စစ်ကောင်စီရဲ့ ပစ်မှတ်ဖြစ်လာတဲ့ မြင်းစီးသူတွေ

စစ်ကောင်စီရဲ့ ပစ်မှတ်ဖြစ်လာတဲ့ မြင်းစီးသူတွေ

“အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်” လို့ တရားသူကြီး အမိန့်ချတဲ့အချိန် ကာယကံရှင် ကိုသက်(အမည်လွှဲ)က  တုံဏှိဘာဝေပါ။
 
သူဟာ ထားဝယ်အကျဥ်းထောင်ထဲကို သူ့ဆန္ဒနဲ့သူ လိုလိုလားလား ဝင်လာခဲ့သူဖြစ်တာကြောင့် အထူးအထွေပူဆွေးမှုမရှိ၊ အရီအပြုံးမပျက်။
 
အနည်းဆုံးတော့ ထောင်ထဲမှာနေရင် မသေနိုင်တော့ဘူးလို့ ကိုသက်က ရီရီ‌မောမောပြောတဲ့အကြောင်း ထောင်ကလွတ်လာတဲ့သူရဲ့ မိတ်ဆွေကပြန်ပြောပြတယ်။
 
သူဟာပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ထားဝယ်မြို့ပေါ်မှာ သူ့ရဲ့သူငယ်ချင်းတစ်ယောက်နဲ့အတူ အရပ်ထဲမှာ မြင်းဆေးလို့ အလွယ်ခေါ်ကြတဲ့  WY မူးယစ်ဆေးသုံးစွဲမှုနဲ့ ဖမ်းဆီးခံရပါတယ်။ ရဲစခန်းရောက်ချိန်မှာတော့ သူတို့ကို ထိုးကြိတ်ရိုက်နှက်ကြပြီး စစ်ကောင်စီတပ်သားက မေးခွန်းတစ်ခုမေးပါတယ်။
 
အဲဒါကတော့ “နှစ်နှစ်စစ်မှုထမ်းမလား၊ ဆေးမှုနဲ့ထောင်နှစ်ရှည်ကျခံမလား”ဆိုတာပါပဲ။
 
စစ်ကောင်စီဟာ စစ်အာဏာသိမ်းပြီးသုံးနှစ်အကြာမှာ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး တစ်နိုင်ငံလုံးက လူငယ်တွေကို အိမ်မက်ဆိုးမက်စေခဲ့ပါတယ်။
 
စစ်မှုထမ်းခေါ်မယ်လို့ ကြေညာပြီးတစ်နှစ်အတွင်းမှာ တစ်နိုင်ငံလုံးက စစ်မှုထမ်းသင်တန်းကျောင်း ၂၃ ကျောင်းမှာ နည်းအမျိုးမျိုးနဲ့ခေါ်ယူပြီး တပ်သားသစ်စုဆောင်းနေတာဟာ စစ်မှုထမ်းအပတ်စဥ် ဆယ်ခုအထိရှိလာပါပြီ။
 
စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Spring Revolution Database (SRD) အဖွဲ့ရဲ့ အစီရင်ခံစာအရ အပတ်စဥ် ဆယ်ခုအတွင်း အရပ်သားလူငယ် တစ်သောင်းနှစ်ထောင်ကျော်ကို ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
 
တစ်နှစ်တာရုပ်ရှင်ပိတ်ကားပေါ်မှာ ထိုင်းနိုင်ငံကပြန်ပို့တဲ့လူငယ်တွေကို စစ်သင်တန်းဆီကို အလုံးအရင်းနဲ့ခေါ်ဆောင်သွားတာ၊ ပေါ်တာဆွဲတာ၊ ရပ်ကွက်အလိုက်မဲနှိုက်ရွေးချယ်ခိုင်းတာနဲ့ စစ်ဆေးရေးဂိတ်တွေနဲ့ နေအိမ်တွေပေါ်အထိတက်ပြီးဖမ်းဆီးခေါ်ဆောင်တာတွေကို မျက်ဝါးထင်ထင်မြင်ခဲ့ရပြီး မဟုတ်ပါလား။
 
အခုတခါကတော့ စစ်ကောင်စီဟာ မူးယစ်ဆေးသုံးစွဲမှု နဲ့ဖမ်းဆီးပြီး စစ်မှုထမ်းရင်ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးမယ်ဆိုတဲ့ ဖဲတစ်ချပ်ကို ဆွဲထုတ်လာပြန်ပါတယ်။ ဘန်းစကားနဲ့ မြင်းစီးတယ်လို့ ပြောဆိုလေ့ရှိတဲ့ WY မူးယစ်ဆေးရဲ့သားကောင်ဖြစ်နေတဲ့ လူငယ်တွေဟာ ပစ်မှတ်ဖြစ်လာနေပါတယ်။

 
■  စစ်ကောင်စီရဲ့ အမဲလိုက်နည်းသစ်
 
ကျေးလက်ဒေသတွေကို နယ်မြေမစိုးမိုးနိုင်တော့တဲ့ စစ်ကောင်စီဟာ တနင်္သာရီတိုင်းမှာဆိုရင် သူတို့ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ထားဝယ်၊ မြိတ်နဲ့ ကော့သောင်း အပါအဝင်မြို့ပေါ်တွေမှာ စစ်ဆေးဖမ်းဆီးတာတွေကိုအဓိက လုပ်ဆောင်နေတာဖြစ်ပါတယ်။
 
ဧည့်စာရင်းမတိုင်လို့ဆိုပြီး ဖမ်းဆီးခံရတာတွေနဲ့ ညမထွက်ရအမိန်နဲ့ ဖမ်းဆီးတာတွေဟာ စစ်ကောင်စီအတွက် ငွေရှာမယ့်လမ်းတွေလို့ ဆိုနိုင်ပါတယ်။
 
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ ဝဲကျွန်းရပ်ကွက်၊ အိမ်ရှေ့ ပြင်ရပ်ကွက်က တခြားနယ်ခံနဲ့ ခရီးသွား ၇၀  လောက်ကို ဧည့်စာရင်းမတိုင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ဖူးပါတယ်။ အဲဒီနောက် ကျပ်ငွေ သိန်းဂဏန်းတောင်းပြီးမှ ပြန်လွှတ်လိုက်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
 
တခြားမြို့နယ်တွေမှာလည်း အလားတူဖမ်းဆီးပြီးနောက် ငွေတောင်းပြီးပြန်လွှတ်တဲ့ဖြစ်စဥ်တွေ အများအပြားရှိနေတာပါ။
 
တနင်္သာရီတိုင်းမ်က စုစည်းထားတဲ့အချက်အလက်တွေအရ အခုနှစ် ဇန်နဝါရီလမှာ အရပ်သား ၂၅၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲကအများစုဟာ စစ်ကောင်စီကို ငွေပေးပြီးမှ ပြန်လွတ်လာတာပါ။
 
သို့ပေမဲ့ မူးယစ်ဆေးဝါးအမှုတွေကတော့ စစ်ကောင်စီရဲ့ ငွေဝင်လမ်းထက် တပ်သားသစ်ရဖို့ကို ပိုဦးတည်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
 
မြိတ်မြို့မှာ အခုလ ၂ ရက်နေ့ညပိုင်းက တပ်ပြင်ရပ်ကွက်မှာရှိတဲ့ ဝက်သတ်ရုံကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်ဖမ်းဆီးပြီး အမျိုးသား ၁၁ ဦးကို မူးယစ်ဆေးဝါး အရောင်းအဝယ်လုပ်တယ်လို့စွပ်စွဲဖမ်းဆီးသွားတဲ့ဖြစ်စဥ်ကလည်း ထင်ရှားပါတယ်။
 
အဲဒီအမျိုးသားတွေကိုလည်း စစ်ကောင်စီက နှစ်နှစ်စစ်မှုထမ်းမလား ထောင်ကျခံမလားဆိုတဲ့ မေးခွန်းကိုမေးခဲ့ပါတယ်။ မိသားစုဝင်တချို့က ငွေကြေးနဲ့ညှိနှိုင်းခဲ့ပေမဲ့ စစ်ကောင်စီဘက်က လက်မခံခဲ့ပါဘူး။
 
သူတို့ထဲက ၉ ဦးကိုတော့ မြိတ်မြို့၊ လေတပ်ထဲကို ဖမ်းခေါ်သွားပြီးနောက် စစ်မှုထမ်းတပ်သားသစ်တွေကိုပို့တဲ့ မြိတ်မြို့နယ်၊ ရွှေဒူးရွာက တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း (တိုက်/စည်း)ကိုပို့ဆောင်လိုက်တယ်လို့ နီးစပ်တဲ့မြို့ ခံတွေ ဆိုတယ်။
 
