တနင်္သာရီမြို့၊ လယ်တောင်ယာရွာဘုန်းကြီးကျောင်းမှာစခန်းချနေတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံရ
တနင်္သာရီမြို့၊ လယ်တောင်ယာရွာဘုန်းကြီးကျောင်းမှာစခန်းချနေတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံရ
တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာဘုန်းကြီးကျောင်းမှာ စခန်းချ၊ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေ မနေ့က ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး မနေ့က ညနေ ၆ နာရီဝန်းကျင်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“အဲဒီနေရာက စကစတွေက အမြဲတပ်စွဲထားတာမျိုးမရှိဘူး။ မကြာခဏနယ်မြေရှင်းလင်းရေးလုပ်ပြီး မကြာခဏတပ်စွဲလေ့ရှိတဲ့ ပုံစံမျိုး။” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
လယ်တောင်ယာရွာဟာ စစ်ကာင်စီတပ်က တော်လှန်ရေးအင်အားစုတွေရှိတယ်လို့ယူဆထားတဲ့ လယ်သစ်ရွာ၊ ပဝကျေးရွာအုပ်စုတွေဘက်ကိုသွားလာလို့ရတဲ့ အဓိကဝင်ပေါက်ဖြစ်ပြီး ကားလမ်းမကြီးပေါ်မှာရှိတဲ့အတွက် စစ်ကောင်စီတပ်တွေ မကြာခဏကင်းပုန်းဝပ်တာ၊ နယ်မြေရှင်းလင်းတာတွေ လုပ်ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။
နှစ်ဖက်ပစ်ခတ်မှုအတွင်း ထိခိုက်ကျဆုံးမှု အခြေအနေနဲ့ပတ်သက်လို့ အတိအကျကိုတော့ မသိရသေးပါဘူး။
အဆိုပါတိုက်ခိုက်မှုကို မြိတ်ခရိုင်တပ်ရင်း(၂) တပ်ခွဲ-၂၊ တနင်္သာရီပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့နဲ့ တောင်ပံနီပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်တဲ့ ညမှာ လယ်တောင်ယာရွာနဲ့ လမ်းကြောင်းသင့်နေတဲ့ ပဝရွာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေးချက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရွာထဲကျတာ။ လေးလုံးမှာ နှစ်လုံးကွဲတယ်။ မိုးလင်းပိုင်းတုန်းကလည်း ပစ်သေးတယ်။ ညမှာထပ်ပစ်တော့ အခြေနေမဟန်တော့ဘူးဆိုပြီးရှောင်ကြတာ” လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
တိုက်ပွဲမဖြစ်ခင် မနက် ၁၀ နာရီလောက်ကလည်း စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ အမြောက်တပ် အမတ (၃၀၆)နဲ့ ခြေမြန်တပ်ရင်း ခမရ(၅၅၆)တို့က ပဝကျေးရွာနဲ့ သရဖုံရွာထဲကို လက်နက်ကြီးနဲ့ ဆယ်ချက်ကျော် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါပစ်ခန်မှုအတွင်း အရပ်သားပြည်သူနဲ့ နေအိမ်တွေထိခိုက်၊ ပျက်စီးတာမျိုးမရှိပေမဲ့ ပဝကျေးရွာအုပ်စုထဲက ဒေသခံရာနဲ့ချီ စစ်ဘေးရှောင်ပြေးခဲ့ရပါတယ်။
၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ပဝကျေးရွာအုပ်စုဟာ အိမ်ထောင်စု တစ်ထောင်ကျော်ရှိတဲ့ ကျေးရွာအုပ်စုတစ်ခု ဖြစ်ပါတယ်။
အခုလ တတိယအပတ်ထဲမှာပဲ တနင်္သာရီမြို့နယ်က တကူကျေးရွာအုပ်စုနဲ့ သမီးလှအရှေ့ကမ်းကျေးရွာတွေဘက်မှာ ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ၅ ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဆေးဗိုလ်အပါအဝင် ၅ ဦးသေဆုံးခဲ့ပါတယ်။
The Tanintharyi Times
