မြန်မာ စစ်ဘေးရှောင် ၇၀၀ ကျော်ကို အမြန်ဆုံးနေရပ်ပြန်လွှတ်ဖို့ အိန္ဒိယအစိုးရ ဖိအားပေး
မြန်မာ စစ်ဘေးရှောင် ၇၀၀ ကျော်ကို အမြန်ဆုံးနေရပ်ပြန်လွှတ်ဖို့ အိန္ဒိယအစိုးရ ဖိအားပေး
အိန္ဒိယ-မြန်မာ နယ်စပ်ဖြတ်ကျော်လာသူ စစ်ဘေးရှောင် မြန်မာနိုင်ငံသား ၇၀၀ ကျော်ကို မြန်မာနိုင်ငံ ပြန်ပို့ဖို့ အာသံနယ်ခြားစောင့်တပ်ကို အိန္ဒိယအစိုးရက ဖိအားပေးနေတယ်လို့ သိရပါတယ်။
ဇူလိုင် ၂၃ ရက်နေ့မှာ မြန်မာပြည်တွင်း တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ Chandel ခရိုင် ကို ထွက်ပြေးတိမ်းရှောင်လာသူ မြန်မာနိုင်ငံသား စစ်ဘေးဒုက္ခသည် ၇၁၈ ဦး ရှိကြောင်း မဏိပူရပြည်ထဲရေးဌာနက ထုတ်ပြန်အပြီးမှာ အိန္ဒိယ ဗဟိုအစိုးရက အထောက်အထားမဲ့ ဝင်ရောက်လာသူတွေဖြစ်တာကြောင့် တရားဝင်နေထိုင်ခွင့်မပေးနိုင်ကြောင်း တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ့နေ့က အိန္ဒိယဘက်ကို ထွက်ပြေးရတဲ့ မြန်မာနိုင်ငံသား စစ်ဘေးရှောင် ၇၁၈ ဦးမှာ ကလေးငယ် ၃၀၁ ဦးနဲ့ အမျိုးသမီး ၂၀၈ ပါဝင်နေတယ်လို့ သိရပါတယ်။
သူတို့ဟာ လက်ရှိမှာတော့ Laijang၊ Bonse၊ New Somtal၊ New Laijang၊ Yangnomphai၊ Yangnomphai Saw Mill နဲ့ Alvomjang စတဲ့ ဒေသတွေမှာ ယာယီနေထိုင်နေကြပါတယ်။
ဒ့ါအပြင် ယခင်ကတည်းက မြန်မာနိုင်ငံသားတွေ အထောက်အထားမဲ့ ဝင်ရောက်လာခြင်းကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်တားမြစ်ဖို့အတွက် အာသံနယ်ခြားစောင့်တပ်ကို အိန္ဒိယဗဟိုအစိုးရက တင်ကြိုသတိပေးထားတာ ဖြစ်တာကြောင့် အခုလို ဒုက္ခသည် ၇၀၀ ကျော်ကို ဝင်ရောက်ခွင့်ပေးလိုက်ခြင်းဟာ တရားမဝင်လုပ်ရပ်ဖြစ်ကြောင်း အာသံနယ်ခြားစောင့်တပ်ကို စွပ်စွဲပြစ်တင်ထားတယ်လို့ သိရပါတယ်။
ဆက်လက်ပြီး မြန်မာဒုက္ခသည်တွေကို အိန္ဒိယနိုင်ငံထဲ ဘယ်လိုပုံစံနဲ့ ဘာကြောင့် ဝင်ခွင့်ပေးရသလဲဆိုတာတွေနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ အကြောင်းပြချက်တွေနဲ့ ဖြေရှင်းပေးဖို့အပါဝင် တာဝန်ရှိသူတွေကိုပါ နောက်ဆက်တွဲအရေးယူမှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်သွားမယ်လို့ အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်လို့ သိရပါတယ်။
အိန္ဒိယအစိုးရဟာ မြန်မာဒုက္ခသည်တွေကို အမြန်ဆုံး ပြန်ပို့ရေး အာသံစစ်တပ်ကို ဖိအားပေးထားတဲ့အပြင် Chandel ခရိုင်ရဲ့ လူဝင်မှုကြီးကြပ်ရေး အဖွဲ့အစည်းတွေအနေနဲ့ ဒုက္ခသည်တစ်ဦးချင်းစီရဲ့ ဓာတ်ပုံတွေနဲ့ ကိုယ်ရေးအချက်အလက်တွေကို ကောက်ယူသိမ်းဆည်းထားဖို့ ကိုလည်း တောင်းဆိုထားပါတယ်။
လက်ရှိမှာ လက်နက်ကိုင်လူတစ်စုက အမျိုးသမီးတစ်ဦးကို ရိုက်နှက်သတ်ဖြတ်တဲ့ ဗီဒီယိုဖိုင်တစ်ခု အင်တာနက်စာမျက်နှာတွေမှာ ပြန့်နှံ့နေပြီး ဒါဟာမဏိပူရမြို့မှာ ဖြစ်ပွားခဲ့တာလို့ သတင်းမှားဖြန့်နေတာကြောင့် မဏိပူရ ဆိုက်ဘာမှုခင်းရဲစခန်းက သတင်းမှားဖြန့်ဝေသူကို အမှုဖွင့်ထားပါတယ်။
Ref: Imphal Free Press
The Tanintharyi Times
