အမေရိကန်ဆီက ဒေါ်လာသန်းနဲ့ချီ ရနေတယ်လို့ စစ်ကောင်စီ စွပ်စွဲချက် NUG ငြင်းဆို

အမေရိကန်ဆီက ဒေါ်လာသန်းနဲ့ချီ ရနေတယ်လို့ စစ်ကောင်စီ စွပ်စွဲချက် NUG ငြင်းဆို

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ ကိုးကန့်တပ်မတော် MNDAA နဲ့ တအာင်းတပ်မတော် TNLA တို့ကို စစ်ရေးမဟာမိတ်ဖွဲ့ထားပြီး နှစ်စဉ် အမေရိကန်အစိုးရကနေ ဒေါ်လာ သန်း ၂၀၀ ရနေတယ်လို့ စစ်ကောာင်စီ စွပ်စွဲတဲ့အပေါ် NUG ဘက်က ငြင်းဆိုလိုက်ပါတယ်။

အမေရိကန်အစိုးရဟာ သူ့ပြိုင်ဘက် တရုတ်နိုင်ငံကို ထိုးနှက်ဖို့ရာ အခုလို NUG ဆီ ငွေကြေးတွေ ပေးအပ်တာလို့လည်း စစ်ကောင်စီဘက်က ပြောဆိုထားပါတယ်။

ယင်းပြောဆိုမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဟာ တရုတ်ဆန့်ကျင်ရေးကို မြန်မာပြည်တွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပြီးမှ NUG က လုပ်သယောင် ဝါဒဖြန့်နေတယ်လို့ NUG နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးက တုံ့ပြန်ပါတယ်။

“အခုတလော NUG ကနေပြီးတော့ အမေရိကန်အစိုးရဆီကနေ ဒေါ်လာတစ်နှစ်ကို ဘယ်နှစ်သန်းရတယ်၊ အကူအညီတွေ ရတယ်ဆိုပြီးတော့ ဒါပြောနေတာနဲ့ ပတ်သက်လို့ ယေဘူယျ ပြန်ဖြေရရင် ဒါတွေ လုံးဝ မဟုတ်ပါဘူး၊ ဒါတရုတ်နိုင်ငံအနေနဲ့ NUG အပေါ် အထင်အမြင် လွဲမှားအောင်ပေါ့လေ တမင်ဝါဒဖြန့်နေတယ်လို့ပဲ ပြောချင်ပါတယ်” လို့ NUG နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးက ပြောပါတယ်။

NUG ဟာ အမေရိကန် အပါအဝင် အနောက်နိုင်ငံအုပ်စုတွေဆီက အကူအညီတွေယူပြီး တရုတ်ဆန့်ကျင်ရေး လုပ်ဆောင်နေတယ် တရုတ်အကျိုးစီးပွားကို ဆန့်ကျင်နေတယ် အနောက်နိုင်ငံက ခိုင်းစေတာ လုပ်နေတယ်ဆိုတာ စစ်ကောင်စီဘက်က ဝါဒဖြန့်ဖို့ရန် သတင်းစကားတွေ ဖြန့်ဝေနေခြင်းသာ ဖြစ်တယ်လို့ ဒုဝန်ကြီး ဦးမိုးဇော်ဦးက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ မြန်မာ့ပြည်တွင်းရေးကို အမေရိကန်က ငွေကုန်ခံ ဆောင်ရွက်နေတာဟာ ပြည်တွင်းမှာ အမေရိကန်ရဲ့ အကျိုးစီးပွားရှိလို့ မဟုတ်ဘဲ အဓိကပြိုင်ဘက် တရုတ်ကို ထိုးနှက်ဖို့သာ ဖြစ်ကြောင်း မြန်မာဟာ တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ပြည်တွင်းမှာ တရုတ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ များစွာရှိကြောင်း အမေရိကန်အနေနဲ့ တရုတ်ကို ထိန်းချုပ်ရန်အတွက် မြန်မာကို ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း ရေးသားထားပါတယ်။

TNLA ၊ MNDAA တို့ကို ဖိအားပေးပြီး တရုတ်နယ်စပ်တလျှောက်မှာ နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ပိတ်ဆို့ထားတာကိုလည်း မြန်မာအတွက် တရုတ်က အိမ်နီးချင်းကောင်းပီသစွာ အပြည့်အဝရပ်တည်ပြီး ကူညီပေးနေခြင်းသာ ဖြစ်တယ်လို့ စစ်ကောင်စီဘက်က ပြောနေပါတယ်။

အမေရိကန်အစိုးရက မြန်မာပြည် မတည်မငြိမ်ဖြစ်အောင် NUG ကို နှစ်စဉ် ဒေါ်လာ သန်း ၂၀၀ ပေးနေတဲ့လို့ စစ်ကောင်စီဘက်က စွပ်စွဲထားတဲ့အပေါ်မှာတော့ မြန်မာမှာ စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီ ပြန်လည်ရရှိရေး NUG အပါအဝင် ဒီမိုကရေစီလိုလားသူတွေကို ဆက်ပြီး ပံ့ပိုးပေးနေမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ပြောပါတယ်။

စစ်ကောင်စီ ပြောဆိုမှုနဲ့ ပတ်သက်ပြီး ဘီဘီစီ သတင်းဌာနက မေးမြန်းစဉ်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားခဲ့တာပါ။

လက်ရှိ ပဋိပက္ခတွေ ပြေလည်မှာ ရရှိဖို့ ကြိုးပမ်းမှုတွေကို ဆက်ပြီး ထောက်ခံသွားမှာ ဖြစ်သလို မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်ရောက်ရှိဖို့ ပါဝင်ပတ်သက်တဲ့ သက်ဆိုင်သူအားလုံးနဲ့ အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ စစ်တပ်ကို တိုက်တွန်းတယ်လို့လည်း အမေရိကန်ဘက်က ပြောဆိုထားတာ ဖြစ်ပါတယ်။

The Tanintharyi Times