မကျည်းကုန်းရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

မကျည်းကုန်းရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

ပုံစာ - တိုက်ခိုက်ခံရတဲ့ မကျည်းကုန်းစစ်ဆေးရေးဂိတ်

ပုလောမြို့နယ်၊ မကျည်းကုန်းရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီလောက်မှာ စတင် တိုက်ခိုက်ခံရတာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အရင်ဆုံး ပစ်သံခတ်သံတွေကြားရတယ်။ လက်နက်ပစ်သံတွေက အမြဲကြားနေရတော့ပုံမှန်ပဲထင်နေတာ။ တဖြည်းဖြည်းနဲ့ ကြမ်းလာပြီး ၁၀ ခွဲ‌လောက်မှာ လက်နက်ကြီးသံတွေ‌ပါ ခပ်စိပ်စိပ်ကြားလာရတယ်။” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်နေချိန်မှာ ပုလောက စစ်ကောင်စီ တပ်ရင်း (၂၈၅)ကနေ လက်နက်ကြီးနဲ့ ပစ်နေခဲ့ပြီး မွန်းလွဲ ၁၁ နာရီ‌လောက်မှာ ပစ်ခတ်သံတွေ ရပ်စဲသွားတယ်လို့ ၎င်းက ဆက်ပြော ပါတယ်။

မကျည်းကုန်းဂိတ်ဟာ KNU အုပ်ချုပ်ရေးနယ်မြေနဲ့ နီးတဲ့ စစ်ဆေးရေးဂိတ်တစ်ခုဖြစ်ပြီး ရိက္ခာသယ်ယူခွင့် အတင်းကြပ်ဆုံးစစ်ဆေးတဲ့ ဂိတ်တွေထဲက တစ်ခုဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြိတ်- ထားဝယ်ကားလမ်းမပေါ်မှာ ရှိတဲ့ အဆိုပါဂိတ် ပစ်ခတ်ခံရပြီးနောက် အရပ်သားတွေ ဖြတ်သန်းသွားခွင့်အခြေအနေ ဘယ်လိုရှိနေလဲဆိုတာကိုတော့ ဒေသခံတွေက သေချာမသိဘူးလို့ ဆိုပါတယ်။

ခရီးသည်ယာဉ်လိုင်းတစ်လိုင်းက တာဝန်ရှိသူ တစ်ဦးကလည်း ” လမ်းမှာ တိုက်ပွဲဖြစ်နေရင် နားနားပြီးတော့ သွားပါတယ်။ လောလောဆယ်ကတော့ အဲဒီဘက် ဘယ်လိုခြေနေ ရှိနေလဲ မသိဘူး။ အဆက်သွယ်တော့ မရသေးဘူး။” လို့ ပြောပါတယ်။

ပုလောမြို့နယ်အတွင်းမှာ စစ်ကောင်စီစစ်ဆေး‌ရေးဂိတ်တွေ တိုက်ခိုက်ခံရချိန်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဂိတ်ချစစ်ဆေးနေတဲ့ အချိန်တွေမှာတော့ ခရီးသွားကားတွေကို စစ်ကောင်စီတပ်ဘက်က ဖြတ်သန်းခွင့်မပေးသလို မြို့အဝင်အထွက်ဂိတ်တွေ ပိတ်ချထားတာမျိုးလည်း ရှိတတ်ပါတယ်။

ပစ်ခတ်မှုရဲ့ ဖြစ်စဥ်အသေးစိတ်ကိုတော့ တနင်္သာရီတိုင်းမ်အနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

The Tanintharyi Times