ပုလောမှာ ဖမ်းဆီးခံရတဲ့ ဆယ်ကျော်သက်လူငယ်သုံးဦး တစ်ပတ်နီးပါးကြာတဲ့အထိပြန်မလွတ်သေး

ပုလောမှာ ဖမ်းဆီးခံရတဲ့ ဆယ်ကျော်သက်လူငယ်သုံးဦး တစ်ပတ်နီးပါးကြာတဲ့အထိပြန်မလွတ်သေး

ပုလောမြို့နယ်၊ နန်းတောင်ရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ဆယ်ကျော်သက်အရွယ် ယောက်ျားလေးသုံးဦး ဒီကနေ့ထိ ပြန်လွတ်လာတာမျိုးမရှိသေးဘူးလို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

အသက် ၁၅ နှစ်ဝန်းကျင်သာရှိသေးတဲ့ အဲဒီယောက်ျားငယ်လေးသုံးဦးဟာ ပဝတ်ကုန်းရွာသားတွေဖြစ်ပြီး အခုလ ၂၂ ရက်နေ့မနက်ပိုင်းက ဖမ်းဆီးခံခဲ့ရတာပါ။

ဖမ်းဆီးခံရတဲ့ ယောက်ျားငယ်လေးသုံးဦးထဲကတစ်ဦးရဲ့ မိသားစုနဲ့ နီးစပ်သူအမျိုးသားတစ်ဦးက “အဆက်သွယ်လည်းမရ ဘယ်သူ(မှ)လည်း မတွေ့ရဆိုတော့ ဖြစ်နိုင်ခြေကအမျိုးမျိုးရှိတယ်။ မျှော်လင့်စရာတော့ သိပ်မရှိဘူး။” လို့ ပြောပါတယ်။

မျက်မြင်ဒေသခံတွေရဲ့ ပြောပြချက်အရ သူတို့သုံးဦးလုံးကို ဖမ်းဆီးချိန်မှာ လက်နောက်ပြန်ကြိုးတုပ်ကာ အပြင်းအထန် ရိုက်နှက် နှိပ်စက်ခဲ့တယ်လို့ သိရပါတယ်။

သုံးဦးလုံးကို ပုလောမြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၂၈၅)ဆီကို ဖမ်းခေါ်သွားတယ်လို့သာ မိသားစုဝင်တွေအနေနဲ့သိထားရပြီး တစ်ပတ်နီးပါးကြာလာတဲ့အချိန်ထိအဆက်အသွယ် လုံးဝမရသေးတာပဲ ဖြစ်ပါတယ်။

ပုလောမြို့အခြေစိုက် ခလရ(၂၈၅)ကိုပို့ခံလိုက်ရတဲ့ ဖမ်းဆီးခံအရပ်သားတိုင်းအများစုဟာ ပြန်လွတ်လာသူ အနည်းအကျဉ်းသာရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြစ်မှုကျူးလွန်တယ်လို့ ယူဆခံရသူတစ်ဦးဦးဟာ အသက် ၁၈ နှစ်မပြည့်သေးပါက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအရ အခွင့်အရေးတွေ တရားဝင်ပေးအပ်ရမှာပါ။ ရိုက်နှက်တာ၊ တခြားအချုပ်သားတွေနဲ့ရောထားတာမျိုး မလုပ်ရသလို အကျဉ်းချချိန်မှာ ထောင်မချဘဲလူငယ်ပြုပြင်ရေးစခန်းကိုပို့တာ စတာတွေကို ပြုလုပ်ရမှာဖြစ်ပေမယ့် စစ်ကောင်စီကတော့ လျစ်လျူရှုထားပါတယ်။

အခုလအတွင်း ပုလောမြို့နယ်၊ သဲပုံရွာမှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအဖွဲ့ဝင်ဆိုသူတွေဖမ်းဆီးခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသားနဲ့ မီးလောင်ချောင်းရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးခဲ့တဲ့ အရပ်သား သုံးဦးလည်း သတင်းအစအနမရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

The Tanintharyi Times