မြန်မာကျပ်ငွေတစ်သိန်း ကို ထိုင်းဘတ် ၇၀၀ အောက်ရောက်

မြန်မာကျပ်ငွေတစ်သိန်း ကို ထိုင်းဘတ် ၇၀၀ အောက်ရောက်

မြန်မာကျပ်ငွေ တန်ဖိုးဆက်တိုက်ကျဆင်းလာတာကြောင့် မြန်မာကျပ်ငွေ တစ်သိန်းကို ထိုင်းဘတ် ၇၀၀ အောက်ရောက်ရှိပြီသွားပြီလို့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေသူတွေဆီက စုံစမ်းသိရှိရပါတယ်။

အဲ့ဒီ ဂယက်ကြောင့် ထိုင်း-မြန်မာ ငွေလဲ၊ ငွေထုတ်လုပ်ငန်း လုပ်ကိုင်နေသူအချို့ ငွေကြေးလဲလှယ်ရေး လုပ်ငန်းတွေ ခေတ္တရပ်နားထားတယ်လို့ ငွေလဲလုပ်ငန်းရှင်တစ်ဦးက Connect Burma ကိုပြောပါတယ်။

ပြည်တွင်းဘဏ်တွေရဲ့ ငွေသွင်းငွေထုတ်ကိစ္စတွေ လှုပ်လှုပ်ခတ်ခတ်ဖြစ်လာလို့ ဒီတစ်လအတွင်း ဘတ်ငွေအတက်ဘက်ကို ဆက်တိုက်ရောက်လာတာလို့လည်းဆိုပါတယ်။

“အခုလောလောဆယ် မြန်မာငွေ တသိန်းကို ထိုင်းဘတ်က ၆၉၅ ဘတ်လောက်ပဲ ရှိတော့တာ။ ဒါကတော့ နယ်စပ် ပေါက်ဈေးပေါ့။ အခု ငွေလဲတာတွေရပ်နားလိုက်ပြီ။ ငုတ်တုတ်မေ့တယ်၊ ငုတ်တုတ်မွဲတယ်ဆိုတာ ဒါမျိုးကိုခေါ်တာ။ ဘ၀တွေတော့ သွားပြီ” လို့ ငွေလဲလုပ်ကိုင်နေသူတစ်ဦးက Connect Burma ကိုပြောပါတယ်။

ထိုင်းဘတ်ဈေးက ဇူလိုင်ပထမ အပတ်မှာ ထိုင်းငွေ ၁ ဘတ်ကို ၁၂၇ ကျပ် ဝန်းကျင်သာရှိခဲ့ပေမယ့် ဒီနေ့ နေ့လယ်ပိုင်းမှာတော့ ၁ ဘတ်ကို ၁၄၆ ကျပ်အထိ ဈေးတက်လာတာကြောင့် ကျပ်တစ်သိန်းကို ဘတ် ၇၀၀ ဝန်းကျင်သာ ရတော့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၈ ရက်မှာ တလအတွင်း အမြင့်ဆုံးနှုန်းရောက်ခဲ့တဲ့ ထိုင်းဘတ် စျေးဟာ ဒေါ်လာနဲ့ ငွေလဲနှုန်းမှာ တဒေါ်လာကို ၃၆ ဒသမ ၁ ဘတ်အထိ ကာလတို တန်ဖိုးတက်နိုင်တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြခဲ့ပါတယ်။

အာရှငွေကြေးတွေ စျေးမာလာမှုမှာ ဘတ်စျေးကလည်း အဓိကဦးဆောင်နေပြီး ဇူလိုင် ၈ ရက် မနက်ပိုင်းမှာ တဒေါ်လာကို ၃၆ ဒသမ ၄ ဘတ်နဲ့ ရောင်း ဝယ်ခဲ့ကြပါတယ်။

စစ်အာဏာမသိမ်းမီ ဇန်နဝါရီလအတွင်းက ထိုင်းမြန်မာငွေလဲနှုန်းအနေနဲ့ ထိုင်း ၁ ဘတ် မြန်မာကျပ်ငွေ ၄၅-၄၆ ဝန်းကျင်ရှိခဲ့ရာမှ ယနေ့မှာ ထိုင်းမြန်မာနယ်စပ်မြို့များ အားလုံးတွင် မြန်မာကျပ်ငွေ အနိမ့်ဆုံးကိုသိသိသာသာ ထိုးကျသွားတာဖြစ်ပါတယ်။

အာဏာသိမ်းပြီးကတည်းက ကျပ်ငွေတန်ဖိုး ကျဆင်းတာ၊ ငွေကြေးမူဝါဒ အမှားတွေကြောင့် ဒေါ်လာဈေးနဲ့ ရွှေဈေး တရိပ်ရိပ်တက်လာခဲ့တာဖြစ်ပါတယ်။

ဒါ့ပြင် ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်က ဝန်ထမ်းတွေကို ကျပ်ငွေ ၃၀,၀၀၀ ထပ်ဆောင်းခံစားခွင့် ပေးမယ်ဆိုပြီး စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ကလည်း ဒေါ်လာဈေးတွေကို ပိုမိုမြင့်တက်သွားစေခဲ့ပါတယ်။

Connect Burma

The Tanintharyi Times