အမှောင်ထဲမှ မင်းသားများ ၁၉၉၀ (ခက်ဇော်)

အမှောင်ထဲမှ မင်းသားများ ၁၉၉၀ (ခက်ဇော်)

၁၉၈၉ ခုနှစ်-

လူသတ်မှုတစ်ခုကြောင့် အင်းစိန်ထောင်ထဲ ရောက်ခဲ့ရသူ “ဗေဒါ” ဆိုတဲ့ လူငယ်လေးတစ်ယောက်။

ထောင်ထဲမှာ လေးနှစ်ကြာ စံမြန်းပြီးနောက် လွတ်ရက်စေ့လို့ လွတ်လာချိန်မှာတော့ သူ့ကိုကြိုဆိုနေမယ့် မိဘနှစ်ပါးလုံး မရှိကြတော့။ သူထောင်ကျနေစဉ်မှာပဲ ဆုံးပါးသွားကြပြီ။

မိဘတွေချန်ထားခဲ့တဲ့ အမွေတွေကို သုံးဖြုန်းလို့ ကုန်သွားပြီးနောက်မှာ ထောင်ထဲမှာ ရင်းနှီးခဲ့သူတစ်ယောက်က ပေးထားတဲ့ “အမှောင်ထဲက မင်းသားတစ်ယောက်ပါ” ဆိုတဲ့ စကားဝှက်နဲ့ “လော” မိသားစုဆီမှာ အလုပ်ဝင်လုပ်ခဲ့ရတယ်။

“လော” မိသားစုဆိုတာ ဘယ်သူတွေလဲ။ ဘာတွေလုပ်ကြသလဲ။ “ဗေဒါ” က “လော” မိသားစုအတွက် ဘယ်လိုအလုပ်မျိုးကို လုပ်ပေးရမှာလဲ။

လောမိသားစုရဲ့ ဖခင်ကြီးဟာ မူးယစ်ဆေးကုန်သည် ကိုးကန့်ဒေသက ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်တစ်ဦး။ စစ်အစိုးရနဲ့ ဝ၊ ကိုးကန့် စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ငြိမ်းချမ်းရေးရယူချိန်မှာ လောမိသားစုက အဓိကနေရာကနေ နဝတအစိုးရကို အကူအညီတွေ ပေးခဲ့တယ်။ အပြန်အလှန်အနေနဲ့ စစ်အစိုးရက လောမိသားစုကို မြန်မာပြည်အနှံ့အပြားမှာ တရားဝင်တာရော၊ တရားမဝင်တာရော လုပ်ငန်းအမျိုးမျိုး လုပ်ကိုင်ခွင့်တွေ ပေးခဲ့တယ်။

“ဗေဒါ” အလုပ်ဝင်ချိန်မှာ လောမိသားစုရဲ့ စီးပွားရေးအင်ပါယာဟာ အထွန့်အထိပ်ကို ရောက်နေတဲ့အချိန်။ “ဗေဒါ” အဓိက လုပ်ပေးရတဲ့အလုပ်က ဘိန်းဖြူတွေကို ဖြန့်ဖြူးရောင်းချတာ၊ လွှဲပြောင်းပို့ဆောင်တာ။ လက်နက်၊ ကျောက်စိမ်း၊ ကျွန်းသစ် မှောင်ခိုတင်ပို့ရောင်းချတာ စတဲ့ တရားမဝင်လုပ်ငန်းမျိုးစုံအပြင် လောမိသားစုကို တိုက်ခိုက်ဖြိုဖျက်ဖို့ ကြိုးစားလာတဲ့ ရန်သူတွေကို အစဖျောက်ခြေမှုန်းပေးရတဲ့ အလုပ်မျိုးလည်း အခါသင့်ရင်သင့်သလို လုပ်ပေးရတယ်။

မူးယစ်ဆေးတွေ တင်ပို့ဖြန့်ဝေတဲ့အခါ နဝတ စစ်အစိုးရရဲ့ စစ်ထောက်လှမ်းရေးအဖွဲ့နဲ့ ပလဲနံသင့် ပူးပေါင်းရတာမျိုးလည်း ရှိသလို ဗိုလ်မှူး၊ ဗိုလ်ချုပ်၊ ဝန်ကြီး စတဲ့ ရာထူးရာခံကြီးမားသူတွေနဲ့ ဝေစားမျှစား လုပ်ရတာမျိုးလည်း ရှိတယ်။

