“ တစ်ပတ်တာ မြန်မာ ”
“ တစ်ပတ်တာ မြန်မာ ”
နိုင်ငံတဝှမ်းမှာ စက်တင်ဘာ ၂၁ ရက်ကနေ ၂၇ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ်တွေကို ကောက်နှုတ်ပြီး တနင်္သာရီတိုင်းမ်စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။
စစ်ရေးအခြေအနေ
- တော်လှန်ရေးတပ်ဖွဲ့တွေကို နိုင်ငံရေးဆွေးနွေးဖို့ စစ်ကောင်စီဖိတ်ခေါ်
တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်ကြောင်း စစ်ကောင်စီက အခုလ ၂၆ ရက်မှာ စာထုတ်ပြန်ပါတယ်။ ထာဝရငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူတွေနဲ့အတူ လက်တွဲဖော်ဆောင်နိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အကြမ်းဖက်အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ လက်နက်ကိုင်တိုက်ခိုက်တဲ့ လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်း စတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေးအတွက် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ကမ်းလှမ်းတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီအနေနဲ့ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်တာ ပထမဆုံးဖြစ်ပါတယ်။
- ရှမ်းပြည်မှာ စစ်ကောင်စီက အင်အားအလုံးအရင်း ထပ်ဖြည့်နေ
ရှမ်းပြည်နယ်မြောက်ပိုင်းက မြောက်ပိုင်းညီနောင်သုံးဖွဲ့ သိမ်းပိုက်ထားတဲ့ မြို့တွေကို ပြန်လည်ထိုးစစ်ဆင်နိုင်ဖို့ စစ်ကောင်စီတပ်က စစ်ယာဥ်တန်းတွေနဲ့ စစ်အင်အားတွေ ပို့နေတယ်လို့ သတင်းမီဒီယာတွေက ဖော်ပြပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူး၊ လဲချားနဲ့ ကျေးသီးမြို့တွေကနေ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီလက်အောက် ရှိနေသေးတဲ့ မိုင်းရယ်၊ တန့်ယန်းနဲ့ နမ့်လန်မြို့တွေဘက်ကို ပို့နေတာလို့ သိရပါတယ်။ အဲဒီစစ်ကြောင်းတွေဟာ စစ်ကောင်စီရဲ့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ ခိုလမ်မြို့ကနေ ထွက်လာတာဖြစ်ပြီး အင်အား တစ်ထောင်နီးပါး ရှိတယ်လို့ RFA က ဖော်ပြပါတယ်။ ဆုံးရှုံးရတဲ့ မြို့တွေကိုပြန်ရအောင် မြေပြင်နဲ့ ဝေဟင် ပူးပေါင်းစစ်ဆင်ရေး ဆောင်ရွက်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က တောင်ကြီးမြို့မှာ ပြောကြားပြီးနောက်မှာ လက်လွှတ်ခံခဲ့ရတဲ့ မြို့တွေကို လေကြောင်းကနေ ဗုံးကြဲတာတွေ နေစဥ်ပြုလုပ်နေပါတယ်။ ကိုးကန့်တပ်သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို ဒီကနေ့ မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့လို့ မြို့မဈေးကြီးနဲ့ လူနေအိမ်တချို့ ထိခိုက်ကာ အရပ်သားနှစ်ဦး သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၄ ရက်နေ့ကလည်း လားရှိုးက ဟိုတယ်နှစ်လုံး ဗုံးကြဲခံရပြီး အရပ်သားတွေ သေဆုံးတာနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ဆယ်ဦးကျော်ရှိခဲ့ပါတယ်။ ကိုးကန့်တပ်ကတော့ ရပ်ရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု လုပ်ရပ်တွေဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်မြှင့်တင်ရေး ဆောင်ရွက်နေသူတွေရဲ့ ကြိုးပမ်းမှုကို ထိခိုက်စေတယ်လို့ အခုလ ၂၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
- ဖားကန့်က တိုက်ပွဲ သုံးပတ်ကြာချိန်အထိ ပြင်းထန်နေဆဲ
