အာဏာသိမ်းကာလအတွင်း စစ်ကောင်စီစစ်စခန်း ၁၄၀ နီးပါး KNLA သိမ်းပိုက်

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီစစ်စခန်း ၁၄၀ နီးပါး KNLA သိမ်းပိုက်

အာဏာသိမ်းကာလ လေးနှစ်နီးပါးအတွင်း စစ်ကောင်စီစစ်ခန်းပေါင်း ၁၃၈ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတပ်တို့က သိမ်းပိုက်နိုင်ခဲ့ကြောင်း Karen Peace Support Network က ထုတ်ပြန်ပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း ၄၂ လအတွင်း စစ်ကောင်စီစခန်း ၁၃၈ ခု သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး ၂၀၂၃ ဩဂုတ်ကနေ ၂၀၂၄ ဇူလိုင်လအထိ အချိန်တစ်နှစ်အတွင်းမှာပင် စစ်ကောင်စီစစ်စခန်း ၇၀ အထိ KNLA က သိမ်းယူနိုင်ခဲ့တာလို့ KPSN ရဲ့ “တို့ပိုင်သည့်မြေ တို့အုပ်ချုပ်မည်” အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သထုံ၊ တောင်ငူ၊ ညောင်လေးပင်၊ တနင်္သာရီ၊ ဖာပွန်၊ ဒူပလာယာ၊ ဖားအံ စတဲ့ KNLA နဲ့ မဟာမိတ်တပ်ဖွဲ့တို့ရဲ့ စစ်ရေးနယ်မြေတွေမှာ စစ်ကောင်စီစစ်စခန်းတွေကို သိမ်းပိုက်ရရှိတာနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားတဲ့ စစ်စခန်းတွေ အခုနှစ်ထဲမှာ ပိုများလာနေတယ်လို့ အစီရင်ခံစာက ဖော်ပြနေပါတယ်။

မကြာမီကာလက သိမ်းပိုက်ရရှိထားတဲ့ စခန်းတွေထဲက သုံးပုံတစ်ပုံဟာ ထိုင်းနယ်စပ် သံလွင်မြစ်ကြောင်းတစ်ခုလုံးနီးပါး အပါအဝင် အများစုက အာရှလမ်းမကြီးနဲ့ ထိုင်းနယ်စပ်ကို ဆက်သွယ်ထားတဲ့ အခြားလမ်းပိုင်းပေါ်မှာ တည်ရှိနေတာ ဖြစ်ပြီး ဖာပွန်ခရိုင်နဲ့ ဒူပလာခရိုင်က စခန်း ၁၆ ခု၊ မြိတ်-ထားဝယ်ခရိုင်က စခန်း ၁၁ ခု အခုနှစ်အတွင်း သိမ်းယူလိုက်နိုင်တာက KNU စစ်ရေးလှုပ်ရှားမှု သိသိသာသာတိုးတက်လာတယ်လို့ အစီရင်ခံစာက ထောက်ပြပါတယ်။

စစ်တောင်းမြစ်ဝှမ်းရဲ့ အရှေ့ဘက်အစွန်းရှိ တောင်တွေပေါ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ နယ်မြေ ထိန်းချုပ်မှု အသားစီးရလာတာနဲ့အမျှ နေပြည်တော်နဲ့ ရန်ကုန်အကြား စစ်အုပ်စုရဲ့ ဗဟိုဆက်သွယ်ရေး လမ်းကြောင်းကို ခြိမ်းခြောက်မှု မြင့်တက်လာတယ်လို့လည်း KPSN အဖွဲ့က သုံးသပ်ထားပါတယ်။

KNLA က စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်ရရှိနေတာနဲ့အတူ တဖက်မှာလည်း အခုအစီရင်ခံစာပါ ခရိုင် ၇ ခု နေရာရှိ ပြည်သူပေါင်း တစ်သန်းကျော်တို့ဟာ စစ်ရှောင်နေရပြီး အခု ၂၀၂၄ ထဲမှာပင် စစ်ရှောင်အရေအတွက်ဟာ ၇၅၀,၀၀၀ ကျော် ရှိလာခဲ့ပါတယ်။

အဆိုပါ စစ်ရှောင်လူဦးရေ တစ်သန်းကျော်ကို ၆ လစာ ဆန်ထောက်ပံ့ပေးနိုင်ဖို့ အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၁၄ သန်း လိုအပ်နေပြီး လက်ရှိမှာတော့ ကရင်အဖွဲ့အစည်းတွေက လူတစ်ဦးချင်းကို ၃ လအထိသာ လုံလောက်တဲ့ စားနပ်ရိက္ခာတွေ ပေးနိုင်တော့မယ်လို့ KPSN အဖွဲ့က ပြောဆိုပါတယ်။

KNLA နဲ့ မဟာမိတ်တပ်တွေဟာ အရှေ့ဘက်တောင်တန်းဒေသကို တိုးချဲ့လာတာနဲ့အမျှ စစ်တောင်းမြစ်ဝှမ်း၊ နေပြည်တော်စစ်ဌာနချုပ်နဲ့ ပိုနီးကပ်တဲ့ ညောင်လေးပင်နဲ့ တောင်ငူမြို့နယ်တို့မှာ စစ်ဘေးရှောင် အများဆုံးနေရာတွေ ဖြစ်လာပြီး မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်တို့မှာလည်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် စစ်ဘေးရှောင်ဦးရေ ပိုများလာတယ်လို့ သိရပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ရေးလှုပ်ရှားနေတဲ့ အဆိုပါ နယ်မြေ ၇ နေရာမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲမှု၊ လက်နက်ကြီး ပစ်ခတ်မှု အကြိမ်ပေါင်း ၂၅၀၀ ကျော် ပြုလုပ်ခဲ့ကာ ပြည်သူ ၁၂၀၀ နီးပါး သေဆုံးခဲ့ရပြီး စာသင်ကျောင်း၊ ဆေးရုံ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း စုစုပေါင်း ၃၀ ကျော် ပျက်စီးခဲ့ရကြောင်း Karen Peace Support Network ရဲ့ “တို့ပိုင်သည့်မြေ တို့အုပ်ချုပ်မည်” အစီရင်ခံစာအရ သိရပါတယ်။

The Tanintharyi Times