“ဆေးမှုနဲ့ ထောင်ထဲမှာ ၁၇ နှစ် နေမလား။ ၂ နှစ် စစ်မှုထမ်းမလားမေးတယ်” လို့ အဖမ်းခံရသူနဲ့ နီးစပ်တဲ့ မြိတ်မြို့ခံ အမျိုးသားက ပြောပြပါတယ်။
 
အလားတူ အခုလ ဒုတိယပတ်အတွင်းမှာလည်း တနင်္သာရီမြို့ ပေါ်ရပ်ကွက်တွေက ဒေသခံ ၂၀ လောက်ကို စစ်ကောင်စီတပ်က မူးယစ်ဆေးဝါးသုံးစွဲလို့ဖမ်းဆီးခဲ့ပါတယ်။ သူတို့ကိုလည်း စစ်မှုထမ်းသင်တန်းပို့ဖို့လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေက ဆိုပါတယ်။
 

■  အကြောက်တရားနဲ့ မက်လုံး
 
စစ်အာဏာမသိမ်းခင်က မူးယစ်ဆေးဝါးအမှုဟာ ဖမ်းဆီးခံရမှုအများဆုံး ရာဇဝတ်မှုဖြစ်ပါတယ်။
 
နွေဦးတော်လှန်ရေးမတိုင်ခင်က တနင်္သာရီတိုင်းမှာရှိတဲ့ အကျဥ်းထောင်တွေရဲ့ ‌အကျဥ်းသား ၈၀ ရာခိုင်နှုန်းလောက်ဟာ မူးယစ်ဆေးဝါးအမှုတွေနဲ့ ထောင်ကျနေသူဖြစ်တယ်လို့ မူးယစ်မှုနဲ့ထောင်ကျဖူးသူတွေကဆိုပါတယ်။
 
မြန်မာနိုင်ငံမှာ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ရောင်းချမှုတွေဟာ ထောင်ဒဏ်နှစ်ရှည်ကျခံနိုင်တဲ့ ပြစ်ဒဏ်တွေအပြစ် သတ်မှတ်ထားပါတယ်။
 
အလွယ်ဆိုရရင်တော့WY ဆေးပြား ၃၀ နဲ့အထက် ဖမ်းမိတဲ့အခါ  မူးယစ်ဆေးဝါးရောင်းချမှု ပုဒ်မ ၁၉ (က) အရ ၁၀ နှစ်နဲ့အထက် ထောင်ဒဏ်ရှိပါတယ်။ ဆေးပြား ၃၀ နဲ့အောက်ဆိုရင်တော့ သုံးစွဲသူအဖြစ်သတ်မှတ်ပြီး ထောင်ဒဏ် ၅ နှစ်ကနေ ၁၀ နှစ်ကြား သတ်မှတ်ထားတာပါ။
 
အဲဒီအချက်ကလည်း စစ်မှုထမ်းတာကို ရွေးချယ်စေဖို့အတွက် အားသာစေတယ်လို့ ထားဝယ်ထောင် အကျဥ်းသားဟောင်းတစ်ဦးက သုံးသပ်ပါတယ်။
 
“တခြားခိုးဆိုးလုနှိုက်မှုတွေက ထောင်ကျလည်း ဆေးမှုလောက်မကြာဘူး။ ဆေးမှုကျတော့ ဆယ်နှစ်ကျော်တော့မနေဘူး သေရင်မြေကြီးရှင်ရွှေထီးဆိုပြီးလုပ်တဲ့ပုံပဲ” လို့ ပြီးခဲ့တဲ့နှစ်မှာ ထားဝယ်ထောင်ကလွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသား ကိုဇော်(အမည်လွှဲ)က ပြောပါတယ်။
 
စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ မူးယစ်ဆေးထိန်းချုပ်ရေးဗဟိုကော်မတီ(CCDAC) ရဲ့ကြေညာချက်တွေမှာတော့ အခုနှစ်အတွင်း မြိတ်မြို့နယ်နဲ့ ကျွန်းစုမြို့နယ်တွေက မူးယစ်ဆေးဝါးအမှု သုံးမှုမှာ ပါဝင်သူ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား လေးဦးတို့ကို ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။
 
အထက်မှာဖော်ပြခဲ့တဲ့ ထားဝယ်၊ မြိတ်နဲ့ တနင်္သာရီက ဖြစ်စဥ်တွေကတော့  မူးယစ်ဆေးထိန်းချုပ်ရေးဗဟိုကော်မတီ(CCDAC) ရဲ့ထုတ်ပြန်ချက်တွေမှာ မတွေ့ ရပါဘူး။

