တော်လှန်ရေးနေ့ကို တပ်မတော်နေ့သတ်မှတ်ထားမှုအပေါ် မွန်နဲ့တနင်္သာရီလူငယ်အင်အားစုတွေ ဆန့်ကျင်ကြောင်းထုတ်ပြန်

တော်လှန်ရေးနေ့ကို တပ်မတော်နေ့သတ်မှတ်ထားမှုအပေါ် မွန်နဲ့တနင်္သာရီလူငယ်အင်အားစုတွေ ဆန့်ကျင်ကြောင်းထုတ်ပြန်

ဖက်ဆစ်တော်လှန်ရေးနေ့ကို စစ်အုပ်စုက တပ်မတော်နေ့အဖြစ် သတ်မှတ်ထားတာကို မွန်-တနင်္သာရီ လူငယ်အင်အားစုတွေပူးပေါင်းပြီး ဆန့်ကျင်ကန့်ကွက်တယ်လို့ မနေ့က သဘောထားထုတ်ပြန်ပါတယ်။

ဒီနေ့ ဟာ ၇၉ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ဖြစ်ပေမဲ့ စစ်အုပ်စုက သမိုင်းဖျောက်ပြီး သတ်မှတ်ထားတဲ့ တပ်မတော်နေ့ကို မွန်-တနင်္သာရီလူငယ်အင်အားစုတွေက ဘယ်အခါကမျှ အသိမှတ်ပြု လက်ခံခဲ့တာမျိုးမရှိဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နိုင်ငံတစ်ဝှမ်းက ပြည်သူလူထုကို မတရားဖမ်းဆီးနှိပ်စက်သတ်ဖြတ်ပြီး ဖက်ဆစ်သဖွယ် ပြုမူနေတဲ့ စစ်အုပ်စုနဲ့ လက်ပါးစေတွေကိုလည်း မွန်-တနင်္သာရီလူငယ်တွေရဲ့ စုပေါင်းအားနဲ့ ဆန့်ကျင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အခုလိုမျိုးထုတ်ပြန်တာဟာ မွန်-တနင်္သာရီလူငယ်တွေရဲ့ ကနဦးပူးပေါင်းဆောင်ရွက်မှုဖြစ်တယ်လို့ သဘောထားထုတ်ပြန်ရာမှာပါဝင်တဲ့ မအိအိလင်းက ဆိုပါတယ်။

“ကျမတို့လူငယ်တွေရဲ့စဥ်းစားချက်က နိုင်ငံရေးမှာလည်း ကိုယ့်ဒေသအလိုက် နိုင်ငံရေးရည်မှန်းချက်တွေပြည့်ဖို့အတွက် ပူးပေါင်းလုပ်ဆောင်ရမယ်” လို့ မအိအိလင်းကပြောပါတယ်။

မွန်-တနင်္သာရီလူငယ်တွေဟာ နိုင်ငံရေးမှာပူးပေါင်းလုပ်ဆောင်ဖို့ ကြိုးပမ်းနေသလို ‌မြေပြင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဟာလည်း ပူးပေါင်းပြီးစစ်ဆင်ရေးတွေဖော်ဆောင်နေကြပါတယ်။

မွန်နဲ့တနင်္သာရီဟာ နယ်နိမိတ်အားဖြင့်ထိစပ်နေပြီး ပထဝီအနေအထားနဲ့ စစ်ရေးအ‌ရအ‌ရေးပါတဲ့‌ဒေသဖြစ်တာကြောင့် ဗျူဟာကျတဲ့ စစ်ရေးအရပူးပေါင်းဖော်ဆောင်မှုတွေကို ထပ်မံတိုးမြင့်လာစေဖို့လည်း မွန်-တနင်္သာရီ လူငယ်အင်အားစုတွေပူးပေါင်းပြီး တိုက်တွန်းထားပါတယ်။

ပူးပေါင်းထုတ်ပြန်တဲ့အဖွဲ့တွေကတော့ New Rehmonnya Federated Force – NRFF၊ MAGGA Initiative – MI၊ တနင်္သာရီကျောင်းသားသမဂ္ဂများကွန်ရက် – TSUN၊ တနင်္သာရီတိုင်းရင်းသားများကွန်ဂရက် – TNC၊ Inlihtan Peninsula Tenasserim – IPT၊ Dawna Tenasserim – IDPs Supply Force၊ ထုဆစ် မျှော်ရည် တနင်္သာရီ၊ အဝေးရောက်သွေးချင်းများကွန်ယက်၊ ထားဝယ်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ တို့ ဖြစ်ပါတယ်။

The Tanintharyi Times