ပြီးခဲ့တဲ့ဆယ်ရက်အတွင်း ထိုင်းနိုင်ငံမှာ မြန်မာ ၂၀၀ နီးပါးဖမ်းဆီးခံရ

ပြီးခဲ့တဲ့ဆယ်ရက်အတွင်း ထိုင်းနိုင်ငံမှာ မြန်မာ ၂၀၀ နီးပါးဖမ်းဆီးခံရ

ကိုးကား - โจโฉ, MGR Online, North now, Mae Sot Media ပုံစာ - အခုလ ၂၆ ရက်နေ့ကဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားတွေ။

ပြီးခဲ့တဲ့ဆယ်ရက်အတွင်း ထိုင်းနိုင်ငံမှာအထောက်အထားမဲ့မြန်မာတွေ နေ့တိုင်းနီးပါးဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေဆီကသိရပါတယ်။

ဖမ်းဆီးခံရတဲ့နေရာတွေကတော့ တာခ်ခရိုင်၊ ကန်ချနဘူရီခရိုင်၊ ချွန်ဘူရီခရိုင်နဲ့ စမွတ်ဆုန်ခရာမ်ခရိုင်တို့မှာဖြစ်ပြီး စုစုပေါင်း ၁၉၄ ဦးအထိဖမ်းဆီးခံခဲ့ရတာပါ။

အထောက်အထားမဲ့ မြန်မာအများစုဟာ နယ်စပ်ဖြတ်ကျော်ချိန် လမ်းမှာစစ်ဆေးဖမ်းဆီးခံရတာဖြစ်ပြီး တိုက်ခန်းတွေမှာဝင်ရောက်စစ်ဆေးချိန်ဖမ်းဆီးခံရတာနဲ့ ယာဥ်တိုက်မှုဖြစ်တာကြောင့်ဖမ်းဆီးခံရတာတွေလည်း ပြီးခဲ့တဲ့ဆယ်ရက်အတွင်းမှာရှိခဲ့ပါတယ်။

၁၇ ရက်နေ့ကတော့ တာခ်ခရိုင်အတွင်းကို ပစ်ကပ်ကားတစ်စီးနဲ့ တရားမဝင်လမ်းကဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၉ ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။

အဲဒီနေ့မှာပဲ ကန်ချဘူရီခရိုင်၊ စံခရဘူရီမြို့မှာ ထိုင်းနိုင်ငံထဲကို တရားမဝင်လမ်းကဝင်ရောက်လာတဲ့ ကလေးငယ်သုံးဦးအပါအဝင် မြန်မာနိုင်ငံသား ၅၆ ဦးထပ်မံဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီနောက် ၁၈ ရက်နေ့မှာ ချွန်ဘူရီခရိုင်၊ ပတ္တရားမြို့က တိုက်ခန်းတစ်ခုကို ထိုင်းအာဏာပိုင်တွေက ဝင်‌ရောက်စီးနင်းချိန် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၅ ဦးဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီနောက် အခုလ ၂၂ ရက်နေ့ညပိုင်းမှာလည်း တာခ်ခရိုင်၊ မဲဆောက်မြို့ဘက်ကို တရားမဝင်နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား ၂၄ ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းသတင်းဌာနတွေမှာဖော်ပြထားပါတယ်။

နောက်တစ်ရက် ၂၃ ရက်နေ့ကတော့ စမွတ်ဆုန်ခရာမ်ခရိုင်မှာ တရားမဝင်မြန်မာတွေတင်လာတဲ့ကားနဲ့ လမ်းပေါ်ကဆိုင်ကယ်တစ်စီးတို့ယာဥ်တိုက်မှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီအချိန် ကားနောက်မှာပါလာတဲ့မြန်မာနိုင်ငံသား ၇ ဦးထဲက နှစ်ဦးကထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ကျန်တဲ့ငါးဦးကတော့ ထိုင်းရဲတွေကပြန်လည်ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေကရေးသားထားပါတယ်။

