မတူပီမြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း ရာကျော် ဖမ်းဆီးရမိကြောင်း ချင်းညီနောင် ထုတ်ပြန်
မတူပီမြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း ရာကျော် ဖမ်းဆီးရမိကြောင်း ချင်းညီနောင် ထုတ်ပြန်

ချင်းပြည်နယ်၊ မတူပီမြို့ကို ချင်းညီနောင်အဖွဲ့ က သိမ်းပိုက်ထားတဲ့ တစ်လအတွင်း စစ်သုံ့ပန်း ရာကျော် ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့မှာ မတူပီမြို့ကို ချင်းညီနောင်အဖွဲ့ က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဇူလိုင် ၁၇ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေ၊ တပ်မိသားစုဝင်တွေနဲ့ အရပ်ဘက်ဝန်ထမ်းတွေ စုစုပေါင်း လူ ၁၂၀ ဝန်းကျင်ကို လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့အတူ ပထမအသုတ်အဖြစ် လက်ရဖမ်းမိခဲ့တယ်လို့ မနေ့က ချင်းညီနောင်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဇူလိုင် ၂၅ ရက်မှာတော့ မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ အကြား ၂ နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒုတိယအသုတ်အနေနဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
ယင်းစစ်ကြောင်းမှာလည်း စစ်ကောင်စီဘက်မှာ တပ်မိသားစုတွေ ပါဝင်နေပါတယ်။
ဖမ်းဆီးရမိသူတွေကို အကောင်းဆုံးဆေးဝါးကုသပေးထားပြီး စစ်သုံ့ပန်းဥပဒေနဲ့ အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ပြောဆိုထားပါတယ်။

ဖမ်းဆီးရမိတဲ့နေရာကနေ လုံခြုံတဲ့နေရာသို့ သွားရာ လမ်းခရီးမှာ အစာငတ်ပြတ်တာ၊ ဆေးဝါးမရှိတာ၊ တိုက်ပွဲအတွင်း ပြင်းထန်ဒဏ်ရာတွေ ရရှိထားတာကြောင့် စစ်သုံ့ပန်းတွေထဲက သေဆုံးသူတချို့ ရှိတယ်လို့လည်း ချင်းညီနောင်က ထုတ်ပြန်ထားတာပါ။
ချင်းညီနောင်နဲ့ မဟာမိတ် တပ်ဖွဲ့ဝင်တွေဟာ ချင်းညီနောင်စစ်ဆင်ရေးတရပ်အဖြစ် ချင်းပြည်နယ်၊ မတူပီမြို့ရှိ စစ်ကောင်စီတပ် ခမရ (၃၀၄) ၊ ခလရ (၁၄၀) နဲ့ မတူပီအခြေချ စစ်ဗျူဟာ တို့ကို ထိုးစစ်ဆင်ခဲ့ပြီးနောက် ဇွန် ၂၉ မှာ မတူပီမြို့ကို သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။
ချင်းညီနောင်တပ်ဖွဲ့ဟာ ဇိုမီးဖက်ဒရယ်အစည်းအရုံး ZFU ၊ ချင်းအမျိုးသားအဖွဲ့ချုပ် CNO ၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်) CNC (Mindat) ၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ MTC ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF- Kanpetlet ၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF – Matupi တပ်မဟာ (၁) စတဲ့ တပ်ဖွဲ့ ၆ ဖွဲ့ တို့ ပူးပေါင်းထားတာ ဖြစ်ပါတယ်။

The Tanintharyi Times