ထိုင်းရောက် CDM အထက်တန်းကျောင်းသားတွေ လှမ်းဖို့ ခက်နေသေးတဲ့ ပညာရေးခရီး
ထိုင်းရောက် CDM အထက်တန်းကျောင်းသားတွေ လှမ်းဖို့ ခက်နေသေးတဲ့ ပညာရေးခရီး
“တစ်ခါတလေ စိတ်ဓာတ်ကျတယ်၊ အနာဂတ်ပျောက်နေတယ်လို့ ခံစားရတယ်” လို့ ငရုတ်သီးခြွေထားလို့ နီကျင်နေတဲ့ သူ့ရဲ့လက်တွေကို ခပ်တွေတွေကြည့်ရင်း CDM ၁၀တန်းကျောင်းသား ပြည့်စုံက ပြောပါတယ်။
ပြည်စုံက ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက အာဏာရှင်လက်အောက်မှာ ကျောင်းမတက်လိုတဲ့စိတ်နဲ့ ဆုံးဖြတ်ချက်ပြတ်သားစွာချပြီး CDM လုပ်ကာ စာသင်ခန်းကို ကျောခိုင်းခဲ့သူတစ်ဦးပါ။
အသက် ၂၀ နှစ်အရွယ်ရှိပြီမို့ စစ်မှုထမ်းဥပဒေကို တိမ်းရှောင်နိုင်ဖို့ မြန်မာနိုင်ငံက ထွက်လာပြီး ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းကို သူရောက်လာခဲ့တယ်။ ဘဝတူတွေ စုမိကြပြီး ကျောင်းဆက်တက်ဖို့ ကြိုးစားခဲ့ရင်း လက်ရှိအချိန်မှာတော့ ငရုပ်သီးခြွေတဲ့အလုပ်မှာ အချိန်ပိုင်းအလုပ်သမားအဖြစ် ဝင်လုပ်နေတာပဲ ဖြစ်ပါတယ်။
“အဓိကအခက်အခဲကတော့ အထောက်အထားနဲ့ ပိုက်ဆံပါပဲ။အထောက်အထား မရှိတော့ အလုပ်ပုံမှန်ရဖို့က မလွယ်ဘူး။ ကျနော်က အိမ်မှာ သားအကြီးဆုံးဆိုတော့ အိမ်ကို ထောက်ပံ့ရသေးတယ်။ အဲဒါကြောင့် ကျနော့်မှာ ကျောင်းဆက်တက်ဖို့ အခက်အခဲရှိတယ်။” လို့ ပြည့်စုံက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းဆက်မတက်တော့ဘဲ CDM လုပ်လိုက်တဲ့ အထက်တန်းကျောင်းသားတွေ အများအပြားရှိခဲ့ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ကို ကူးလာသူတွေလည်း မရေတွက်နိုင်အောင်ပါပဲ။
လက်ရှိအချိန် ထိုင်းဘက်မှာ ကျောင်းဆက်တက်နိုင်သူတွေရှိသလို ကျောင်းမတက်နိုင်ပဲ ကျန်နေတဲ့ ပြည့်စုံတို့လိုလူငယ်တွေလည်း အများအပြား ရှိနေဆဲပါ။
ငွေကြေးအဟန့်အတားကလည်း CDM အထက်တန်းကျောင်းသားတွေအကြား ပညာရေးနဲ့ ဝေးကွာနှောင့်နှေးစေတဲ့ အဓိက အချက်တစ်ချက် ဖြစ်နေပါတယ်။
ဒါ့အပြင် ကျောင်းသားဦးရေနဲ့ စာသင်ဆောင်အချိုးမညီမျှမှုကလည်း သူတို့ရဲ့ပညာရေးမှာ အဟန့်အတား တစ်ခု ဖြစ်နေပြန်တယ်။ ရွှေ့ပြောင်းကျောင်းတွေမှာ ကျောင်းသားဦးရေ များလွန်းတဲ့အတွက် စာသင်ဆောင် ကန့်သတ်ချက်တွေကြောင့် ကျောင်းအပ်လက်မခံနိုင်တော့တာတွေလည်း ရှိပါတယ်။
