တနင်္သာရီ၊ လယ်တောင်ယာရွာက အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံး
တနင်္သာရီ၊ လယ်တောင်ယာရွာက အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံး

တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။
သေဆုံးသူဟာ ဒေါ်ကင်းဖြစ်ပြီး အသက် ၅၆ နှစ်အရွယ်ရှိပါပြီ။ မနေ့က မနက်ပိုင်းမှာ စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီးကျည် အိမ်ဘေးနား ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေါ်ကင်းရဲ့ ညာဘက်လက်က လက်ချောင်းတွေနဲ့ ညာဘက်ဂျိုင်းအောက်နံရိုးကြားတွေကို ကျည်စတွေထိမှန်ကာ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“လက်ခလယ်မှာဆို အရိုးကျိုးပြီး အသားတွေပါလန်တွေ ထွက်နေတယ်။” လို့ ဒေသခံကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ကျည်စထိမှန်ဒဏ်ရာတွေကို တနင်္သာရီမြို့နယ်ရှိ ပြည်သူ့ဆေးရုံမှာ ကုသမှုချက်ချင်းခံယူခဲ့ပေမဲ့ စိုးရိမ်ရတဲ့ အခြေအနေကြောင့် မြိတ်မြို့ဆေးရုံတစ်ခုဆီ ပြောင်းရွှေ့ကုသခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒါပေမဲ့ အဲဒီနေ့ည ၁၀ နာရီခွဲလောက်မှာပဲ မြိတ်မြို့ကဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း ဆုံးပါးသွားခဲ့ပါတယ်။
ဒေါ်ကင်းတို့ရှိတဲ့ လယ်တောင်ယာရွာနဲ့ တမုတ်ချုံးရွာကြားမှာ တော်လှန်ရေးတပ်ဖွဲ့တစ်ခုက စစ်ဆေးရေးဂိတ်တစ်ခုကို အခုလ ၂၅ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီးနောက်မှာ စစ်ကောင်စီတပ်ကနေ အဲ့ဒီဂိတ်အနီးတဝိုက်ကို လက်နက်ကြီးနဲ့ နေ့တိုင်းနီးပါး ပစ်ခတ်နေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဥယျာဉ်ခြံလုပ်ကိုင်သူ လယ်တောင်ယာရွာခံအမျိုးသားတစ်ဦးက “ စစ်တပ်ကလည်း နှစ်ဆယ့်လေးနာရီလုံးပစ်တယ်။ ဘယ်နေ့ ကျနော်တို့ ခေါင်းပေါ်လာကျမလဲပဲ။” ပြောပါတယ်။
အဆိုပါစစ်ဆေးရေးဂိတ် မဖွင့်ခင်ကတည်းကလည်း တနင်္သာရီဆင်ခြေဖုံးကျေးရွာအုပ်စုဖြစ်တဲ့ လယ်တောင်ယာရွာဘက်ကို စစ် ကောင်စီတပ်က လက်နက်ကြီးနဲ့ မကြာခဏပစ်ခတ်လေ့ရှိတာကြောင့် ဒေသတွင်း လူနေအိမ်၊ ဥယျာဉ်ခြံနဲ့ လူထိခိုက်ပျက်စီးတာတွေရှိခဲ့ဖူးပါတယ်။
လွန်ခဲ့တဲ့နှစ်ပတ်ခန့်ကလည်း တနင်္သာရီမြို့ဆေးရုံကနေ လယ်တောင်ယာရွာကိုပြန်လာတဲ့ သူနာပြုဆရာမနဲ့ခင်ပွန်းဖြစ်သူတို့ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးကျည်ထိမှန်ကာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဆေးကုသမှုခံယူခဲ့ရပါတယ်။
တနင်္သာရီတိုင်းမ်က ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရ အခုလအတွင်း စစ်ကောင်စီပစ်တဲ့လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရထားသူ ၁၂ ဦးအထိရှိနေပြီး သေဆုံးသူ တစ်ဦး ရှိပါတယ်။
The Tanintharyi Times