ကျပ်ငွေတန်ဖိုး ထိုးကျနေလို့ ငွေလဲလုပ်ငန်းတချို့ ရပ်နားထားရ
ကျပ်ငွေတန်ဖိုး ထိုးကျနေလို့ ငွေလဲလုပ်ငန်းတချို့ ရပ်နားထားရ

ကျပ်ငွေတန်ဖိုးထိုးကျနေလို့ ထိုင်းဘတ် နဲ့ မြန်မာကျပ်ငွေ လဲလှယ်နေတဲ့ လုပ်ငန်းတချို့ ရပ်နားလိုက်ကြောင်း ငွေလဲလုပ်ငန်းလုပ်ကိုင်နေသူတွေဆီက သိရပါတယ်။
မေလ ၂၈ ရက်နေ့ တစ်ရက်တည်းမှာ မြန်မာကျပ်ငွေ နဲ့ ထိုင်းဘတ်ငွေ လဲလှယ်နှုန်း သုံးကြိမ်အပြောင်းအလဲဖြစ်ခဲ့တာကြောင့် ငွေလွဲလုပ်ငန်း တချို့ရပ်နားသွားတယ်လို့ ထိုင်းနိုင်ငံကနေ ထားဝယ်ခရိုင် ကို ငွေလွဲပြောင်းပေးပို့တဲ့ လုပ်ငန်းလုပ်ကိုင်နေသူတွေဆီက စုံစမ်းသိရှိရပါတယ်။
ဒီကနေ့တစ်နေ့တည်းမှာတင် မနက်ပိုင်းတုန်းက ထိုင်းငွေတစ်ဘတ်ကို ၁၂၀ ကျပ်၊ နေ့လည်ပိုင်းမှာ ၁၂၃ ကျပ်၊ မွန်းလွဲပိုင်းမှာ ၁၂၅ ကျပ် နဲ့ သုံးကြိမ် စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့တာပါ။
အခုလိုငွေဈေးမတည်ငြိမ်တာကြောင့် ငွေလဲလှယ်တာကိုရပ်နားလိုက်ရတာလို့ ငွေလဲလုပ်ငန်းလုပ်ကိုင် နေသူတွေက ပြောပါတယ်။
“ငွေဈေးက အဝီစိတောင်ရောက်တော့မယ်။ တစ်နေ့တည်းတောင် သုံး၊ လေးကြိမ် ထိုးကျနေတာ။ ဒီခြေနေမှာလဲပေးလိုက်ရင် ကျွန်နော့်တို့လို ငွေလဲသမား(ငွေလဲလုပ်ငန်းလုပ်ကိုင်သူ)ဘက်ကရှုံးမှာပေါ့။” လို့ ငွေလဲလုပ်ငန်းလုပ်ကိုင်နေသူအမျိုးသားတစ်ဦးက ပြောပါတယ်။ကျပ်ကနေဘတ်လဲတာကို မနေ့ကတည်းက ရပ်နားထားတာဖြစ်ပြီး ဘတ်ကနေ ကျပ်လိုသူတွေကိုတော့ ဆက်ပြီးလဲပေးနေတယ်လို့ အဆိုပါအမျိုးသားက ပြောပါတယ်။
လက်ရှိငွေဈေးအရ ထိုင်းဘတ်ငွေတစ်ထောင်လိုချင်ရင် မြန်မာကျပ် ၁၂၀,၀၀၀ ဝန်းကျင် အထက်နဲ့ ပေးဝယ်နေရတာ ဖြစ်ပါတယ်။
“လုပ်သက်တလျှောက် အခုလောက်ထိထိုးကျတာမျိုးလုံးဝမဖြစ်ဖူးဘူး။ အခုက တဖြည်းဖြည်းကျတာ လည်းမဟုတ်ဘူး။ အမြင့်ကနေပစ္စည်းတစ်ခုပစ်ချလိုက်သလိုကို တဟုန်ထိုးကျသွား တာ။” လို့ ငွေလဲလှယ်လုပ်ငန်းလုပ်နေတာငါးနှစ်ရှိပြီဖြစ်တဲ့အမျိုးသမီးတစ်ဦးကပြောပါတယ်။