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာက Lucky Man ဟိုတယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ KIA၊ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာ အချိန်သုံးပတ်နီးပါး ရှိလာပါပြီ။ အခုလ ၇ ရက်နေ့က စတင်ခဲ့တဲ့ အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းကော လက်နက်ကြီးနဲ့ တိုက်ခိုက်မှုတွေ နေ့စဥ်ပြုလုပ်နေတယ်လို့ ဒေသခံတွေက မီဒီယာတွေကို ပြောထားပါတယ်။ စစ်ကောင်စီရဲ့ စီးပွားရေးအရ အရေးပါတဲ့ ဖားကန့်မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ရင် ဘဏ္ဍာငွေ တစ်စိတ်တစ်ပိုင်းကို ဖြတ်တောက်နိုင်လိမ့်မယ်လို့ KIA က ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောထားတာ ရှိပါတယ်။ ဖားကန့်မှာ ရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၂၀ ကျော်ထဲက တပ်စခန်းအများစုကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူထားပါတယ်။ စစ်ကောင်စီဟာ KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူထားတဲ့ ကချင်ပြည်နယ်ထဲက မိုးမောက်မြို့ကိုလည်း အင်အားအလုံးအရင်းနဲ့ ပြန်လည်ထိုးစစ်ဆင်နေတာ ရှိပါတယ်။
နိုင်ငံတကာ ဆက်ဆံရေး
- NUG နဲ့ တော်လှန်ရေးတပ်ဖွဲ့တချို့ကို နှီးနှောဖလှယ်ပွဲတက်ဖို့ အိန္ဒိယဖိတ်ကြား
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ လာမဲ့နိုဝင်ဘာလထဲမှာ ကျင်းပဖို့ရှိနေတဲ့ နှီးနှောဖလှယ်ပွဲကိုတက်ရောက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးတပ်ဖွဲ့အချို့ကို အိန္ဒိယက ဖိတ်ကြားထားတယ်လို့ ရိုက်တာသတင်းဌာနက အခုလ ၂၃ ရက်က သတင်းရေးသားဖော်ပြပါတယ်။ နှီးနှောဖလှယ်ပွဲက အိန္ဒိယကမ္ဘာ့ရေးရာကောင်စီ (ICWA)က ပြုလုပ်မှာ ဖြစ်ပြီး အိန္ဒိယအစိုးရ ရန်ပုံငွေနဲ့ကျင်းပတာလို့ ဆိုပါတယ်။ ဖိတ်ကြားခံရတဲ့ အဖွဲ့တွေက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ အာရက္ခတပ်တော် (AA) တို့ဖြစ်ပြီး အဖွဲ့တွေက ကိုယ်စားလှယ် သုံးဦးစီ တက်ရောက်နိုင်တယ်လို့ သိရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်ခေါင်းစဥ်နဲ့ ဆွေးနွေးဖို့အတွက် အခုလ ၁၇ ရက်နေ့က ဖိတ်ကြားခဲ့တာလို့ ဆိုပါတယ်။
- အိန္ဒိယဗဟိုအစိုးရ အနေနဲ့ စစ်ကောင်စီကို အားပေးထောက်ခံတာတွေ ရပ်တန့်ဖို့ အရပ်ဘက်အဖွဲ့ နှစ်ရာကျော် အိတ်ဖွင့်စာပို့
စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ စစ်ကောင်စီကို ရောင်းချတာ စီးပွားရေးပူးပေါင်း ဆောင်ရွက်နေတာတွေကို ရပ်တန့်ဖို့ အိန္ဒိယဗဟိုအစိုးရထံ အရပ်ဘက်အဖွဲ့အစည်း ၂၆၈ ဖွဲ့က အခုလ ၂၁ ရက်နေ့မှာ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုထားပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံးတွေမှာ စစ်ဆေးခံနေရတဲ့ စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချနေတာဟာ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံအတွက် ရှက်ဖွယ်လုပ်ရပ်တစ်ခုဖြစ်တဲ့အပြင် အားပေးရာနဲ့ ပူးပေါင်းကြံစည်ရာမြောက်တယ်လို့လည်း ဝေဖန်ထားပါတယ်။ ဒါ့အပြင် ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများ နည်းပညာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ BIMSTEC မှာ စစ်ကောင်စီ ဆက်လက်ပါဝင်ခွင့်မပြုဖို့၊ ပြည်ထောင်စုဝန်ကြီးတွေလို အဆင့်မြင့်ကိုယ်စားလှယ်တွေ အပါအဝင် စစ်ကောင်စီကို တရားဝင်စေမဲ့ ထိတွေ့ဆက်ဆံတာတွေ မလုပ်ဘဲ တော်လှန်ရေးအင်အားစုတွေနဲ့ စတင်ထိတွေ့ ဆက်ဆံဖို့လည်း တိုက်တွန်းထားပါတယ်။ စီးပွားရေးပူးပေါင်းဆောင်ရွက်တာနဲ့ ရူပီးနဲ့ ကျပ်ငွေ တိုက်ရိုက်ကုန်သွယ်ခွင့်တွေ ရပ်တန့်ဖို့လည်း ထည့်သွင်းပြောထားပါတယ်။ စစ်အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခိုလှုံခဲ့သူတွေထဲက မြန်မာပြည်သူ အနည်းဆုံး ၂၅၀ လောက် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး သူတို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ တခြားခိုလှုံနေတဲ့ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
- မြန်မာကို လက်နက်စီးဆင်းမှုပိတ်ပင်ဖို့ နိုင်ငံတကာကို QUAD အဖွဲ့ တောင်းဆို
ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာရေးအခြေအနေတွေ ပိုဆိုးဝါးလာတာကို အထူးစိုးရိမ်နေရပြီး ဂျက်လေယာဉ်လောင်စာဆီ အပါအဝင် လက်နက်နဲ့ စစ်ဘက်၊ အရပ်ဘက်သုံးပစ္စည်းတွေ စီးဆင်းနေတာကို တားဆီးဖို့ နိုင်ငံတကာကို QUAD အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု Delaware ပြည်နယ်၊ Wilmington မြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက ကျင်းပတဲ့ အင်ဒို-ပစိဖိတ်ဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုမှာ QUAD အဖွဲ့က ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ အထက်ပါအကြောင်းအရာကို ထည့်သွင်းတောင်းဆိုထားတာပါ။ ဒါ့အပြင် အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်စဲဖို့၊ မတရား ဖမ်းဆီးခံရသူတွေကို လွှတ်ပေးဖို့၊ လူသားချင်းစာ နာမှုအကူအညီတွေ အဟန့်အတားမရှိ ပေးအပ်ခွင့်ပြုဖို့၊ သက်ဆိုင်သူအားလုံး အပြုသဘောဆောင်ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုကနေ မြန်မာ့အရေး အဖြေရှာဖို့နဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းဖို့ QUAD အဖွဲ့ ခေါင်းဆောင်တွေက တောင်းဆိုထားပြီး အာဆီယံရဲ့ ကြိုးပမ်းမှုကို ထောက်ခံခဲ့ပါတယ်။ QUAD အဖွဲ့မှာ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုက ခေါင်းဆောင်တွေ ပါဝင်ပါတယ်။
- အာဆီယံအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံရေးရပ်ဖို့ အရပ်ဘက်အဖွဲ့တွေ တောင်းဆို
စစ်ကောင်စီနဲ့ ပူးတွဲဆောင်ရွက်နေတာတွေ ရပ်တန့်ဖို့ မြန်မာအရပ်ဘက်လူမှုအဖွဲ့အစည်းတွေက အာဆီယံကို အခုလ ၂၅ ရက်မှာ စာထုတ်တောင်းဆိုလိုက်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီနဲ့ စီးပွားရေးဆက်ဆံမှု၊ ရွေးကောက်ပွဲအစီအစဉ်ကို ထောက်ခံမှုအပါအဝင် ထိတွေ့ဆက်ဆံမှုအားလုံးကို အဆုံးသတ်ဖို့ အာဆီယံကို တိုက်တွန်းထားပြီး ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်နေတာတွေကို အာဆီယံအနေနဲ့ နှုတ်ဆိတ်နေတာဟာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်နေတာလို့ ထောက်ပြထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီကို ကိုယ်စားပြုတဲ့ စစ်ဘက်-အရပ်ဘက်ကိုယ်စားလှယ်အားလုံးကို အာဆီယံကနေ ဖယ်ရှားဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ (NUCC) နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေကို နိုင်ငံရေးအရ အထောက်အပံ့ပေးဖို့ကိုလည်း ရေးသားထားပါတယ်။ တောင်းဆိုတဲ့အဖွဲ့ ၂၀ နီးပါးမှာ သွေးစွန်းငွေဖြတ်တောက်ရေး၊ Generation Wave (GW) ၊ ရှေ့ပြေးအသံအဖွဲ့ ၊ ဉာဏ်လင်းသစ်အဖွဲ့တို့ ပါဝင်ပါတယ်။
