PDF တပ်ဖွဲ့ဝင်က KNDO တပ်ဖွဲ့ဝင်ကို ပစ်သတ်ခဲ့မှု နောက်ကွယ်
PDF တပ်ဖွဲ့ဝင်က KNDO တပ်ဖွဲ့ဝင်ကို ပစ်သတ်ခဲ့မှု နောက်ကွယ်

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ရဲ့တပ်ဖွဲ့ဝင်တစ်ဦးကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။
တပ်ဖွဲ့ဝင်သတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ တပ်မဟာ (၄) KNDO၊ တပ်ရင်း (၇)က မှန်ကန်တဲ့ဖြေရှင်းချက်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံတပ်ရင်းဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းကို ထုတ်ပြန်ချက်ထုတ်ပြီးတောင်းဆိုထားပါတယ်။
ထုတ်ပြန်ချက်မှာ KNDO တပ်ဖွဲ့ဝင်ကို သတ်ဖြတ်ခဲ့တာနဲ့ပတ်သတ်ပြီး တုန်လှုခြောက်ခြားမိတဲ့အကြောင်းရေးသားထားပြီး မှန်ကန်တဲ့ဖြေရှင်းချက်မပေးဘူးဆိုရင် ပြင်းထန်တဲ့ လက်တုံ့ပြန်ခြင်းနဲ့ ဆိုးဝါးတဲ့အကျိုးဆက်ကို ကြုံတွေ့ရမယ်လို့ ဖော်ပြထားပါတယ်။
အသတ်ခံရသူဘယ်သူလဲ
သတ်ခံရသူဟာ အသက် ၅၄ နှစ်အရွယ် ဦးမောင်နိုင်ဆိုသူဖြစ်ပြီး တော်လှန်ရေးကို အားသွန်ခွန်စိုက်လုပ်ဆောင်ဖို့အတွက် ၂၀၂၃ ခုနှစ်မှာ၊ ဒီဇင်ဘာလမှာ နယ်သာလန်နိုင်ငံကနေ မြိတ်ခရိုင်၊ ပုလောမြို့နယ်သို့ ပြန်လာတဲ့သူဖြစ်တယ်လို့ KNDO က ထုတ်ပြန်ထားပါတယ်။
ဦးမောင်နိုင်ဟာ လက်နက်ကိုင်တပ်ဖွဲ့တွေအတွက်လိုအပ်ချက်တွေကို အစွမ်းရှိသမျှဆောင်ရွက်ပေးနေတဲ့သူဖြစ်တယ်လို့လည်း KNDO ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဦးမောင်နိုင်ဟာ ပုလောမြို့နယ်ထဲက ရွာတစ်ရွာမှာရှိတဲ့ KNDO စစ်ဆေးရေးဂိတ်ရဲ့ ဂိတ်တာဝန်ခံဖြစ်တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရသိရပါတယ်။
ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ အမှတ် (၇) တပ်ရင်းဟာ KNU လက်အောက်ခံတပ်ရင်းတစ်ခုဖြစ်ပြီး တပ်မဟာ (၄) ထိန်းချုပ်နယ်မြေထဲက ပုလောမြို့နယ်မှာ အဓိက အခြေစိုက်ပါတယ်။
ဘယ်သူတွေက ဘာကြောင့်သတ်ခဲ့တာလဲ
KNDO ရဲ့ ထုတ်ပြန်ချက်မှာ ဦးမောင်နိုင်ကို မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း၊ တပ်ခွဲ (၁) ရဲ့ တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။
ဦးမောင်နိုင်ဟာ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) တပ်ရင်းက တပ်ဖွဲ့ဝင်တစ်ဦးရဲ့ အစ်မဖြစ်သူကို အဓမ္မကျင့်ခဲ့လို့ မောင်ဖြစ်သူက သတ်ခဲ့တာဖြစ်တယ်လို့ အဓမ္မကျင့်ခံခဲ့ရတယ်ဆိုတဲ့ အမျိုးသမီးနဲ့ဆွေမျိုးတော်စပ်သူက ပြောပါတယ်။
“ဖျက်ဆီးလိုက်တဲ့သတင်းကတော့ အမှန်တကယ်ပါ။ သူ့မှာဒဏ်ရာဒဏ်ချက်တွေလည်းသက်သေ ရှိပါတယ်။ သူ့မောင်ငယ်ကလည်း မခံမရပ်နိုင်ဖြစ်လွန်းပြီး လုပ်လိုက်သလိုဖြစ်သွားတာပါ။” လို့ အဓမ္မပြုကျင့်ခံရတယ်ဆိုတဲ့ အမျိုးသမီးရဲ့ ဆွေမျိုးတော်စပ်သူက ဆိုပါတယ်။
အခုလ ၂၄ ရက်၊ နေ့လယ် ၁၂ နာရီမှာ PDF တပ်ဖွဲ့ဝင်ရဲ့အစ်မဖြစ်သူကို စစ်ကောင်စီတပ်နဲ့ဆက်သွယ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဦးမောင်နိုင်နဲ့ အမျိုးသားနှစ်ဦးက လာရောက်ဖမ်းခေါ်သွားတယ်လို့ ဆွေမျိုးတော်စပ်သူရဲ့ ပြောပြချက်အရ သိရပါတယ်။