ကျပ်ငွေတန်ဖိုးထိုးကျနေတာ ကြောင့်အမေရိကန်တစ်ဒေါ်လာကို ၄၄၀၀ ကျပ်ထိဖြစ်လာပြီး မေလ ၂၇ ရက်နေ့ကတည်းက အမေရိကန်တစ်ဒေါ်လာကို ၄၂၀၀ ကျော်ထိ စျေးပေါက်နေတာဖြစ်ပါတယ်။
ထိုင်းငွေတစ်ဘတ်ကို မြန်မာငွေ ၁၀၀ ကျပ်ဝန်းကျင်နဲ့ ငြိမ်နေတဲ့ငွေဈေးကွက်ဟာ အခုနှစ်ဖေဖော်ဝါရီ လကတည်းက ၁၀၀ ကျပ်နဲ့အထက်ဖြစ်လာပြီး အခုလ ၁၅ ရက်နေ့မှာ ၁၁၀ ကျပ်အထိ တရိပ်ရိပ်မြင့်တက်လာခဲ့ပါတယ်။ အဲဒီကနေတဆင့် နှစ်ပတ်အကြာ ဒီကနေ့မှာတော့ ၁၂၅ ကျပ်အထိဖြစ်လာတာလို့ ငွေလဲလုပ်ငန်လုပ်ကိုင်နေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လနဲ့ ဩဂုတ်လတွေမှာထွက်ပေါ်လာတဲ့ နှစ်သောင်းကျပ်တန်ငွေစက္ကူ အသစ်ထုတ်မယ်ဆိုတဲ့သတင်းနဲ့ ထိုင်းဘတ်ငွေကို နိုင်ငံတကာငွေပေးချေမှုနဲ့စာရင်းရှင်း လင်းမှုငွေကြေးအဖြစ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ထိုင်းငွေတစ်ဘတ်ကို ၁၀၀ ကျပ်အထိ ငွေဈေးထိုးကျခဲ့ဖူးပါတယ်။
ကျပ်ငွေဈေးကျဆင်းလာတာနဲ့အတူ ပြည်တွင်းရွှေဈေးကွက်မှာလည်း ဒီကနေ့ ညနေ ၄ နာရီပေါက်ဈေးအရ အခေါက်ရွှေတစ်ကျပ်သားကို ၅၅ သိန်းကျော်အထိ မြင့်တက်လာတာကြောင့် ရွှေအရောင်းဆိုင်တချို့ အခေါက်ရွှေအရောင်းရပ်နားထားတာတွေရှိလာနေတယ်လို့ သိရပါတယ်။ မနေ့ကအထိ အခေါက်ရွှေဈေးဟာ ၅၂ သိန်းဝန်းကျင်အထိရှိခဲ့တာပါ။
စစ်ကောင်စီ အာဏာမသိမ်းခင် ၂၀၂၀ခုနှစ်ကဆိုရင် အခေါက်ရွှေတစ်ကျပ်သားကို ၁၃ သိန်းသာရှိခဲ့ပါတယ်။
ဖော်ပြထားတဲ့ဈေးနှုန်းတွေဟာ နေရာဒေသပေါ်မူတည်ပြီးအနည်းငယ်ကွာခြားနိုင်ပါတယ်။
ငွေဈေးကမောက်ကမဖြစ်ပြီး ပြည်တွင်းရွှေဈေးကွက်မှာ ဈေးနှုန်းတွေမြင့်တက်နေတာဟာ နိုင်ငံရေးအခြေ အနေနဲ့တိုက်ရိုက်သက်ဆိုင်နေတာကြောင့် နိုင်ငံရေးမတည်ငြိမ်သရွေ့ ငွေဈေးတက်လာဖို့မရှိဘူးလို့လည်း ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေက သုံးသပ်ပြောဆိုပါတယ်။
The Tanintharyi Times