မဲဆောက်မှာ နှစ်ပေါင်း ၃၀ နီးပါး အတွေ့ကြုံရှိတဲ့ ရွှေ့ပြောင်းကျောင်းအုပ်ကြီးတစ်ဦးက “အခက်အခဲတွေက စာသင်ကျောင်းအရေအတွက်နဲ့ ကလေးအရေအတွက် မမျှတော့ဘူး။ ဒါတောင် ပုံမှန် ၃၅ယောက်ထားတဲ့ အခန်းတွေက ၅၀ လောက် ဖြစ်လာတယ်။ နောက်ပြီး ကျောင်းအပ်ဖို့ ငွေကြေး အဆင်မပြေတာ၊ ကျောင်းကိုသွားနိုင်ဖို့ လမ်းပန်း အဆင်မပြေတာတွေကြောင့်လည်း ဒီဘက်ရောက်လာတဲ့ အထက်တန်းကျောင်းသားတွေအနေနဲ့ အားလုံးကျောင်းတက်ရဖို့ မလွယ်ဘူး” လို့ ရှင်းပြပါတယ်။
မြန်မာအဖွဲ့အစည်းတွေဖွင့်ထားတဲ့ ရွှေ့ပြောင်းကျောင်းတွေမှာ အထက်တန်းပညာရေးကို ဆက်လက်သင်ယူနိုင်တယ်ဆိုပေမယ့် ထိုင်းနိုင်ငံရဲ့ နေရာတိုင်းမှာ လုံလုံလောက်လောက် ရှိနေတာတော့ မဟုတ်သေးပါဘူး။
ရွှေ့ပြောင်းပညာရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ(MECC)ရဲ့ အဆိုအရ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်တစ်ခုလုံးမှာ ထိုင်းအစိုးရက တရားဝင်ဖွင့်ခွင့်ပေးထားတဲ့ ရွှေ့ပြောင်းကျောင်း ၆၅ ကျောင်းရှိပြီး အဲဒီကျောင်းတွေထဲမှာမှ အထက်တန်းကျောင်း ၇ ကျောင်းထိ တိုးချဲ့ဖွင့်လှစ်နိုင်ပြီ ဖြစ်ပါတယ်။
အဲ့ဒီကျောင်းတွေမှာ ကျောင်းအပ်မယ်ဆိုရင် ကျောင်းထွက်လက်မှတ် ဒါမှမဟုတ် ဘယ်ကျောင်းမှာ ဘယ်နှစ်တန်းအောင်ခဲ့တယ်၊ တက်ခဲ့တယ်ဆိုတဲ့ အထောက်အထား (ကျောင်းသားကဒ်)ဖြစ်ဖြစ် ပြဖို့ လိုပါတယ်။ မရှိခဲ့ရင်လည်း ဝင်ခွင့်ဖြေဆိုပြီး ကျောင်းဆက်တက်နိုင်ဖို့ ကျောင်းတွေဘက်က စီစဥ်ပေးထားတာမျိုးလည်း လုပ်ပါတယ်။
တချို့ကျောင်းသားတွေကတော့ ထိုင်းပညာရေးထက် အမေရိကန်အထက်တန်းပညာရေးနဲ့ ညီမျှတဲ့ General Education Development (GED) ကို လေ့လာပြီး နိုင်ငံတကာတက္ကသိုလ်တွေတက်ဖို့ ပြင်ဆင်ကြပါတယ်။
ကုန်ကျစရိတ်အနေနဲ့ GED ကို အစမ်းဖြေရင် ၇ ဒေါ်လာ ပေးသွင်းရပြီး Final Test ဖြေမယ်ဆိုရင် တစ်ဘာသာကို ဒေါ်လာ ၈၀ ပေးသွင်းရတာပါ။ လေးဘာသာကို ဒေါ်လာ ၃၂၀ ကျသင့်မှာပါ။ ဒီငွေက မြန်မာကျပ်နဲ့ဆို ၁၃ သိန်းကျော်လောက် ရှိပါတယ်။
ထိုင်းမှာ ကျောင်းလခဈေးကြီးလို့ အဆင်မပြေတဲ့သူတွေထဲမှာ GED တက်ဖို့ ကြိုးစားနေတဲ့ CDM တက္ကသိုလ် ပထမနှစ်ကျောင်းသား ဂျိမ်းလည်း ပါပါတယ်။
“အခုက အိမ်ကပေးတာနဲ့ပဲ စားသောက်နေရတာ၊ ဒါတောင် မလောက်ဘူး။ ကျနော့်အခြေအနေက အလုပ်လုပ်ရင်း ကျောင်းတက်ရမယ့် အခြေအနေ။ ရွှေ့ပြောင်းကျောင်းတွေကလည်း နေကုန်တတ်ရမှာဆိုတော့ ကျနော့်အတွက် အဆင်မပြေဘူး။ အပြင်ကျောင်းတွေကလည်း ကျောင်းလခ စျေးကြီးတယ်” လို့ ဂျိမ်းက သူကြုံနေရတဲ့ အခက်အခဲကို ရှင်းပြပါတယ်။