 
■  တောင်ပိုင်းက မူးယစ်ဆေး ပိတ်ကား
 
စစ်အာဏာသိမ်းပြီးနောက် အခြေခံစားသောက်ကုန်အပါအဝင် အစစအရာရာ စျေးနှုန်းခေါင်ခိုက်နေပေမဲ့ မူးယစ်ဆေးဝါးတွေကတော့ ဆန့်ကျင်ဘက်အနေနဲ့ စျေးလျှော့လာခဲ့ပါတယ်။
 
အထူးသဖြင့် WY ဆေးပြားတွေဟာ အာဏာမသိမ်းခင်က ဆေးပြားတစ်ပြား လေးငါးထောင်ကနေ လက်ရှိမှာ ငွေကျပ်တစ်ထောင်လောက်နဲ့ ဝယ်ယူလို့ရနေတယ်လို့ လူငယ်တွေကဆိုတယ်။
 
“စျေးကလည်းပေါလာတယ်၊ လွယ်လည်းလွယ်တယ်။ ဒီကြားထဲ ဟိုသွားဒီသွားလုပ်လို့မရ၊ အလုပ်အကိုင်အခွင့်အလမ်းမရှိ၊ အနာဂတ်တွေပျောက်ကြတယ်။ ဒါတွေလည်း မူးယစ်ဆေးပိုသုံးလာစေတာပဲ” လို့ အသက်လတ်ပိုင်းအရွယ် ကော့သောင်းမြို့ခံတစ်ဦးကပြောတယ်။
 
မူးယစ်ဆေးတွေ ပျံ့နှံ့ဖို့ အားကြိုးမာန်တက်ပါဝင်နေသူကလည်း စစ်ကောင်စီပဲဖြစ်ပါတယ်။ ဒီစကားကိုတော့ ကော့သောင်းမြို့နယ်၊ ဘာလိအော်ကျေးရွာက ဒေသအကြောင်းနှံ့စပ်တဲ့ ကိုသူရ(အမည်လွှဲ)က ပြောတာပါ။ 
 
“မြင်း(WYဆေးပြား)က ဂိတ်မှာပေါ်တင်ဖြတ်တာပဲ။ များများသယ်လေကြိုက်လေပေါ့။ သူတို့တခေါက်ကို ငါးသိန်းလောက်အထိရတယ်” လို့  ကိုသူရက ပြောပါတယ်။
 
အိမ်နီးချင်းထိုင်းနိုင်ငံမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြတဲ့ ဝိလို့ခေါ်တဲ့ ဆေး‌ခြောက်နဲ့ အာဆီယမ်လို့ခေါ်တဲ့ ဘိန်းစာရွက်ပြုတ်ရည်တွေဟာလည်း တနင်္သာရီတိုင်းအတွင်းက လူငယ်တွေကြားမှာ သုံးစွဲမှုသိသိသာသာများလာပါတယ်။
 
ထားဝယ်မြို့ခံ လူငယ် ကိုဘုန်းက ထားဝယ်မြို့က လမ်းပေါ်မှာဝိကိုလက်ကြားညှပ်ပြီးသွားတာတွေ၊ အများသုံးအိမ်သာတွေမှာ ဝိအနံ့ရတာတွေပိုကြုံလာရတယ်လို့ ဆိုတယ်။
 
“ကျနော်တို့ကတော့ သိနေတာပေါ့။ ပစ္စည်းတွေကလည်း အမျိုးအစားပိုကောင်းလာတယ်။ ပွင့်လည်းပွင့်လင်းလာကြတယ်” လို့ ထားဝယ်မြို့ခံ ကိုဘုန်းက ပြောပါတယ်။
 
ဝိလို့ခေါ်တဲ့ဆေးခြောက်နဲ့ အာဆီယံလို့ခေါ်တဲ့ ဘိန်းစာရွက်တွေဟာ မူးယစ်ဆေးဝါးစာရင်းဝင် ဟုတ်မဟုတ် အမြင်မတူတာတွေ ရှိပေမဲ့ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ မူးယစ်ဆေးဝါးဥပဒေမှာတော့ နှစ်မျိုးစလုံးကို မူးယစ်ဆေးလို့ သတ်မှတ်ထားပါတယ်။
 
အဲဒါတွေကိုသုံးစွဲလို့ ဖမ်းမိရင်လည်း WY ဆေးပြားနည်းတူ  နှစ်ရှည်ထောင်ဒဏ်တွေ နှစ်ရှည်ကျခံရဖို့ရှိနေတာကြောင့် စစ်ကောင်စီရဲ့ အကြိုက်ဖြစ်နေပြန်ပါတယ်။