မြန်မာ့တပ်မတော်လို့ အမည်ခံထားတဲ့ မိစ္ဆာတပ်ကြီးဟာ မူးယစ်ဆေးဝါး အမျိုးမျိုးနဲ့ မကောင်းမှုလုပ်ငန်းမျိုးစုံလုပ်ရင်း သူတို့အကျိုးစီးပွားအတွက် တိုင်းပြည်က သယံဇာတတွေကို အညှာအတာမရှိ ရောင်းစားနေကြတယ်။ ဒါကိုအကွက်မြင်တဲ့ လောမိသားစုဟာ သူတို့စီးပွားရေးလုပ်ငန်းအတွက် စစ်တပ်က အရာရှိ အရာခံတွေနဲ့ နည်းမျိုးစုံပေါင်းပြီး မူးယစ်မှောင်ခိုလောကကို စိတ်ထင်တိုင်း ခြယ်လှယ်နိုင်ခဲ့ကြတယ်။

ချမ်းသာသထက် ချမ်းသာလာတဲ့အခါ ငွေမဲတွေကို ငွေဖြူလုပ်ဖို့အတွက် သူတို့ရဲ့တရားဝင်စီးပွားရေးလုပ်ငန်းတွေကိုလည်း အရှေ့တောင်အာရှရဲ့ နိုင်ငံအတော်များများမှာ ဖြန့်ကျက်လုပ်ကိုင်ခဲ့တယ်။ တရားဝင်လုပ်ငန်းတွေ ထူထောင်ထားကြပေမယ့် အဓိကအရင်းအမြစ်ကတော့ ဘိန်းကုန်ကူးတဲ့ အလုပ်ပါပဲ။

လောမိသားစုနဲ့အတူ မူးယစ်မှောင်ခိုလောကထဲကို ရောက်လာတဲ့ “ဗေဒါ” တစ်ယောက် လောမိသားစုရဲ့ သစ္စာခံ အလုပ်အကျွေးပြုရသူ မိန်းကလေးတစ်ယောက်နဲ့ ငြိစွန်းခဲ့ကြတယ်။ သူ့နာမည်က “ဂျာနူး” တဲ့။ ဂျာနူးဟာ တပ်မှူးလောရဲ့ မွေးစားသမီးအဖြစ် လောမိသားစုအပေါ်မှာ သစ္စာရှိဖို့ အသွန်သင်ခံထားရသူလေး။ လောမိသားစုရဲ့ စီးပွားရေးကဏ္ဍမျိုးစုံမှာ အဓိကလုပ်ဆောင်ပေးရသူတစ်ဦး။

လောမိသားစုရဲ့ အတွင်းကျကျ လူယုံတစ်ယောက်အနေနဲ့ ရှိနေပေမယ့် အချိန်တန်ရင် ထိုးကျွေးခံရမယ့် အခြေအနေမျိုး ရောက်လာမယ်ဆိုတာ သိထားတဲ့ “ဂျာနူး”။ ဂျာနူးရဲ့ မူလဇစ်မြစ်က ဘာလဲ၊ ဘယ်ကလဲ။

မာလိပါးလို့ခေါ်တဲ့ ကိုးကန့်တောင်တန်းဒေသကို လက်ဖက်စိုက်ခင်းတွေကနေ ဘိန်းစိုက်ခင်းတွေအဖြစ်ပြောင်းဖို့ ကြိုးစားခဲ့တဲ့ တပ်မှူးလော။ ဘိန်းစိုက်ဖို့ ငြင်းဆန်ခဲ့တဲ့ ဂျာနူးဖခင်ကို ရန်ညှိုးဖွဲ့ပြီး သူမမိသားစုဝင်အားလုံးကို ရက်ရက်စက်စက် သတ်ပစ်လိုက်တဲ့ တပ်မှူးလော။ ဂျာနူးကိုမွေးစားပြီး “မိသားစုဆိုတာ ကိုယ့်အသက်သေသည်အထိ သစ္စာရှိသွားရမယ့် တခုတည်းသော နေရာပဲ” လို့ ဆုံးမတတ်သူ တပ်မှူးလော။

ဂျာနူးဟာ တပ်မှူးလောရဲ့ အဆုံးအမအတိုင်းပဲ သူ့မိသားစုကို သတ်ပစ်ခဲ့တဲ့ လောမိသားစုရဲ့ မူးယစ်မှောင်ခိုလု်ပငန်းကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် တိုက်ချဖြိုလှဲပစ်နိုင်ခဲ့တယ်။

