PV ကနေ PJ နိုင်ငံကူးလက်မှတ် ပြောင်းလဲလျှောက်ထားနိုင်တယ်လို့ စစ်ကောင်စီပြော

PV ကနေ PJ နိုင်ငံကူးလက်မှတ် ပြောင်းလဲလျှောက်ထားနိုင်တယ်လို့ စစ်ကောင်စီပြော

သက်တမ်းကျန်ရှိနေသေးတဲ့ PV ( Passport for Visit)အလည်အပတ် နိုင်ငံကူးလက်မှတ်တွေ ကို PJ (Passport for Job) အလုပ်အကိုင် နိုင်ငံကူး လက်မှတ်များအဖြစ် ပြောင်းလဲလျှောက်ထားတာကို အောက်တိုဘာလ ၂၈ ရက်နေ့မှစပြီး လက်ခံဆောင် ရွက်ပေးသွားဖို့ရှိတယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကဖော်ပြလာပါတယ်။

ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်သူတွေများလာတဲ့အတွက် လေဆိပ်အထွက်မှာ အဆင်မ‌ပြေတာတွေရှိနေလို့ အလုပ်သမားဝန်ကြီးဌာနနဲ့ ချိတ်ဆက်ကာ အလည်အပတ် PV နိုင်ငံကူးလက်မှတ်ကနေ အလုပ်အကိုင် PJ နိုင်ငံကူးလက်မှတ်ပြောင်းလဲ လျှောက်ထားဖို့ ဆောင်ရွက်ပေးတာလို့ ဆိုပါတယ်။

“လက်နက်ကိုင်ပြီးတော့ အုပ်ချုပ်နေတဲ့စနစ်ဆိုတော့ သူတို့ထင်သလို မူအပြောင်းအလဲလုပ်နေတာ။ PJ ပြောင်းရင်တော့မိသားစုဆီလွှဲပို့အထောက်အထားပြရမယ့်ပြသနာရှိတယ်။ သူတို့ပိုက်ဆံမရှိလို့ ပိုက်ဆံလိုနေလို့လေ။ အဓိကတော့သူတို့ လိုချင်တာ နိုင်ငံခြား ရောက်နေတဲ့သူတွေဆီကအခွန်ကိုပါ။ ပြည်ပထွက်ခွင့် တင်းကျပ်နေတဲ့အချိန် ဒီလို ထပ်ပြီးပြောင်းလဲလိုက်တာဆိုတော့ ဘယ်လိုမျိုး အလုပ်သမားတွေနဲ့ အေဂျင်စီတွေအပေါ် ဒုက္ခပေးအုံးမလဲမသိဘူး”လို့ အလုပ်သမားအရေး လုပ်ကိုင်နေသူတစ်ဦးက Connect Burma ကိုပြောပါတယ်။

နိုင်ငံခြားသွားတဲ့ အကြောင်းအရင်းပေါ်အခြေခံပြီး နိုင်ငံကူးလက်မှတ် Passport ပုံစံ အမျိုးစုံလုပ်ထားတဲ့ မြန်မာနိုင်ငံမှာ အလည်ခရီးသွားသူတွေအတွက် ထုတ်ပေးတဲ့ နိုင်ငံကူးလက်မှတ်အမျိုးအစား PV နဲ့ နိုင်ငံခြားမှာ အလုပ်သွားလုပ်လို့ မရဘူးလို့ စစ်ကောင်စီက ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်နေ့မှာ တရားဝင် ကြေညာခဲ့ပြီးတဲ့နောက် ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ ထွက်ခွာမယ့် လူငယ်တွေကို ရန်ကုန်လေဆိပ်မှာ စစ်ဆေးမှု ပိုမိုတင်းကျပ်လျက်ရှိပြီး တချို့မှာပြည်ပ ထွက်ခွာခွင့်မရတဲ့အထိ ကြုံခဲ့ရပါတယ်။

လက်ရှိအချိန်မှာ ပြည်ပရောက် အလုပ်သမားတွေဟာ သူတို့ရဲ့ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်း ပြန်လွှဲဖို့အတွက်လည်း စစ်ကောင်စီရဲ့ ဖိအားပေးမှုကို ရင်ဆိုင်နေကြရပါတယ်။

အရင်က PV အမျိုးအစား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေ သက်တမ်းကုန်ဆုံးရက် ၁၄ လအောက်ရှိမှသာ PJ အမျိုးအစားကို ပြောင်းလဲလျှောက်ထားဖို့သတ်မှတ်ထားသော်လည်း အခုအခါ PV အမျိုးအစားနဲ့ပြည်ပထွက်ကာ အလုပ်လုပ်ကိုင်နေပြီး တရားမဝင်သွားတဲ့ အလုပ်သမားတွေများလာနေလို့ PJ အမျိုးအစားနဲ့တရားဝင်အလုပ်အတွက်သွားလာမှုတွေရှိဖို့ ဆောင်ရွက်တာလို့လည်း သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီးများ နိုင်ငံမှ ထွက်ခွာခြင်းကြောင့် အလုပ်အကိုင် ရှားပါးလာသလို စစ်မှုမထမ်းမနေရ ဥပဒေကို ရှောင်ရှားလိုတဲ့အတွက် ပြည်တွင်းရှိ လူငယ်အများအပြား ပြည်ပသို့ ထွက်ခွာရန် နည်းလမ်းမျိုးစုံနဲ့ ကြိုးစား နေကြတာဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် ၂၀၂၂ မှ ၂၀၂၄ ဇူလိုင်လအထိ နယ်စပ်ဝင်ပေါက်များအပါအဝင် နိုင်ငံအတွင်းမှ ထွက်ခွာသွားသူ ၂ သန်း ၃ သိန်းနီးပါးရှိကြောင်း စစ်ကောင်စီက ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ထုတ်ပြန်ထားပါတယ်။

The Tanintharyi Times