တနင်္သာရီမှာ အမျိုးသမီးတစ်ဦးမိုင်းနင်းမိပြီးခြေတစ်ဖက်ဆုံးရှုံး
တနင်္သာရီမှာ အမျိုးသမီးတစ်ဦးမိုင်းနင်းမိပြီးခြေတစ်ဖက်ဆုံးရှုံး

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာ၊ ကားလမ်းအနီးမှာ ဈေးလာဝယ်တဲ့ ဒေသခံအမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံးခဲ့တယ်လို့ ကမ်းတိုရွာဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်က ကမ်းတိုရွာဟောင်းကနေ ရမ်းဖိုရွာ ကားလမ်းအနီးမှာ ဈေးလာဝယ်ပြီး အပြန်မှာ ခြေနင်းမိုင်းနင်းမိခဲ့တာဖြစ်တယ်လို့ ကမ်းတိုရွာဒေသခံတွေက ဆိုပါတယ်။
ခြေနင်းမိုင်းနင်းမိခဲ့သူကတော့ ကမ်းတိုရွာခံ အသက် ၂၇ နှစ် အရွယ် မသန္တာဦးဆိုသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခြေနင်းမိုင်းနင်းမိခဲ့တဲ့ မသန္တာဦးအပါအဝင် ကမ်းတိုရွာဒေသခံ ၇ ဦး ခြေလျင်ဈေးလာဝယ်ကြတာဖြစ်ပြီး ကျန်သူတွေကတော့ ထိခိုက်မှုမရှိကြဘူးလို့ ဆိုပါတယ်။
“ အားလုံးလမ်းလျှောက်ပြီး ပြန်လာကြတာ သူကနောက်ဆုံးပဲလို့ အတူသွားတဲ့သူတွေဆီကသိရတယ်။ အရှေ့လူတွေမနင်းမိဘဲ သူ့မှာသွားထိတာ” လို့ အသက် ၃၀ ဝန်းကျင်အရွယ် ကမ်းတိုရွာခံ အမျိုးသားက ပြောပါတယ်။
ခြေနင်းမိုင်းနင်းမိတာကြောင့် မသန္တာဦးရဲ့ ဘယ်ဖက်ခြေဖမိုးတစ်ခုလုံး ကြေမွသွားခဲ့ပြီး မြိတ်မြို့ဆေးရုံကြီးကို ပို့ဆောင်လိုက်ရတယ်လို့ ကမ်းတိုရွာဒေသခံတွေကဆိုပါတယ်။
မိုင်းနင်းမှုဖြစ်ပွားခဲ့တဲ့ ရမ်းဖိုရွာဟာ ဘန်းလမွတ်ကျေးရွာအုပ်စုကဖြစ်ပြီး အခုလထဲ ဘန်းလမွတ်ရွာ အနီးတဝိုက်မှာ ဒေသခံတွေမိုင်းထိတဲ့ ဖြစ်စဥ်နှစ်ခုရှိသေးတယ်လို့ ဘန်းလမွတ်ကျေးရွာအုပ်စုနေ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အခုလ ၃ ရက်နေ့၊ ညနေပိုင်းမှာ ဘန်းလမွတ်ရွာဒေသခံ ဇနီးမောင်နှံနှစ်ဦးတို့ စိုက်ခင်းကနေ ဆိုင်ကယ်နဲ့ အိမ်ပြန်လာချိန် ဘန်းလမွတ်ရွာ ကားလမ်းအနီးမှာ မိုင်းထိခဲ့တယ်လို့ ဘန်းလမွတ်ရွာခံတွေက ဆိုပါတယ်။
အခုလ ၁၆ ရက်နေ့၊ မနက်ပိုင်းကလည်း ဆိုင်ကယ်နဲ့ ဥယျဥ်ခြံထဲသွားတဲ့ အသက် ၃၀ ဝန်းကျင်အရွယ် ဘန်းလမွတ်ရွာခံအမျိုးသား တစ်ဦး မြေမြုပ်မိုင်းထပ်ထိခဲ့တယ်လို့ ပြောပါတယ်။
ဘန်းလမွတ်ရွာက မြေမြုပ်မိုင်းထိတဲ့ ဖြစ်စဥ်တွေမှာတော့ ဆိုင်ကယ်နဲ့သွားတဲ့ဒေသခံတွေ မိုင်းထိတာကြောင့် ဆိုင်ကယ်တွေပဲပျက်စီးသွားခဲ့ပြီး လူတွေထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
ဘန်းလမွတ်ကျေးရွာအုပ်စုနေ ဒေသခံတွေရဲ့ ပြောပြချက်အရတော့ အခုလပိုင်းထဲမှာ စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းတွေက ဘန်းလမွတ်ကျေးရွာအုပ်စုထဲက လမ်းတွေမှာ မြေမြှုပ်မိုင်းနဲ့ ခြေနင်းမိုင်းတွေ ထောင်ထားခဲ့တာလို့ သိရပါတယ်။
တနင်္သာရီတိုင်းမ်ကနေ စုဆောင်းထားတဲ့ အချက်အလက်အရ တိုင်းထဲမှာ ၂၀၂၄ ခုနှစ် ပထမဆယ်လတာအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ ဒရုန်းနဲ့ မြေမြုပ်မိုင်းတွေကြောင့် ဒေသခံအရပ်သား ၄၀ ထက်မနည်း သေဆုံးခဲ့ပြီး ၁၅၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းပိတ်ပင်တားဆီးရေးလှုပ်ရှားမှုအဖွဲ့ (ICBL) ရဲ့ အခုလ ၂၀ ရက်မှာ ထုတ်ပြန်တဲ့ စစ်တမ်းစာစောင်မှာတော့ မြန်မာနိုင်ငံဟာ ဆီးရီးယားကိုကျော်တက်ပြီး မြေမြှုပ်မိုင်းကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူ အများဆုံးနိုင်ငံဖြစ်လာတယ်လို့ ဆိုထားပါတယ်။
The Tanintharyi Times