- ရိုဟင်ဂျာအရေး ဖြေရှင်းပေးဖို့ ကုလညီလာခံမှ ဘင်္ဂလားဒေ့ရှ်ပြော
ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့ကြတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို တရားမျှတစေဖို့နဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ နိုင်ငံတကာက အထောက်အကူပေးပါလို့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြံပေးအရာရှိချုပ် မိုဟာမက်ယူနွတ်က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ အခုလ ၂၄ ရက်က ကျင်းပတဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်း ပြောကြားစဥ် ၎င်းက တိုက်တွန်းပြောကြားခဲ့တာပါ။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေးအခြေအနေရဲ့ တည်ငြိမ်ရေး ပိုဆိုးဝါးလာတာကို စိုးရိမ်ရတယ်လို့လည်း သူက ပြောပါတယ်။ မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ ပြဿနာဟာ ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံတည်းသာ မဟုတ်ဘဲ အိမ်နီးချင်းနဲ့ ဒေသတွင်း နိုင်ငံတွေကိုပါ ကူးစက်နေတယ်လို့ ဆိုပါတယ်။ အမေရိကန်ကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်း လက်ခံထားရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန် ဒေါ်လာ ၁၁၉ သန်းနီးပါး ထပ်တိုးကူညီသွားမဲ့လို့ အခုလ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
- ဒေါ်အောင်ဆန်းစုကြည် ဗာတီကန်မှာခိုလှုံဖို့အတွက် ပုပ်ရဟန်းမင်းကြီး အဆိုပြု
ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တောင်းဆိုလိုက်ပြီး ဗာတီကန်မှာ ခိုလှုံနေထိုင်ခွင့်အတွက် အဆိုပြုတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ ၁၂ ရက်ကြာ အရှေ့တောင်အာရှ ခရီးစဥ်အတွင်း သီးသန့် ဆွေးနွေးချိန်မှာ ပြောဆိုခဲ့တာလို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်အဲရစ်က ပုပ်ရဟန်းမင်းကြီးရဲ့ တောင်းဆိုချက်အပေါ် ကျေးဇူးတင်ကြောင်း အခုလ ၂၄ ရက်က ပြောပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ မြန်မာနိုင်ငံကို ၂၀၁၇ ခုနှစ်က လာရောက်ခဲ့ဖူးပါတယ်။
တစ်ပတ်အတွင်း ထူးခြားမှု
- အင်းစိန်ထောင်က အကျဉ်းသားငါးရာခန့် ထောင်ပြောင်းရွှေ့
အင်းစိန်ဗဟိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား ၄၆၀ လောက်ကို ထောင်ပြောင်းရွှေ့တာတွေ အခုလ ၂၂ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ မနက် ၅ နာရီလောက်မှာ ရုတ်တရုက် ပြောင်းရွှေ့လိုက်တာဖြစ်ပြီး သာယာဝတီထောင်ကို အကျဉ်းသား နှစ်ရာခန့်နဲ့ ဒိုက်ဦးထောင်ကို ၂၆၀ ခန့် ပြောင်းရွှေ့ခဲ့တယ်လို့ RFA က ဖော်ပြပါတယ်။ နှစ်ယောက်တစ်တွဲစီ သံခြေချင်းခတ်ပြီး ပြောင်းရွှေ့ခဲ့ပြီး ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက်ကို အတိအကျ မသိရပါဘူး။ ထောင်ဒဏ် ငါးနှစ်အထက် ကျခံနေရတဲ့ နှစ်ကြီးသမား နိုင်ငံရေးအကျဉ်းသားတွေ ရာနဲ့ချီ ပါဝင်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ပြောင်းရွှေ့ခဲ့တဲ့ ဒိုက်ဦးနဲ့ သာယာဝတီထောင်ဟာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေ ပြုလုပ်ခဲ့တဲ့ ဖြစ်စဥ်တွေ ရှိပါတယ်။
The Tanintharyi Times