အဖမ်းခေါ်ခံရတဲ့ အမျိုးသမီးကို ၂၄ ရက်၊ ည ၁၂ နာရီမှာတစ်ကြိမ်နဲ့ ၂၅ ရက်၊ မနက် ၃ နာရီမှာတစ်ကြိမ် အဓမ္မကျင့်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့ မနက်အစောပိုင်းမှာ ဦးမောင်နိုင်ရဲ့တပည့်ဖြစ်တဲ့ ဦးလယ်ဖက်ဆိုသူက အဲဒီအမျိုးသမီးဖမ်းဆီးခံထားရတဲ့တဲဆီရောက်လာပြီး ငွေငါးသောင်းကျပ်ပေးကာ သူမ နေထိုင်တဲ့ ခြံထဲကို ပို့ပေးခဲ့တယ်လို့ သိရပါတယ်။
ဦးမောင်နိုင်ဘယ်လို အသတ်ခံခဲ့ရလဲ
အခုလ ၂၅ ရက်နေ့မှာ ဦးမောင်နိုင်ကို ပုလော PDF တပ်ဖွဲ့ဝင်တွေက ကိစ္စရှိတယ်လို့ လာရောက်ခေါ်ဆောင်သွားပြီးသတ်ဖြတ်ခဲ့တယ်လို့ KNDO ရဲ့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။
ဒါပေမယ့် တစ်ဘက်ကတော့ PDF တပ်ဖွဲ့ဝင်တွေနဲ့ ဦးမောင်နိုင်ဟာ လမ်းမှာတွေ့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဓမ္မကျင့်ခံရတဲ့ အမျိုးသမီးရဲ့မောင်ဖြစ်သူ အပါအဝင် PDF တပ်ဖွဲ့ဝင်နှစ်ဦးဟာ လမ်းမှာ ဦးမောင်နိုင်နဲ့တွေ့ခဲ့ပြီး ဦးမောင်နိုင်က ထွက်ပြေးခဲ့တယ်လို့ ဆွေမျိုးတော်စပ်သူက ပြောပါတယ်။
မပြေးဖို့ပြောပေမယ့် ထွက်ပြးနေလို့ သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးချိန်မှာ ဦးမောင်နိုင်ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ သူက ဆိုပါတယ်။
နောက်ဆက်တွဲအခြေအနေ
လူသတ်မှုကျူးလွန်ခဲ့တဲ့ PDF တပ်ဖွဲ့ဝင်ကို သက်ဆိုင်ရာအဖွဲ့အစည်းတွေဘက်က ဥပဒေအတိုင်းအရေးယူမှာကို မကန့်ကွက်သလို အဓမ္မပြုကျင့်ခဲ့တဲ့ ဦးမောင်နိုင်ရဲ့ပြစ်မှုကိုလည်း အမှန်အတိုင်းဖြစ်စေချင်တယ်လို့ ကျူးလွန်ခံရသူနဲ့ဆွေမျိုးတော်စပ်သူက ပြောပါတယ်။
ဖြစ်စဥ်နဲ့ပတ်သက်ပြီး KNDO တပ်ရင်း (၇) ရဲ့ တပ်ရင်းမှူး ဗိုလ်မှူးကြီးကျော်ထွန်းကို ဆက်သွယ်မေးမြန်းချိန်မှာတော့ ဦးမောင်နိုင်သေဆုံးသွားပြီဖြစ်တဲ့အတွက် ပြစ်မှုရှိ၊ မရှိ ကို မေးမြန်းလို့မရတော့ဘူးလို့ ဆိုပါတယ်။
“ရဲဘော်တစ်ယောက်က ပြစ်မှုရှိရင် သက်ဆိုင်ရာကိုတင်ပြရမယ်လေ။ အမေးမရှိ ပစ်သတ်တာကို အဖွဲ့အစည်းနဲ့ စော်ကားမှုဖြစ်တယ်ဗျ။ MOD၊ NUG၊ KNU လူကြီးအချင်းချင်းစားပွဲပေါ်မှာရှင်းမယ်။ သူလုပ်တာသူတို့အပြစ်ခံရမှာပေါ့။” လို့ ဗိုလ်မှူးကြီးကျော်ထွန်း က ပြောပါတယ်။
လက်ရှိမှာတော့ ဦးမောင်နိုင်ကို သတ်ခဲ့တဲ့ PDF တပ်ဖွဲ့ဝင်နှစ်ဦးစလုံးကို မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းမှာ ထိန်းသိမ်းစစ်ဆေးနေပြီး သူတို့ကိုယ်တိုင်လည်း ပြစ်မှုဝန်ခံထားတယ်လို့ ဒေသတွင်းတော်လှန်ရေးရဲဘော်တွေဆီက သိရပါတယ်။
“လက်ရှိကတော့ ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေဆဲပါခင်ဗျ။ နှစ်ဖက်တာဝန်ရှိသူတွေ ညှိနှိုင်းဆောင်ရွက်နေပါတယ် ခင်ဗျ။” လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောပါတယ်။
အခုနှစ် အစောပိုင်းကလည်း ပုလောမြို့နယ်၊ လက္ကူးရွာခံအမျိုးသမီးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ယောင်ဆောင်ထားတဲ့အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်တဲ့ဖြစ်စဉ် ရှိခဲ့ဖူးပါတယ်။
The Tanintharyi Times