စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည်စထိမှန်လို့ ရေဖြူက အရပ်သားတစ်ဦးသေဆုံး

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည်စထိမှန်လို့ ရေဖြူက အရပ်သားတစ်ဦးသေဆုံး

ပုံစာ - ညင်းထွေးရွာလမ်းတစ်နေရာ။

ရန်ကုန်-ထားဝယ်ကားလမ်းပေါ်က ရေဖြူမြို့နယ်၊ ညင်းထွေးရွာကို စစ်ကောင်စီတပ် လက်နက်ကြီးပစ်လို့ အရပ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူဟာ အသက် ၄၅ နှစ်ဝန်းကျင်အရွယ် ဦးစုဖြူ ဖြစ်ပြီး ဒီကနေ့မွန်းလွဲပိုင်းမှာ လက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့တာပါ။

“လက်နက်ကြီးက လေးလုံးကျတယ်။ ပထမတစ်လုံးကျတော့ ဆိုင်ထဲကထွက်ကြည့်ကြတာ။ နောက်တစ်လုံးထပ်ပစ်တဲ့အချိန်နဲ့ တိုးပြီး ကျည်စက လည်ပင်းဖောက်ဝင်သွားတယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ညင်းထွေးရွာနဲ့ နှစ်မိုင်ကျော်ဝေးတဲ့ မောင်မယ်ရှောင်ရွာမှာ ဒီကနေ့မနက် ၆ နာရီလောက်ကစပြီး ၁၀ နာရီလောက်ထိ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ပစ်လို့ နှစ်ဖက်ထိတွေ့မှုဖြစ်ခဲ့တယ်လို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ညင်းထွေးရွာဟာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မောင်မယ်ရှောင်ရွာနဲ့ လက်နက်ကြီးပစ်ခတ်ခဲ့တဲ့ အမတ ၃၀၄ တပ် အခြေစိုက်တဲ့ ကျောက်ကညာရွာတို့အကြား တည်ရှိပါတယ်။

မောင်မယ်ရှောင်ရွာတိုက်ပွဲကြောင့် ကားတွေမနက်ပိုင်းတစ်ပိုင်းလုံးပိတ်မိခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ ပြန်ပြီးဖြတ်သန်းခွင့်ပေးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခုလ ဒုတိယအပတ်ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်လို့ မြိတ်မြို့နယ်၊ ကျွဲကူးရွာခံ အသက် ၆ နှစ်အရွယ် ကလေးမငယ်တစ်ဦးသေဆုံးခဲ့ရပြီး သူမရဲ့မိခင်လည်း ဆေးကုသမှုခံယူနေရပါတယ်။

The Tanintharyi Times