စစ်ကောင်စီကို လုံးဝဖြုတ်ချနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်တွေ ခိုင်မာလာပြီး ပြည်သူတရပ်လုံး တော်လှန်တိုက်ခိုက်ရမယ့်အချိန်ရောက်လာပြီလို့ ညီနောင်မဟာမိတ်အဖွဲ့ ထုတ်ပြန်
စစ်ကောင်စီကို လုံးဝဖြုတ်ချနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်တွေ ခိုင်မာလာပြီး ပြည်သူတရပ်လုံး တော်လှန်တိုက်ခိုက်ရမယ့်အချိန်ရောက်လာပြီလို့ ညီနောင်မဟာမိတ်အဖွဲ့ ထုတ်ပြန်
၁၀၂၇စစ်ဆင်ရေးကြောင့် တော်လှန်ရေးအဖွဲအစည်းတွေနဲ့ စစ်ကောင်စီကို တော်လှန်နေကြ သူတိုင်းအတွက် ယုံကြည်မှုခွန်အား ပိုမိုရရှိစေကာ “စစ်အာဏာရှင်စနစ်ကို ယခင်က မဖြုတ်ချ နိုင်ခဲ့သော်လည်း ယခုအချိန်တွင် လုံးဝဖြုတ်ချနိုင်ရမည်” ဆိုတဲ့ယုံကြည်ချက်တွေ တစ်ရက်ပြီးတစ်ရက် ပိုမိုခိုင်မာလာ စေခဲ့လို့ မြန်မာပြည်သူလူထုတစ်ရပ်လုံး လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တော်လှန်တိုက်ခိုက်ရမယ့်အချိန် ရောက်လာခဲ့ပြီလို့ ညီနောင်မဟာမိတ်အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းမြောက်ဒေသမှာ အစပြုခဲ့ပေမယ့် အခုအချိန် မြန်မာနိုင်ငံအနှံ ကျယ်ပြန့်သည်ထက်ကျယ်ပြန့်လာပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ မနေထိုင်လိုတဲ့ လူတိုင်းကလည်း ရရာလက်နက်၊ ရသည့်နည်းလမ်းပေါင်းစုံနဲ့ တော်လှန်တိုက်ပွဲဝင်နေကြပြီ လို့ ညီနောင်မဟာမိတ်အဖွဲ့က ဆိုပါတယ်။
၁၀၂၇စစ်ဆင်ရေးကာလအတွင်း ရရှိခဲ့တဲ့ အောင်ပွဲရလဒ်တွေကြောင့် ပြည်သူအပေါင်း စိတ်နှလုံးရွှင်ပြုံးရတဲ့ အခိုက်အတန့်တွေ ဖြစ်ပေါ်စေခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
၁၀၂၇ စစ်ဆင်ရေးကြောင့် တော်လှန်ရေးအဖွဲအစည်းတွေနဲ့ စစ်ကောင်စီကို တော်လှန်နေသူတိုင်းအတွက် ယုံကြည်မှုခွန်အားကို ပိုမိုရရှိစေပြီး”စစ်အာဏာရှင်စနစ်ကို ယခင်က မဖြုတ်ချ နိုင်ခဲ့သော်လည်း ယခုအချိန်မှာ လုံးဝဖြုတ်ချနိုင်ရမယ်” ဆိုတဲ့ ယုံကြည်ချက်မှာ တစ်ရက်ပြီးတစ်ရက် ပိုမိုခိုင်မာလာ စေခဲ့တယ်လို့ ဆိုပါတယ်။
အခုလို စစ်ကောင်စီကို ဖြုတ်ချနိုင်မယ်လို့ ယုံကြည်တာဟာ နေ့စဉ်နဲ့အမျှ စွန့်လွှတ်ဆုံးရှုံနေရတဲ့ စစ်ကောင်စီတပ်စခန်းတွေက သက်သေပြနေတာကြောင့်လို့ ဆိုပါတယ်။
စစ်အာဏာရှင်စနစ် တိုက်ထုတ်ကြိုးပမ်းမှုသမိုင်းတလျှောက် ဒီနေ့ဒီအချိန်ကာလဟာ မြန်မာ့တပ်မတော်လို့ခေါ်တဲ့ စစ်ကောင်စီ ကို အမြစ်ပြုတ်မသွားသည့်တိုင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲအစည်းတွေရဲ့ စည်းလုံးညီညွတ်မှု၊ ဟန်ချက်ညီတိုက်ပွဲဖော်ဆောင်နိုင်မှုတွေကြောင့် ဘီလူးရုပ်ပေါ်သွားအောင် ပြုလုပ်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာပြည်သူလူထုတစ်ရပ်လုံးကို ဆယ်စုနှစ်ပေါင်းများစွာ လက်နက်အားကိုးနဲ့ ဖိနှိပ်အနိုင်ကျင့်၊ မုဒိမ်းကျင့်၊ ခိုး၊ ဆိုး၊ လုယက်သတ်ဖြတ်နေတာတွေကြောင့် ပြည်သူတစ်ရပ်လုံက မလိုလားတဲ့ စစ်ကောင်စီကို အခုထက် ပိုမိုချိနဲ့ အားလျော့သွားစေဖို့အတွက် တော်လှန်ရေးအဖွဲအစည်း အဟောင်း၊ အသစ်တွေသာမက မြန်မာပြည်သူလူထုတစ်ရပ်လုံးကလည်း လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တော်လှန်တိုက်ခိုက်ရမယ့်အချိန် ရောက်လာခဲ့ပြီလို့ ညီနောင်မဟာမိတ်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
The Tanintharyi Times