ဂျိမ်းပြောပြချက်အရ အပြင်ကျောင်းတွေက ဘာသာစုံကို တစ်လ ဘတ်၂၅၀၀၊ ၃၀၀၀ ရှိပါတယ်။ ဒီစာရိတ်က လက်ရှိပေါက်ဈေးအတိုင်း မြန်မာငွေနဲ့ တွက်ရင် တစ်ဘာသာကို ကျပ်နှစ်သိန်းခွဲ၊ သုံးသိန်း ကျပါတယ်။
ဒါတင်မကသေးဘဲ ကျောင်းသားတွေ ကိုင်ဆောင်ထားတဲ့အထောက်အထားကလည်း ပြဿနာရှိနေတယ်လို့ သိရပါတယ်။
ကျောင်းအုပ်ဆရာကြီးက “GED က မြန်မာမှတ်ပုံတင်၊ ပန်းရောင်ကဒ်၊ ၁၀နှစ်ခံစတဲ့ အထောက်အထားတစ်ခုခုရှိရင် ဖြေလို့ရတယ်ဆိုပေမယ့် အောင်ပြီးသွားလို့ ဝင်ခွင့်ရတဲ့တက္ကသိုလ်တွေကို သွားဖို့ကျတော့ ပတ်စ်ပို့က လိုလာပြီ။ မြန်မာနိုင်ငံကို ပတ်စ်ပို့တွေ ပြန်လုပ်ဖို့က တချို့ကျောင်းသားအတွေအတွက် အဟန့်အတားတွေ ရှိနေတယ်။ တချို့ကတော့ ပတ်စ်ပို့ပြန်လုပ်လို့ရတယ်။ ဒါပေမယ့် တကယ်သွားတော့Reject ထိတာတွေရှိတယ်။ အဲဒီတော့ ကလေးတွေရဲ့အထောက်အထားခိုင်လုံမှုက အားနည်းတယ်။ အဲဒါတွေနဲ့ပက်သတ်ပြီး စိတ်ပူစရာတွေ ရှိတယ်”လို့ ပြောပါတယ်။
မဲဆောက်ရောက် နိုင်ငံရေးတက်ကြွသူအမျိုးသမီးတစ်ဦးကလည်း ဒီလို အခက်အခဲမျိုး သူ့မှာ ကြုံနေရတယ်လို့ ပြောပါတယ်။
“ကျမ ကလေး အကြီးနှစ်ယောက်လုံး ဒီမှာ GED အောင်ပြီးပြီ။ သူတို့မှာက ပတ်စ်ပို့မရှိတော့ အခု ဘာဆက်လုပ်ရမှန်းမသိဘူး။ အဲဒါနဲ့ ကျောင်းမှာပဲ Volunteer ပြန်လုပ်နေရတယ်” လို့ သူမက ပြောပါတယ်။
ဒါ့အပြင် တစ်နေကုန်ကျောင်းတက်ဖို့အဆင်မပြေတဲ့ ကျောင်းသားတွေအတွက် အလုပ်တဖက်နဲ့ ထိုင်းအစိုးရရဲ့အသိအမှတ်ပြုတစ်ခုခု ရရှိနိုင်ဖို့ ထိုင်းကျောင်းပြင်ပပညာရေး(NFE) (ထိုင်းဘာသာဖြင့် ကောစော်နော) သင်ကြားဖို့ ခြေလှမ်းလှမ်းသင့်တယ်လို့ ထိုင်းရောက် ပညာရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ထောက်ပြပါတယ်။
ကျောင်သားတွေဟာ အရင်ဦးဆုံး နာရီ ၂၀၀စာ ထိုင်းဘာသာစကား သင်ကြားရေးတက်ပြီးမှ ကောစော်နော ဝင်ခွင့်ရနိုင်မှာပါ။ ဝင်ခွင့်ရပါက ခြောက်နှစ်တက်ရမှာဖြစ်ပြီး ထိုင်း ၁၂တန်းနဲ့ ညီတဲ့ အောင်လက်မှတ် ရရှိမယ်လို့ ဆိုပါတယ်။
“မဲဆောက်မှာရှိတဲ့ ကောစော်နော စင်တာနဲ့ MOU လုပ်ထားတဲ့BEAM Education Foundation ကနေ ထိုင်းကျောင်းပြင်ပပညာရေးရုံး (ONIE) မှာ အရင်းဦးဆုံး စာရင်းသွင်းရမယ်။အဲဒီမှာ ထိုင်းဘာသာကို နာရီ ၂၀၀ တက်ပြီးသွားရင် ကောစော်နော စင်တာမှာ တက်ခွင့်ရမယ်။ ကောစော်နော တက်ရရင် ကျောင်းသားကဒ် ထုတ်ပေးတယ်။ အဲဒီကဒ်နဲ့ပဲ တချို့ကျောင်းသားတွေ၊ ဆိုင်တွေမှာ အလုပ်လုပ်ပြီး ကျောင်းတက်တယ်”လို့ အဆိုပါ ကျွမ်းကျင်သူက ရှင်းပြပါတယ်။
