ထိုင်းကနေ မြန်မာဘက်ပြန်ပို့ခံရပြီး စစ်ကောင်စီလက်ထဲရောက်လာသူတွေကို စစ်သင်တန်းပို့

ထိုင်းကနေ မြန်မာဘက်ပြန်ပို့ခံရပြီး စစ်ကောင်စီလက်ထဲရောက်လာသူတွေကို စစ်သင်တန်းပို့

ပုံစာ - မနေ့က ထိုင်းကနေပြန်လည်ပို့ဆောင်ပေးခဲ့တဲ့ နေရပ်ပြန်မြန်မာနိုင်ငံသားတွေ

ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီး နေရပ်ပြန်ပို့ခံရသူတွေထဲက လူငယ်အမျိုးသားတွေကို စစ်ကောင်စီက ဖမ်းဆီးပြီး စစ်သင်တန်းပို့လိုက်ပြီလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီကနေသိရပါတယ်။

ကော့သောင်းမြို့အခြေစိုက်၊ ခြေလျင်တပ်ရင်း ခလရ (၂၆၂) မှာ ဖမ်းဆီးထားတဲ့ ထိုင်းနေရပ်ပြန် ၇၀ ကျော်ကို ပြီးခဲ့တဲ့ ဩဂုတ် ၂၁ ရက်၊ ညနေပိုင်းမှာ ရေကြောင်းကနေ မြိတ်မြို့ကိုပို့ဆောင်လိုက်တာဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

“ဘိတ်ကမ်းနားကိုရောက်တော့ ကျမယောင်္ကျားနဲ့ ဖုန်းအဆက်အသွယ်ရသေးတယ်။ သူ့ကို စစ်သင်တန်းကျောင်းပို့ပြီလို့ ပြောပြတယ်။ အဲ့ဒါနောက်ဆုံးအဆက်အသွယ်ရတာပဲ” လို့ စစ်သားစုဆောင်းခံရသူတစ်ဦးရဲ့ အမျိုးသမီးက ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံရပြီးတဲ့ မြန်မာနိုင်ငံသား ၃၀၀ နီးပါး ကို ရနောင်းကနေ ကော့သောင်းမြို့ကို ပြီးခဲ့တဲ့ဇူလိုင် ၃၀ ရက်နဲ့ ဩဂုတ် ၇ ရက်တွေက အသုတ်လိုက်ပို့ဆောင်ပေးခဲ့ပါတယ်။

ကော့သောင်းကို ပြန်ပို့ခံရသူတွေထဲက မှတ်ပုံတင်နဲ့ အိမ်ထောင်စုအထောက်အထားမပြည့်စုံတဲ့ လူငယ်အမျိုးသားတွေကို ရွေးထုတ်ပြီး စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးခဲ့တယ်လို့ အဖမ်းခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေကပြောပါတယ်။

ဇူလိုင် ၃၀ ရက်မှာ ၂၃ ဦးနဲ့ ဩဂုတ် ၇ ရက်မှာ ၄၈ ဦးကို ကော့သောင်းမြို့ဆိပ်ကမ်းမှာပဲ ဖမ်းဆီးခဲ့တာဖြစ်ပြီး ခလရ (၂၆၂) မှာ ထိန်းသိမ်းထားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ဩဂုတ် ၉ ရက်နေ့မှာ မှတ်ပုံတင်ပြုလုပ်ပေးပြီး ဩဂုတ် ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ ဆေးစစ်ချက်ယူခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

စစ်သားစုဆောင်းခံရတဲ့ ၇၁ ဦးအပြင် ကော့သောင်းမြို့နယ်ထဲက ရပ်ကွက်၊ ကျေးရွာတွေကနေ စစ်မှုထမ်းဖို့စာရင်းပါတဲ့ ဒေသခံဆယ်ဦးဝန်းကျင်ကိုပါ ဆေးစစ်ချက်ယူခဲ့ပြီး ဩဂုတ် ၂၂ ရက်မှာတော့ အားလုံးကို မြိတ်ပို့လိုက်တယ့် သိရပါတယ်။

မြိတ်မြို့ကိုပို့လိုက်တဲ့သူတွေကို နောက်တနေ့ ဩဂုတ် ၂၃ ရက်နေ့မှာ မြိတ်မြို့တဖက်ကမ်းက ပထော်ကမ်းဘက်ကို ထပ်ပို့ခဲ့တယ်လို့လည်း ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

“ကျနော့်သူငယ်ချင်းတွေက အဖမ်းခေါ်ခံရတဲ့ထဲ ပါသွားတယ်ဗျ။ သူတို့ကို ပထော်ရွှေသာလျောင်းကမ်းကို ပို့ပြီးလူစုထားတယ်လို့ သိရတယ်။ အဲ့ကနေတဆင့် သင်တန်းကျောင်းထပ်ပို့မယ်ပြောတယ်ဗျ” လို့ သူက ဆိုပါတယ်။

သူတို့ကို ပို့မယ့် စစ်သင်တန်းနေရာအတိအကျကိုတော့ မသိရသေးပါဘူး။

ကော့သောင်းဆိပ်ကမ်းမှာ စစ်သားစုဆောင်းခံရသူတွေထဲက ၄ ဦးကတော့ စစ်ကောင်စီနဲ့ညှိနှိုင်းပြီး လူစားထိုးခဲ့တာတွေရှိတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

လူစားထိုးရာမှာလည်း တစ်ဦးကို ပိုက်ဆံကျပ် သိန်း ၃၀ ကနေ ၅၀ လောက်အထိပေးခဲ့ရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

မနေ့ကလည်း ထိုင်းနိုင်ငံရနောင်းမြို့ကနေ ကော့သောင်းမြို့ကို ပြစ်ဒဏ်ကျခံပြီးသူ ၁၀၈ ဦးကို ထပ်ပို့ပေးခဲ့ပြီး စစ်ကောင်စီဘက်က အထောက်အထားမပြည့်စုံတဲ့ လူငယ်တွေကို စစ်သားစုဆောင်းဖို့အတွက် ထပ်မံဖမ်းဆီးခဲ့သေးတယ်လို့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။ ဖမ်းဆီးခံရတဲ့ အရေအတွက် အတိအကျကိုတော့ အတည်ပြုဖို့ တနင်္သာရီတိုင်းမ်အနေနဲ့ ကြိုးပမ်းနေဆဲဖြစ်ပ့ါတယ်။

တနင်္သာရီတိုင်းက စစ်သင်တန်းသားအသစ်တွေကို ပုလောမြို့နယ်၊ ပလောက်မြို့က အမှတ် ၁၂ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှာ သင်တန်းပေးလေ့ရှိပါတယ်။

The Tanintharyi Times