 
■  လမ်းဆုံနဲ့ လမ်းဆုံး
 
 တော်လှန်ရေးတပ်ဖွဲ့ဘက်ကတော့ မြို့ပေါ်မှာနေထိုင်တဲ့ လူငယ်တွေ အရင်ကထက်ပိုမိုသတိထားကြဖို့လိုတယ်လို့ သတိပေးကြပါတယ်။
 
ထားဝယ်ခရိုင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ DDT ရဲ့တာဝန်ခံ ကိုရေလှိုင်းက စစ်မှုထမ်းဖို့ ရွေးချယ်လိုက်ရပြီဆိုရင်လည်း ချိတ်ဆက်ပြီးအလင်းဝင်လာဖို့ အတွက် တိုက်တွန်းပါတယ်။
 
“ဘယ်လိုပဲဖြစ်ဖြစ် ချိတ်ဆက်လာဖို့ပါပဲ။ သေနတ်ကိုင်ဖို့ရွေးရင်လည်းရွေးပေါ့။ မူးယစ်ဆေးသုံးမှမဟုတ်ပါဘူး စွပ်စွဲပြီးလည်းဖမ်းဆီးနိုင်တာပဲ။ ရောက်သွားရင်တော့ ချိတ်ဆက်ဖို့ပါပဲ” လို့ DDT ရဲ့တာဝန်ခံ ကိုရေလှိုင်းကပြောပါတယ်။
 
ကိုရေလှိုင်းဟာ စစ်အာဏာမသိမ်းခင်က လောင်းလုံးမြို့နယ်မှာ ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး ငါးနှစ်ဝန်းကျင် မူးယစ်ဆေးဝါးဖမ်းဆီးမှုတွေမှာ ပါဝင်ခဲ့သူပါ။
 
အတွင်းသိအစင်းသိဖြစ်နေတဲ့ ကိုရေလှိုင်းကတော့ စစ်ကောင်စီတပ်သားနဲ့ရဲတွေဟာ အရင်ကတည်းက မူးယစ်ဆေးဝါးဒိုင်တွေနဲ့ ပူးပေါင်းနေသလို မူးယစ်ဆေးဝါးတွေကို ကိုယ်တိုင်ဖြန့်ဖြူးရောင်းချသူတွေလည်းဖြစ်တယ်လို့ တထစ်ချဆိုတယ်။
 
နိုင်ငံရေးအကျဥ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကတော့ စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ်မှာစိုးရိမ်နေပါတယ်။
 
စစ်ကောင်စီရဲ့ အခုလုပ်ဆောင်ချက်ဟာ လူငယ်တွေကြားမှာ မူးယစ်ဆေးဝါးသုံးစွဲရင်လည်း စစ်မှုထမ်းလိုက်ရင်ရတာပဲ ဆိုတာမျိုးဖြစ်လာနိုင်တယ်လို့ မှတ်ချက်ပြုပါတယ်။
 
“အတွေးမှား အမြင်မှားနဲ့ ရာဇဝတ်မှုတွေပိုလုပ်လာအောင် တွန်းပို့နေတယ်။ ကျောင်းသားလူငယ်တွေကိုလုပ်တဲ့ နိမ့်ကျတဲ့လုပ်ရပ်ပေါ့ဗျာ။ လူငယ်တွေကို အိမ်ကြက်ချင်း အိုးမဲသုပ်ပြီးခွပ်ခိုင်းတာမျိုးပဲ” လို့ ဦးထွန်းကြည်က ပြောတယ်။
 
နှစ်နှစ်စစ်မှုထမ်းဖို့ ဖိအားပေးခံရတာကို ငြင်းဆန်ခဲ့တဲ့ ထားဝယ်မြို့က ကိုသက်တစ်ယောက်တော့  ထောင်ဒဏ် ၁၀ နှစ်ချခံထားရပါတယ်။ သူနဲ့အတူအဖမ်းခံရတဲ့ သူငယ်ချင်းက‌ ရော ဘယ်ရောက်နေပါသလဲ။
 
မြိတ်ခရိုင်၊ ပုလောမြို့နယ်အခြေစိုက် အမှတ် ၁၂ တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးသင်တန်းကျောင်းက ယူနီဖောင်းဝတ် စစ်မှုထမ်းသင်တန်းသားတစ်ဦး ဖြစ်နေပါပြီ။

ခေတ်

The Tanintharyi Times