လေကြောင်းတိုက်ခိုက်မှုကြောင့် လားရှိုးမြို့ ပြန်လည်ထူထောင်ရေး အတားအဆီးဖြစ်စေတယ်လို့ MNDAA ပြော
လေကြောင်းတိုက်ခိုက်မှုကြောင့် လားရှိုးမြို့ ပြန်လည်ထူထောင်ရေး အတားအဆီးဖြစ်စေတယ်လို့ MNDAA ပြော
ကိုးကန့်တပ်မတော်က သိမ်းပိုက်ရရှိထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီ လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် မြို့ပြန်လည်ထူထောင်ရေး အတားအဆီး ဖြစ်စေတယ်လို့ MNDAA ဘက်က ပြောဆိုပါတယ်။
မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းတပ်ဟာ အေးချမ်းတည်ငြိမ်နေတဲ့ လားရှိုးမြို့ကို လေကြောင်းက မကြာခဏ ထိုးစစ်ဆင်မှု ပြုလုပ်ခဲ့ရာ အရပ်သား အများအပြား သေဆုံးခဲ့ပြီး စာသင်ကျောင်းနဲ့ လူနေအိမ်၊ အများပြည်သူပိုင် နေရာတွေနဲ့ အဆောက်အဦးများစွာ ပျက်စီးခဲ့ရပါတယ်လို့လည်း MNDAA ရုပ်သံမှတ်တမ်းမှာ ပြောဆိုထားတာပါ။
လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် လားရှိုးမြို့သူမြို့သားတွေ အထိတ်တလန့် ဖြစ်နေရသလို ပြည်သူတွေရဲ့ နေထိုင်မှု ဘဝတွေ ထိခိုက်ခဲ့ရတယ်လို့လည်း ဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့မှာ ကိုးကန့်တပ်မတော်ဟာ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လားရှိုးမြို့ကို ထိန်းချုပ်လိုက်ပြီးနောက်ပိုင်း အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေ စတင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ကိုးကန့်တပ်က ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေစဉ်ကာလ ဩဂုတ်လကုန်ပိုင်းကနေ အခုချိန်အထိ လားရှိုးမြို့ကို စစ်ကောင်စီ လေကြောင်းကနေ ၇ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၅ ရက်နေ့က မနက်ပိုင်း ၂ နာရီကျော်မှာ လားရှိုးမြို့ ရပ်ကွက် ၁၂ နဲ့ နည်းပညာတက္ကသိုလ် အနီးကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံး ၄ လုံး ကြဲချခဲ့တာကြောင့် အနီးဝန်းကျင်မှာရှိတဲ့ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနဲ့ ပြည်သူ့အဆောက်အဦးတချို့ ပျက်စီးခဲ့ရပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့ မနက်ပိုင်းကလည်း လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁ ဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ၄ ဦးက ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
စက်တင်ဘာ ၁၄ ရက်နေ့ကလည်း MNDAA ထိန်းချုပ်ထားရာ နမ့်ပေါင်ကျေးရွာရှိ ကျောက်မီးသွေးတွင်း ဗုံးကြဲခံရမှု ပြည်သူ ၅ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်ရှောင်သွားကြတဲ့ ဒေသခံပြည်သူတွေ နေရပ်ကို ပြန်လာနေချိန် လားရှိုးမြို့ပေါ် လူနေရပ်ကွက်တွေအတွင်း ပေါင် ၅၀၀ ဗုံးတွေ ကြဲချနေတာဟာ ပြည်သူတွေရဲ့ ပုံမှန်ဘဝ ပြန်လည်အသက်ဝင်လာတာကို တားဆီးနေတာ ဖြစ်တယ်လို့ MNDAA ဘက်က ဝေဖန်ပါတယ်။
စစ်အာဏာသိမ်းကာလအတွင်း နိုင်ငံတဝှမ်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၆၀၀၀ လောက် ရှိခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးအလွန်မှာ လေကြောင်းကနေ ဗုံးကြဲမှု နှစ်ဆလောက် တိုးလာခဲ့တာလို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP-Myanmar က ထုတ်ပြန်ထားပါတယ်။
The Tanintharyi Times