ထားဝယ်ထောင်မှာ နိုင်ငံရေးအကျဥ်းသားတစ်ဦး လည်မြိုကို ဓားနဲ့ထိုးခံရ

ထားဝယ်ထောင်မှာ နိုင်ငံရေးအကျဥ်းသားတစ်ဦး လည်မြိုကို ဓားနဲ့ထိုးခံရ

ဓာတ်ပုံ - ထားဝယ်အကျဥ်းထောင်

ထားဝယ်အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားတစ်ဦးကို လူသတ်မှုနဲ့ထောင်ကျနေသူက ဒီကနေ့နေ့လည်ပိုင်းမှာ ဓားနဲ့ထိုးခဲ့တယ်လို့ အကျဥ်းထောင်နဲ့နီးစပ်သူတွေ ထံကသိရပါတယ်။

ဓားထိုးခံရသူဟာ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်က အသက် ၅၀ ဝန်းကျင်အရွယ် ကိုနိုင်ဦး (ခ) ကိုမောင်နိုင်ဖြစ်တယ်လို့ သိရပါတယ်။

ကိုမောင်နိုင်ဟာ နေ့လည် ၁၂ နာရီလောက်မှာ အခန်းထဲ ကျားထိုးနေချိန် လူသတ်မှုနဲ့ထောင်ကျနေတဲ့ တောကြောင်ဆိုသူက ၆ လက်မအရွယ်ဓားချွန်နဲ့ အလစ်ထိုးစိုက်ခဲ့တာဖြစ်ပါတယ်။

လည်မြိုကိုထိုးစိုက်ခံရတာကြောင့် ဒဏ်ရာပြင်းထန်ပြီး ထောင်အာဏာပိုင်တွေက ဆေးရုံကိုအရေးပေါ်တင်ဆောင်သွားတယ်လို့သိရပါတယ်။

” ဆေးရုံပို့တဲ့အချိန် သတိလစ်နေပြီလို့ပြောတယ်။ လည်မြိုကိုအထိုးခံရတော့ အသက်အန္တရာယ် အရမ်းစိုးရိမ်ရတဲ့အနေအထားပါ။ ဘာရန်ညှိုးနဲ့အခုလိုလုပ်တာလဲတော့ မသိရဘူး” လို့အကျဉ်းထောင်နဲ့နီးစပ်သူကပြောပါတယ်။

အခုဓားထိုးခံရသူဟာ မနှစ်က စက်တင်ဘာလမှာဖမ်းဆီးခံရပြီးနောက် ပုဒ်မ ၅၀၅-က၊ ပုဒ်မ ၅၂ တို့နဲ့ထောင်ဒဏ် ၉ နှစ် ကျခံနေရသူဖြစ်ပါတယ်။

ဓားနဲ့ထိုးတဲ့သူကိုတော့ အကျဉ်းထောင်ဝန်ထမ်းတွေက အပြင်းအထန်ရိုက်နှက်ပြီး တိုက်ပိတ်ထားတယ်လို့လည်း သိရပါတယ်။

အကျဥ်းထောင်ထဲမှာ ဓားနဲ့ သံထည်ပစ္စည်းတွေက အကျဉ်းသားတွေ အသုံးပြုခွင့်မရှိ၊ ကိုင်ဆောင်လို့ မရတဲ့ လက်နက် ပစ္စည်းတွေ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခုနှစ် နှစ်ဆန်းပိုင်းက အကျဥ်းသားတစ်ဦး ဓားထိုးခံရဖူးပါတယ်။ အဲဒီအကျဥ်းသားကတော့ ဝမ်းဗိုက်ကိုအထိုးခံရတာကြောင့် အသက်အန္တရာယ်ထိခိုက်မှုမရှိခဲ့ပါဘူး။

The Tanintharyi Times