၂၄ ရက်နေ့မှာလည်း တာခ်ခရိုင်၊ ဝမ်ကျောက်မြို့နယ်ထဲမှာ လာကြိုမယ့်ကားကို စောင့်ဆိုင်းနေကြတဲ့မြန်မာနိုငံသား ၂၈ ဦးကို ထိုင်းအာဏာပိုင်တွေကတွေ့ရှိပြီး ထပ်မံဖမ်းဆီးခဲ့ပါတယ်။ အဲဒီဒေသမှာပဲ လွန်ခဲ့တဲ့နှစ်ရက် ၂၆ ရက်နေ့က ထိုင်းစစ်တပ်နဲ့ရဲတွေပူးပေါင်းပြီး ကင်းလှည့်နေချိန် မြန်မာနိင်ငံသား ၁၂ ဦးထပ်မံဖမ်းဆီးခံခဲ့ရပါသေးတယ်။

မနေ့ကလည်း ကန်ချနဘူရီခရိုင်၊ စံခရဘူရီဒေသကို တရားမဝင်လမ်းက ဝင်ရောက်လာတဲ့မြန်မာနိင်ငံသား ၂၅ ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းသတင်းဌာနတွေဆီကသိရပါတယ်။

အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း LRF ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ မြန်မာနိုင်ငံသားတွေ အခုလိုဆက်တိုက်ဖမ်းဆီးခံနေရတာဟာ ထိုင်းနိုင်ငံကတရားဝင်အထောက်အထား လုပ်ပေးတဲ့အချိန်မတိုင်ခင်မှာ စီမံချက်နဲ့ ဖမ်းဆီးစစ်ဆေးတာတွေ တင်းတင်းကြပ်ကြပ်လုပ်ဆောင်နေတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့ကဘတ်အသစ်မဖွင့်ခင်ဆိုရင် ဖမ်းဆီးတင်းကြပ်တယ်။ နှစ်တိုင်းလိုလိုပါပဲ။ အထောက်အထားမရှိဘဲနေလို့မရဘူးဆိုတာကို ပါးပါးနပ်နပ်နဲ့တွန်းအားပေးတဲ့သဘောပေါ့။ မြန်မာတွေပဲမဟုတ်ဘူး၊ အထောက်အထားမရှိတဲ့တခြားနိုင်ငံသားတွေကိုလည်း စစ်ဆေးဖမ်းဆီးတင်းကြပ်တယ်” လို့ အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း LRF ရဲ့ စည်းရုံးရေးမန်နေဂျာ ကိုစိုးကိုကိုနိုင်ကပြောပါတယ်။

ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားတွေကို သက်ဆိုင်ရာမြို့နယ်ရဲစခန်းတွေကို ပို့ဆောင်သွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုထားပါတယ်။

ဖမ်းဆီးခံရသူတွေဟာ တရားမဝင်နယ်စပ်ဖြတ်ကျော်တဲ့ပုဒ်မတွေနဲ့ အနည်းဆုံး‌ထောင်ဒဏ် ၄၅ ရက်အထိအမိန့်ချခံရမှာဖြစ်ပြီး အဲဒီနောက်မှာ နယ်စပ်ဂိတ်တွေကတဆင့်မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်လည်ပို့ဆောင်ခံရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အခုနှစ်ဖေဖော်ဝါရီလက ပြည်သူ့စစ်မှုထမ်းဥပဒေကိုအတည်ပြုလိုက်ပြီးတဲ့နောက် ထိုင်းနိုင်ငံကိုတရားမဝင်လမ်းက နယ်စပ်ဖြတ်ကျော်သူ အဆမတန်များပြားလာခဲ့တာပါ။ စစ်မှုထမ်းဥပဒေကြေညာပြီး ရက်ပိုင်းအတွင်းမှာပဲ ထားဝယ်ဒေသမှာရှိတဲ့ တရားမဝင်နယ်စပ်ဂိတ်တစ်ခုတည်းကနေ တစ်ရက်ကိုလူတစ်ထောင်နီးပါး တရားမဝင်နယ်စပ်ဖြတ်ကျော်ခဲ့ဖူးပါတယ်။

The Tanintharyi Times