လောင်းလုံးမှာ သုံးပတ်အတွင်း စစ်ကောင်စီလက်ချက်နဲ့ သေဆုံးသူ ၇ဦးနဲ့ ဖမ်းဆီးခံရသူ ၄၆ဦးရှိ

လောင်းလုံးမှာ သုံးပတ်အတွင်း စစ်ကောင်စီလက်ချက်နဲ့ သေဆုံးသူ ၇ဦးနဲ့ ဖမ်းဆီးခံရသူ ၄၆ဦးရှိ

စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်တွေကြောင့် လောင်းလုံးမြို့နယ်အတွင်းမှာ ၂၁ရက်အတွင်း သေဆုံးသူ၊ ထိခိုက်သူတွေနဲ့ ပျက်စီးဆုံးရှုံးမှုအခြေအနေကို လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မနေ့ကထုတ်ပြန်ပါတယ်။

ဇွန်လ ၁၆ရက်ကနေ ဇူလိုင်လ ၆ ရက်အထိ လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေရဲ့ပစ်ခတ်သတ်ဖြတ်မှုကြောင့် အမျိုးသား ၃ဦးနဲ့ အမျိုးသမီး၄ဦးသေဆုံးခဲ့ပါတယ်။

ဒါအပြင် အမျိုးသား ၂ဦးနဲ့အမျိုးသမီး ၁ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၃ဆောင်လည်းမီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

စာရင်းအရ ဖမ်းဆီးခံထားရသူဟာ အမျိုးသား ၃၁ဦး နဲ့အမျိုးသမီး ၁၅ဦး စုစုပေါင်း ၄၆ဦးအထိရှိပြီး စစ်ကြောင်းထိုးဝင်ရောက်တာနဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ထွက်ပြေးတိမ်းရှောင်နေသူအရေအတွက်ဟာလည်း ၄၀၀၀ ကျော်အထိရှိတယ်လို့ သိရပါတယ်။

နောက်ပြီး ပျက်စီးဆုံးရှုံးမှု ခန့်မှုန်းတန်ဖိုးဟာလည်း ကျပ်သိန်းပေါင်း ၉၀၀ ကျော်အထိရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လောင်းလုံးမြို့နယ်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခုလည်း ဇွန်လ ၃၀ရက်နေ့ကဝင်ရောက်စီးနင်းသိမ်းပိုက်ခံလိုက်ရပြီး တပ်သားတစ်ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။

လောင်းလုံးမြို့ပေါ်မှာတော့ စစ်ကောင်စီကလက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့ဟာ မြို့ပေါ်ရပ်ကွက်တွေမှာ ကင်းလှည့်တာတွေမှာ လက်နက်ကိုင်ဆောင်ပြီး ကင်းလှည့်တာတွေကိုပြုလုပ်နေပါတယ်။

The Tanintharyi Times