိုက် ခမရ (၅၉၁) တပ်ရင်းက ဒုတပ်ရင်းမှူးဟာ ဒီနေ့နေ့လယ်ပိုင်း တပ်ရင်းအပြင်ထွက်လာချိန် စစ်တပ်ဝင်းနဲ့ ကိုက် ၅၀၀ လောက်အရောက်မှာ ရေးဘီလူးအဖွဲ့က စောင့်ကြိုပြီး ပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။

ဒုတပ်ရင်းမှူးကို ပစ်ခတ်စဉ်မှာ သူနဲ့အတူ ကားတစ်စီးထဲလိုက်ပါလာတဲ့ စစ်ကောင်စီတပ်သား နှစ်ဦးလည်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ရေးဘီလူး အဖွဲ့ဘက်ကတော့ ထိခိုက်မှု မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ပစ်ခတ်တဲ့နေရာဟာ စစ်တပ်ဝင်းနဲ့ ကိုက် ၅၀၀ သာ ကွာဝေးတာကြောင့် လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကိုတော့ သိမ်းယူနိုင်ခြင်း မရှိခဲ့ဘူးလို့ J.O.C ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒုတပ်ရင်းမှူးနဲ့ တပ်သားနှစ်ဦး သေဆုံးတယ်ဆိုတဲ့ အချက်အလက်ကိုတော့ တနင်္သာရီတိုင်းအနေနဲ့ သီးခြား အတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။

ရေးဘီလူးအဖွဲ့ရဲ့ ဒီရက်ပိုင်းအတွင်းထုတ်ပြန်ချက်တွေမှာတော့ ရေးမြို့က သတင်းရဲတပ်ဖွဲ့ တာဝန်ခံ ရဲအုပ် မြင့်လွင်၊ စစ်ကောင်စီပိုင် မြဝတီဘဏ်နဲ့ ခမရ (၅၉၁)ဒုတပ်ရင်းမှူးတို့ကို ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ရေးမြို့နယ် အခြေစိုက် ခမရ (၅၈၇)နဲ့ ခမရ (၅၈၈) တပ်ရင်းတို့ကို KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တို့ ပြီးခဲ့တဲ့ရက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း J.O.C က ထုတ်ပြန်ထားပါတယ်။

ရေးဘီလူးအဖွဲ့ဟာ ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း၊ J.O.C လက်အောက်က အဖွဲ့တစ်ခုဖြစ်တယ်လို့ အဆိုပါ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

The Tanintharyi Times