စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်အပေါ် လက်ခံညှိနှိုင်းမှာမဟုတ်ဘူးလို့ IEC ထုတ်ပြန်

စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်အပေါ် လက်ခံညှိနှိုင်းမှာမဟုတ်ဘူးလို့ IEC ထုတ်ပြန်

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ဆိုတဲ့ စစ်ကောင်စီရဲ့ ဖိတ်ခေါ်ပြောဆိုချက်တွေဟာ နိုင်ငံရေးအမြတ်ထုတ်မှုတခု ဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ထုတ်ပြန်ပါတယ်။

တရားမဝင်အာဏာသိမ်း စစ်တပ်ရဲ့ ဖိတ်ခေါ်ချက်ဟာ လက်ရှိ နိုင်ငံရေး အကြပ်အတည်းအတွက် အဖြေမဟုတ်ဘဲ ပြဿနာကို ပိုမိုဖန်တီးစေမယ့် နိုင်ငံရေးအမြစ်ထုတ်မှု တစ်ခုဖြစ်တယ်လို့ ရှုမြင်ကြောင်း IEC က ထုတ်ပြန်ပြောဆိုထားတာပါ။

စက်တင်ဘာ ၂၆ ရက်နေ့မှာ စစ်ကောင်စီဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို လက်နက်ကိုင်တိုက်ခိုက်ရေး လမ်းစဉ်ကို စွန့်ပြီး ပါတီနိုင်ငံရေး ရွေးကောက်ပွဲ လမ်းကြောင်းကနေ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ကမ်းလှမ်းဖိတ်ခေါ်တယ်လို့ ကြေညာခဲ့တာပါ။

အဲ့ဒီထုတ်ပြန်ချက်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ကမ်းလှမ်းဖိတ်ခေါ်တာ ဖြစ်ပေမယ့် အာဏာသိမ်းစစ်တပ်ရဲ့ ဖိတ်ခေါ်ချက်အပေါ် လက်ခံညှိနှိုင်းမှာ မဟုတ်ဘူးလို့ IEC ဘက်က တုံ့ပြန်ပြောဆိုပါတယ်။

IEC အနေနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ဖြစ်ပေါ်ရေး ကြိုးပမ်းသွားမှာ ဖြစ်ပြီး ကရင်နီပြည်အတွင်း စစ်ကောင်စီတပ်တွေရဲ့ မတရားလုပ်ဆောင်မှုတွေကို တားမြစ်သွားမှာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

စစ်တပ်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အာဏာတည်မှုဟာလည်း မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ သက်ရောက်မှု မရှိတော့သလို ပြည်သူတွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာ၊ သန်းခေါင်စာရင်းကောက်ယူဖို့ အားထုတ်တာ၊ နိုင်ငံရေးထွက်ပေါက်ရှာလိုတာကြောင့် ရွေးကောက်ပွဲပြုလုပ်ဖို့ ကြိုးပမ်းတာ၊ ဒီမိုကရေစီအင်အားစုတွေကြား သွေးခွဲ့ဖို့ ရည်ရွယ်ချက်တွေနဲ့ အတုအယောင် ငြိမ်းချမ်းရေး ကမ်းလှမ်းချက်တွေကို ထုတ်ပြန်လာခြင်းသာ ဖြစ်တယ်လို့ IEC ဘက်က ဝေဖန်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်ဘေးရှောင်စခန်းတွေ၊ စာသင်ကျောင်းတွေ၊ ပြည်သူ့ဆေးရုံတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ ပြည်သူနေအိမ်တွေကို ပစ်မှတ်ထားကာ လက်နက်ကြီး လေကြောင်းတွေနဲ့ တိုက်ခိုက်နေမှုကြောင့် ကလေးသူငယ် အမျိုးသမီးတွေ အပါအဝင် အပြစ်မဲ့ပြည်သူ အမြောက်အမြား ထိခိုက်သေဆုံးခဲ့ကြရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်နီပြည်မှာတော့ စစ်တပ်အာဏာသိမ်းချိန်ကစပြီး အခုနှစ် ဇူလိုင်လကုန်အထိ ပြည်သူ ၅၁၄ ဦး သတ်ဖြတ်ခံရပြီး စစ်ရှောင်ရင်း သေဆုံးသူ ၁၅၃ ဦးအထိ ရှိခဲ့သလို KNDF အပါအဝင် ကရင်နီရှိ တော်လှန်ရေးတပ်ဖွဲ့ဝင် ၆၀၀ ကျော်အထိ ကျဆုံးခဲ့ရပါတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က စက်တင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အချိန် ၃ နှစ်ခွဲအတွင်း စစ်ကောင်စီဘက်က ကရင်နီပြည်ကို လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း ၁၇၀၀ နီးပါး လုပ်ဆောင်ခဲ့ပြီး နေအိမ်၊ ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးရုံ စတဲ့ အဆောက်အဦးပေါင်း ၂၇၀၀ ကျော် ပျက်စီးခဲ့ရတယ်လို့ PKPF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

The Tanintharyi Times