တညက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့က မှတ်ပုံတင်လျှောက်လွှာတစ်စုံကို ကျပ်နှစ်သောင်းနဲ့ရောင်းချ
တညက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့က မှတ်ပုံတင်လျှောက်လွှာတစ်စုံကို ကျပ်နှစ်သောင်းနဲ့ရောင်းချ
မြိတ်မြို့နယ်၊ တညက်ကျေးရွာအုပ်စုမှာနိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) လျှောက်လွှာပုံစံ နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံစာ တစ်စုံကို ကျပ်နှစ်သောင်းနဲ့ရောင်းချနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
အခုလ ၁၆ ရက်ကစပြီး တညက်ရွာအုပ်ချုပ်ရေးမှူးရဲ့ စီစဥ်မှုနဲ့ မြိတ်မြို့ လူဝင်မှုကြီးကြပ်ရေးရုံးဝန်ထမ်းတွေ ကွင်းဆင်းလာရောက်ပြီး တညက်ကျေးရွာအုပ်စုနေ ဒေသခံတွေကို မှတ်ပုံတင်ပြုလုပ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီလို မှတ်ပုံတင်ပြုလုပ်ပေးချိန်မှာ လိုအပ်တဲ့ လျှောက်လွှာနဲ့ ရပ်ကျေးထောက်ခံစာကို တစ်စောင်လျှင် ကျပ်နှစ်သောင်းစီပေးပြီး တညက်ကျေးရွာအုပ်ချုပ်ရေးမှူးဆီမှာ ဝယ်ယူနေရတာဖြစ်တယ်လို့ တညက်ကျေးရွာအုပ်စုနေ ဒေသခံတွေက ဆိုပါတယ်။
“ သူကရွာကလူတွေကို မှတ်ပုံတင်လုပ်ပေးဖို့ စီစဥ်လိုက်တယ်ဗျာ။ ပြီးတော့ လုပ်မယ့်သူတွေက လျှောက်လွှာကို သူ့ဆီလာဝယ်ဆိုတာမျိုး လုပ်လိုက်တာဗျ။ အုပ်ကြီးစားပေါက်ပေါ့” လို့ တညက်ကျေးရွာအုပ်စုနေ အမျိုးသားတစ်ဦးက ပြောပါတယ်။
မြိတ်မြို့ လူဝင်မှုကြီးကြပ်ရေးရုံးမှာတော့ မှတ်ပုံတင်လျှောက်လွှာကို အလကားထုတ်ယူလို့ရပြီး ရပ်ကျေးထောက်ခံစာကို ရပ်ကွက်အလိုက်မူတည်ပြီး နှစ်ထောင်ကျပ်ကနေ ငါးထောင်ကျပ်အထိ ပေးရလေ့ရှိတယ်လို့ မြိတ်မြို့ခံတွေဆီကသိရပါတယ်။
တညက်ကျေးရွာအုပ်စုနေဒေသခံတွေကတော့ မှတ်ပုံတင်ပြုလုပ်ဖို့အတွက်ကို ကျပ်လေးသောင်းကနေစပြီး ကုန်ကျနေတာဖြစ်ပါတယ်။
“ ပုံမှန်ဆို ဓာတ်ပုံရိုက်တာတို့ သွေးစစ်တာတို့ပဲ ကုန်မှာလေ။ အခုက ဘာမှစမလုပ်ရသေးဘူး။ ဖောင်ဝယ်တာနဲ့တင် လေးသောင်းကကုန်ပြီ” လို့ တညက်ကျေးရွာအုပ်စုနေ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
မှတ်ပုံတင်ပြုလုပ်ပေးနေတဲ့နေရာကတော့ တညက်အုပ်စုနဲ့ နှစ်မိုင်လောက်ကွာဝေးတဲ့ အင်္ဂမော်ရွာအထက်တန်းကျောင်းမှာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တညက်အုပ်စုက အသက်ဆယ်နှစ်နဲ့အထက်ဒေသခံအားလုံးကို ပြုလုပ်ပေးနေတာဖြစ်ပြီး ကျောင်းနေအရွယ်အများစု မှတ်ပုံတင်လုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။
အခုလိုမျိုး မှတ်ပုံတင်လျှောက်လွှာကို ကျေးရွာအုပ်ချုပ်ရေးမှူးဆီမှာ ပိုက်ဆံနဲ့ ပြန်လည်ဝယ်ယူနေရတာက တညက်အုပ်စုတစ်ခုတည်းမှာပဲရှိသေးပြီး တညက်အုပ်စုနဲ့ ဆက်စပ်ရွာတွေဖြစ်တဲ့ ပသောင်းနဲ့ မဇောကျေးရွာအုပ်စုတွေမှာတော့ မရှိသေးဘူးလို့ သက်ဆိုင်ရာဒေသခံတွေက ပြောကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မတ်လတုန်းကလည်း တညက်ကျေးရွာအုပ်ရေးမှူးက ဒေသခံတွေကို မှတ်ပုံတင်ပြုလုပ်ပေးမယ်လို့ဆိုပြီး တစ်ဦးလျှင်တစ်သိန်းကျပ်နှုန်းကောက်ခံတာမျိုးရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ထိုစဥ်ကလည်း တညက်အုပ်စုနေ ဒေသခံပြည်သူ အယောက်ခုနစ်ဆယ်နီးပါး စာရင်းပေးပြီး ပိုက်ဆံထည့်ခဲ့ကြပေမဲ့ မှတ်ပုံတင်ပြုလုပ်ပေးမဲ့ကိစ္စဆက်မဖြစ်လာပဲ ဒေသခံတွေရဲ့ ကျပ်သိန်းခုနစ်ဆယ်နီးပါး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
The Tanintharyi Times