ကောစော်နော တက်ရင်းနဲ့ ဂျီကဒ်လို့ခေါ်တဲ့ ကျောင်းနေထိုင်ခွင့်ကဒ်၊ ၁၀နှစ်ခံကဒ်လို့လည်း ခေါ်တဲ့ ကဒ်ကို ရနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ ၁၀နှစ်ခံကဒ်ရဖို့ကလည်း အစိုးရမူဝါဒအပြောင်းအလဲပေါ်မှာ အများကြီး မူတည်တာပါ။ ပြီးခဲ့တဲ့ ၂၀၁၆ -၂၀၁၇ ခု ဝန်းကျင်က သစ္စာပန်း မဲဆောက်ဧရိယာမှာရှိတဲ့ ကျောင်းကိုးကျောင်းက ကလေးတွေအားလုံး ၁၀ နှစ်ခံကဒ် ရသွားခဲ့ဖူးတာမျိုး ရှိတယ်လို့လည်း သိရပါတယ်။
BEAM Education Foundation က တာဝန်ရှိသူ တစ်ဦး ရှင်းပြတာကတော့ “ကောစော်နော (NFE) ပရိုဂရမ်မှာ ကျောင်းသားရဲ့ ပညာရေးနောက်ခံအရ အဆင့်သုံးဆင့် ခွဲထားပြီး အဆင့်တစ်ခုစီမှာ Certificate ( အသိအမှတ်ပြုလက်မှတ်) တစ်ခုစီ ပေးသွားမှာ ဖြစ်ပါတယ်။ ပထမအဆင့်အောင်လက်မှတ်က အသက်မွေးဝမ်းကျောင်းကောလိပ်ရဲ့သင်တန်းတွေကို ဝင်ရောက်နိုင်မှာ ဖြစ်ပြီး ဒုတိယအဆင့်ကအသက်မွေးဝမ်းကျောင်းကောလိပ်တွေမှာ ဒီပလိုမာသင်တန်းတွေကို ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ တတိယအဆင့်ကတော့ ထိုင်းနိုင်ငံရှိ အဆင့်မြင့်ပညာရေးပရိုဂရမ်အမျိုးမျိုးကို ဝင်ရောက်နိုင်မှာ ဖြစ်တယ်” လို့ ဆိုပါတယ်။
ပြင်ပကနေ ကောစော်နော တက်ရောက်သင်ယူဖို့အတွက် အသက် ၁၅နှစ်အထက် သတ်မှတ်ထားပြီ အသက် ၂၀ မှ တက်ရမယ့်သူဆိုရင်တော့ အသက် ၂၆၊ ၂၇ လောက်မှသာထိုင်းတက္ကသိုလ်မှာ ပထမနှစ်တက်ရောက် နိုင်မှာ ဖြစ်ပါတယ်။
ရွှေ့ပြောင်းကျောင်းကနေ တက်မယ့်သူတွေအတွက်တော့ အသက် ၁၅ နှစ်အထက်တွေအပြင် သီးသန့်အစီအစဥ်အဖြစ် အသက်၉နှစ်မှ အသက်၁၅နှစ်ကြား ကျောင်းသားတွေ တက်ရောက်နိုင်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ- NUGရဲ့ ပညာရေးဝန်ကြီးဌာနကလည်း ကြားကာလမှာ ပညာသင်ယူနိုင်ဖို့ မြေပြင်နဲ့ အွန်လိုင်းပြည်သူ့ပညာရေးကျောင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး အခြေခံပညာရေး အွန်လိုင်းကျောင်း ၇၄ ကျောင်းကိုလည်း အသိအမှတ်ပြု ချိတ်ဆက်ဆောင်ရွက်တာတွေ ပြုလုပ်ပေးနေပါတယ်။