ဂျာနူးလို နုနယ်တဲ့ မိန်းမသားတစ်ယောက်ကတောင် သူ့ရှေ့မှာ ကာဆီးထားတဲ့ မကောင်းမှုနံရံကြီးကို တိုက်ဖျက်ပြီး ရုန်းထွက်နိုင်သေးရင် “ဗေဒါ” ကရော ဒီမကောင်းမှု ဝဲဂယက်ကနေ ဘာလို့ မရုန်းထွက်နိုင်ရမှာလဲ။

လောမိသားစုအနေနဲ့ သူတို့ရဲ့ အတွင်းရေးကို သိထားသူတွေအတွက် သူတို့နဲ့ လမ်းခွဲမယ်ဆိုတာ ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ အတူတူပါပဲ။ အမှောင်လောကထဲက ရုန်းထွက်ဖို့ ကြိုးစားတဲ့ ဗေဒါတစ်ယောက် လောမိသားစုစက်ကွင်းကနေ ရုန်းထွက်နိုင်ဖို့ ဘယ်လို ကြိုးစားရသလဲ။ အသက်အန္တရာယ်ကနေ လွတ်အောင် ဘယ်လိုဖြတ်ကျော်ခဲ့ရသလဲ။

အချစ် အလွမ်း အဆွေး တွေကြားထဲမှာ သဲထိတ်ရင်ဖို ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ဖတ်ရမှာကတော့ ဆရာ “ခက်ဇော်” ရဲ့ “အမှောင်ထဲမှ မင်းသားများ ၁၉၉၀” ဆိုတဲ့ ဝတ္ထုလေးပဲ ဖြစ်ပါတယ်။

ပေါ့ပါးသွက်လက်ပြီး ဆွဲဆောင်အားကောင်းတဲ့ အရေးအသား။ ခိုင်မာအားကောင်းတဲ့ ဇာတ်လမ်းနောက်ခံ အကြောင်းအရာ။ အလှည့်အပြောင်း အကွေ့အဝိုက်တွေနဲ့ သိချင်စိတ်ကို နှိုးဆွပေးနိုင်တဲ့ ဝတ္ထုကောင်းတစ်ပုဒ်။

ဒီဝတ္ထုလေးမှာ ၁၉၆၀ ကာလကနေ ၁၉၉၀ ကျော်ကာလအထိ ဖြစ်ပျက်ခဲ့တဲ့ လူသိနည်းတဲ့ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကိုလည်း ဝေဝေဆာဆာ ထည့်သွင်းထားတာ တွေ့ရမှာပါ။ အထူးသဖြင့် ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံကို ရောင်းစားခဲ့တဲ့ စစ်အာဏာရှင်တို့ရဲ့ လုပ်ရပ်တွေကို ဖွင့်ချထားတဲ့ ဝတ္ထုတစ်ပုဒ်လို့ ဆိုရင်လည်း မမှားပါဘူး။

အမှောင်ထဲမှ မင်းသားများ ၁၉၉၀ “Princes in the Darkness 1990s” ဝတ္ထုကို “The Guys of Yangon, 1930” ဖေ့ဘွတ်စာမျက်နှာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ စာအုပ်အဖြစ် ထုတ်ဝေဖြန့်ချီတာတော့ မကြားမိသေးပါဘူး။ စာအုပ်အနေနဲ့ ဝယ်ဖတ်တာကတော့ အကောင်းဆုံးပါပဲ။

ခံစားမှု ရသပေါင်းစုံနဲ့အတူ သမိုင်းစာအုပ်တွေမှာ မတွေ့မြင်ရတဲ့ မြန်မာ့စစ်အာဏာရှင်တွေရဲ့ ကောက်ကျစ်ယုတ်မာမှုတွေ၊ မူးယစ်မှောင်ခိုလောကနဲ့ ဘိန်းဘုရင်တွေအကြောင်းကိုကွက်ကွက်ကွင်းကွင်း ဖော်ပြထားတာမို့ ဖတ်ရှုသင့်တဲ့ ဝတ္ထုကောင်းတစ်ပုဒ်အဖြစ် ညွှန်းဆိုပါရစေရှင်။

ငြိမ်းပန်

The Tanintharyi Times