မောင်တောမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး စစ်ရေးအရှိန်မြှင့်နေတယ်လို့ AA ဆို
မောင်တောမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး စစ်ရေးအရှိန်မြှင့်နေတယ်လို့ AA ဆို
ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာရှိတဲ့ အမှတ်-၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ(နခခ-၅) တပ်စခန်းကို အပြီးသတ်သိမ်းပိုက်ရေးအတွက်ထိုးစစ်အရှိန်မြှင့်တင်နေတယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ နခခ (၅) စခန်းဟာ မောင်တောမြို့ပြင်မှာ ရှိနေပြီး မောင်တောမှာ AA သိမ်းပိုက်ဖို့ ကျန်ရှိနေတဲ့ တခုတည်းသော လက်ကျန်စခန်းလည်း ဖြစ်ပါတယ်။
မောင်တောမြို့တွင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ASRA ၊ RSO ၊ ARA စတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ကစဉ့်အလျား ထွက်ပြေးနေကြပြီး တိုက်တာအဆောက်အအုံတွေ၊ လူနေအိမ်အချို့တွေမှာ ထွက်ပြေးပုန်းခိုနေကာ လွတ်မြောက်နေကြသေးတာကြောင့် AA အနေနဲ့ လိုက်လံရှင်းလင်းနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကတည်းက AA ဟာ မောင်တောရှိ တခုတည်းသော စစ်ကောင်စီလက်ကျန်စခန်းဖြစ်တဲ့ နခခ (၅) ကို ရရှိရေး ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ထိုစဉ်က မောင်တောမြို့တွင်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလည်း နခခ (၅) ထဲကို ဆုတ်ခွာသွားကြသလို စခန်းအတွင်းကနေ လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်တာ၊ ဓာတုအဆိပ်ငွေ့သုံး တိုက်ခိုက်တာတွေလည်း ရှိခဲ့တယ်လို့ AA ဘက်က ပြောခဲ့ပါတယ်။
ဩဂုတ်လ ၄ ရက်နေ့ကတည်းက မောင်တောမြို့သိမ်းတိုက်ပွဲကို AA ဖော်ဆောင်နေတာ ဖြစ်ပြီး အခုအချိန် ၂ လကျော်ကြာတဲ့အထိ နခခ (၅) စခန်းကို ဆက်လက်ထိုးစစ်နေဆဲ အခြေအနေ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာတော့ ကျောက်စကွဲကျေးရွာမှာ စစ်ကောင်စီ စကစခ (၅) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၃၄၆) ၊ ခမရ (၃၇၂) ၊ ခမရ (၃၇၃) တပ်ရင်းတွေ စုပေါင်းထားတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းဟာ ၂၆ ရက်နေ့ နေ့လည်ပိုင်းမှာ AA နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ယင်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်း ၅ လောင်း၊ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
မနေ့ကလည်း အဆိုပါ ကျောက်စကွဲကျေးရွာအနီးမှာပဲ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးတချို့နဲ့ နောက်ဆုတ်သွားတာကြောင့် လက်နက်ခဲယမ်း၊ ခြင်းတောင်းအများအပြားကို AA က ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။
ဂွမြို့နယ်မှာတော့ ကျိန္တလီကားလမ်းအနီးရှိ တောင်ကုန်းမှာ စက်တင်ဘာ ၂၄ ရက်နေ့က တိုက်ပွဲခဲ့တယ်လို့ AA ဘက်က ဆိုပါတယ်။
AA အနေနဲ့ ရခိုင်ဒေသအတွင်း လက်ကျန် စစ်ကောင်စီတပ်စခန်းတွေကို တခုမကျန် သိမ်းပိုက်နိုင်ရေး ထိုးစစ်တွေကို ဆက်လက်အရှိန်မြှင့် ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
The Tanintharyi Times