အဲဒီကျောင်းတွေကနေ အွန်လိုင်းအခြေပြုအခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) ကိုအောင်မြင်ပြီးရင်တော့ တက္ကသိုလ်ဝင်ခွင့်ကို လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ ၂၀၂၃-၂၀၂၁၄ ပညာသင်နှစ် အတွင်း NUG အစိုးရလက်အောက်မှာ ပုံမှန်သင်ကြားပေးနေတဲ့ တက္ကသိုလ်ပေါင်း ၁၆ ခုလည်း ရှိနေပါတယ်။
မနှစ်က BECA ဖြေဆိုဖို့ လျှောက်ထားသူဦးရေ ခုနှစ်သောင်း ငါးထောင်ခန့်ရှိပြီး ဘာသာစုံဖြေဆိုသူ ငါးသောင်း ခြောက်ထောင်ခန့်ရှိကာ ဖြေဆိုပြီး Certificate ရရှိသူဦးရေ ငါးသောင်းခန့်ရှိတယ်လို့ NUG-MOE ကနေ မေလ ၂၅ရက်နေ့က ထုတ်ပြန်ထားတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခု အာဏာသိမ်းမှုမတိုင်မီ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်း ရွှေ့ပြောင်းကျောင်း ၆၅ ကျောင်းမှာ မြန်မာကျောင်းသား တစ်သောင်း သုံးထောင်ခန့်ရှိနေရာက အခုလက်ရှိမှာတော့ ၂ဆနီးပါး မြင့်တက်သွားပါတယ်။ Thailand United Nations Network on Migration ရဲ့ ထုတ်ပြန်ချက်အရ ထိုင်းတစ်နိုင်ငံလုံးမှာ ၂၀၂၃ခုနှစ် ပညာသင်နှစ်အတွင်း ထိုင်းအစိုးရကျောင်းတွေမှာ မဟုတ်ဘဲ ထိုင်းနိုင်ငံတစ်ဝှမ်းရှိ ပညာရေးအဖွဲ့အစည်းတွေမှာ ကျောင်းသား စုစုပေါင်း တစ်သိန်း သုံးသောင်းကျော် စာရင်းသွင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခက်အခဲရှိနေကြတဲ့ CDM ကျောင်းသားတွေအနေနဲ့ ဘယ်လိုရှေ့ဆက်သင့်တယ်ဆိုတာကို New Day ရွှေ့ပြောင်းအထက်တန်းကျောင်း တည်ထောင်သူ ဦးမိုးကြိုးက “ကိုယ့်ကိုကိုယ် CDM မိသားစုရဲ့ ကျောင်းသားတို့၊ နိုင်ငံရေးအသိုင်းက ကျောင်းသားတို့၊ ကိုယ်တိုင် CDM ကျောင်းသားတို့ ဆိုတာကို မေ့ထားလိုက်ပါ။ ထိုင်းနယ်နိမိတ်ထဲကို ရောက်လာရင် ထိုင်းရဲ့အမြင်က အကုန်လုံး Migrant ပဲ။ ကျောင်းချိန်ပြီးသွားရင် ညနေနဲ့ ညဘက်တွေမှာ ဝင်ငွေရနိုင်တဲ့ ဘာရီရအလုပ်တွေ ဝင်လုပ်တာ၊ ကိုယ့်ထက် အတန်းငယ်တဲ့ကျောင်းသားကို ကျူရှင်ပေးတာတွေ လုပ်နိုင်တယ်။ အဲလိုနည်းနဲ့ ပတ်ဝန်းကျင်က စာနာနားလည်လာအောင်၊ ကိုယ့်အပေါ်မှာ အမြင်ကြည်လင်ချစ်ခင်လာအောင် တည်ဆောက်ပြီး မိမိရဲ့ပညာရေးခရီးလမ်းကို ဖြတ်သန်းဖို့က အဓိကပါပဲ” လို့ အကြံပေးပါတယ်။
ကျောင်းဖွင့်နေပြီဖြစ်လို့ ထိုင်းရောက် မြန်မာကျောင်းသားလူငယ်တချို့ရဲ့ ခြေလှမ်းတွေက ကျောင်းဘက်ကို လှမ်းနေကြပါပြီ။ သေချာတာတော့ အဲဒီနေ့က ပြည့်စုံရဲ့ ခြေလှမ်းတွေက ငရုတ်သီးရုံဆီ ရွေ့ရွေ့ ဦးတည်လို့။
ခေးလု
The Tanintharyi Times