သရက်ချောင်းမှာ ဝဲရစ်ရွာသားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ
သရက်ချောင်းမှာ ဝဲရစ်ရွာသားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ
သရက်ချောင်းမြို့နယ်၊ ဝဲရစ်ရွာက အမျိုးသားတစ်ဦးကို အမည်မသိလူနှစ်ဦးက မေးစရာရှိတယ်လို့ ခေါ်ဆောင်သွားပြီးနောက် သေနတ်နဲ့ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်သတ်မှုက ဒီကနေ့မနက် ၈ နာရီခွဲလောက်မှာ ဖြစ်ပွါးခဲ့တာဖြစ်ပြီး အသတ်ခံရသူက အသက် ၄၈ နှစ်ဝန်းကျင်အရွယ်ရှိ ကိုတင်ဇော်ဆိုသူ ဖြစ်ပါတယ်။
အမည်မသိအမျိုးသားနှစ်ဦးက ကိုတင်ဇော်ကို မေးစရာရှိတယ်ဆိုပြီး သူ့ရဲ့နေအိမ်ကနေ လာရောက်ခေါ်ယူသွားခဲ့တာဖြစ်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ သေနတ်ပစ်ခတ်သံ သုံးချက်ထွက်ပေါ်ခဲ့ကာ လမ်းပေါ်မှာသေဆုံးနေတဲ့ ကိုတင်ဇော်အလောင်းကို ရွာခံတွေကတွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။
“စကားကိုယဥ်ယဥ်ကျေးကျေးပြောပြီး အေးဆေးပဲလာခေါ်တာတဲ့။ သူကလည်းအေးဆေးပဲ လိုက်သွားတာလေ” လို့ ဝဲရစ်ရွာခံတစ်ဦးက ပြောပါတယ်။
ဒေသခံတွေကတော့ ကိုတင်ဇော်ကို လာရောက်ပစ်သတ်သွားသူတွေက ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဖြစ်တယ်လို့ ပြောပါတယ်။ ဒီပြောဆိုချက်အပေါ် တနင်္သာရီတိုင်းမ်ကတော့ ထပ်မံအတည်ပြုနေဆဲ ဖြစ်ပါတယ်။
ကိုတင်ဇော်ဟာ ရငဲရွာသားဖြစ်ပြီး ဝါရစ်ရွာသူနဲ့အိမ်ထောင်ကျတာကြောင့် ဝါရစ်ရွာမှာ ဥယျာဥ်ခြံလုပ်ငန်းလုပ်ကိုင်ပြီး လာရောက်နေထိုင်နေသူဖြစ်တယ်လို့ ရွာခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ လက်ရှိမှာလည်း ဝါရစ်ရွာကဘုန်းကြီးကားမောင်းနေသူဖြစ်တယ်လို့လည်း ရွာခံတွေ ပြောပြလို့ သိရပါတယ်။
ကိုတင်ဇော်မှာ သားသမီးတွေရှိပြီး အငယ်ဆုံးသမီးဖြစ်သူကတော့ အသက် ၆ နှစ်ဝန်းကျင်သာရှိသေးတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
သူ့ရဲ့အလောင်းကိုတော့ ရွာထဲမှာရှိတဲ့လူတွေက ဝိုင်းဝန်းသယ်ယူပြီ ဒီနေ့မနက်ပိုင်းမှာပဲ မြေမြုပ်သင်္ဂြိုဟ်လိုက်ပါတယ်။
အခုလ ၈ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးစိုးဝေကို အမည်မသိအဖွဲ့တစ်ခုက ပစ်သတ်ခဲ့ပါသေးတယ်။
သရက်ချောင်းမှာ လက်သည်မပေါ်ဘဲပစ်သတ်ခံရတဲ့ဖြစ်စဥ်တွေ အရင်ကလည်းရှိခဲဖူးပါတယ်။
The Tanintharyi Times