စစ်ဘေးသင့်ပုခက်လေးများ

စစ်ဘေးသင့်ပုခက်လေးများ

ကွမ်းခြံတို့ ထုံးစံက ခြံတစ်ခြံတွင် တဲငယ်တစ်လုံးသာ ဆောက်လေ့ရှိသည်။ ယခု ကွမ်းခြံထဲတွင်မူ တဲငယ် ရှစ်လုံးခန့် ရှိနေသည်။တဲဟု ဆိုရသော်လည်း တဲတစ်လုံး၏ အင်္ဂါရပ်နှင့် မညီ။ တဲတိုင်ပင် မရှိ။

တဲတို့၏ အမာခံတိုင်က အသီးမှဲ့နေသည့် ကွမ်းပင်များဖြစ်သည်။ ကွမ်းပင်တွင် ခြောက်သယောင်းထ ကွဲအက်နေသောဝါးလုံးများကို ပူးချည်ကာ တဲတိုင်များ လုပ်ထားကြသည်။

တဲအမိုး၏ အောက်ခံချင်လုံးများကလည်း ခြောက်နေသောဝါးလုံးများပင်။ တဲတို့၏ အမိုးအကာအားလုံးသည် ကွမ်းရွက်ခိုင်ခြောက်များမို့ နေ့လည်ခင်းတွင် နေပြောက်များက တဲအတွင်းသို့ ထိုးကျနေသည်။

အနည်းငယ်သောတဲများတွင် မြေကြီးပေါ် တာလပတ်ဟောင်းတစ်ထပ် အပေါ်တွင် ရော်ဘာဖျာများ တစ်ထပ်ခင်းထားသည်။တဲအများစုကမူ မြေကြီးတွင် ကောက်ရိုးမျှင်များသာ ဖြန့်ခင်းထားနိုင်သည်။

ထိုတဲငယ်တို့ ရှိသည့်နေရာက သရက်ချောင်းမြို့နယ်ထဲက စစ်ရှောင်စခန်းငယ်တစ်ခု ဖြစ်သည်။

စခန်းငယ်ရဲ့ မြေကြီးက နွေမှာပင် စိုစိစိ။ မည်သည့်တဲတွင်မျှအိပ်စင်မရှိ။ မည်သည့်တဲမျှ ပြတင်းပေါက်မရှိ။ မည်သည့်တဲမျှတံခါးမရှိ။

သို့သော် တဲအတော်များများတွင် တွေ့ရသည်က ပုခက်ဖြူလေးများပင်။ ဝါးလုံးခြောက် ထုပ်တန်းတွင်ပင် ဖြစ်သလို တွဲလောင်းချထားသည့် ပုခက်လေးများ။ တနည်းဆိုရလျှင် အဟာရနဲ့အတူ လုံခြုံ၊ နွေးထွေးမှုပါ ပျောက်ဆုံးနေသည့် ရင်ခွင်ပိုက်ကလေးများကို ထွေးပွေ့ထားရသည့် ယီးလေးတွဲခိုနေသည့် ပုခက်လေးများပင် ဖြစ်သည်။

ဝါးလုံးခြောက်ထုပ်တန်းတွေ အနည်းငယ်ညွန့်ကျသည်အထိချည်နှောင်ထားသည့် ပုခက်အတွင်းက အိပ်ပျော်နေသည့် ၁၀လသား ကလေးငယ်ကို မိခင်ဖြစ်သူက မကြာခဏ ချောင်းကြည့်နေသည်။

သူ့တို့စခန်းသို့ ရှောင်တခင် ရောက်လာကြသည့် ဧည့်သည်များနှင့် စခန်းနေသူများ၏ အပြန်အလှန် စကားပြောသံများက တစတစကျယ်လာ၍ ကလေးလန့်နိုးမည်ကို မိခင်ဖြစ်သူ စိုးရိမ်နေဟန် ရှိသည်။

ကလေးမိခင်အရွယ်က သိပ်မငယ်တော့၊ အသက် ၅၀ ကျော်လောက် ရှိနိုင်သည်။ တဲပြင်ပက စကားပြောသံများကြောင့် သူမ၏ ကလေးငယ်အနည်းငယ် လှုပ်လာသော်လည်း နိုးလာဟန်မတူဘဲ ပြန်ငြိမ်သွားသည်။

သူတို့စခန်းသို့ ရောက်လာကြသည့် ဧည့်သည်များမှာ အမျိုးသားညီညွန့်ရေးအစိုးရ(NUG)၏ ပြည်ထဲရေးဝန်ကြီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးတာဝန်ခံနှင့် တာဝန်ရှိသူများ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ဖြစ်ကြသည်။

လမ်းလျှောက်တတ်နေပြီဖြစ်သော ကလေးများသည် သူတို့ဆီထိုသို့သော မျက်နှာစိမ်းဧည့်သည်များ မလာရောက်ဖူးဟန်ဖြင့်မျက်လုံးပေကလတ်ပေကလတ်ဖြင့် လိုက်ကြည့်နေကြသည်။အချို့ကလေး များ၏ လက်ထဲတွင် လက်လုပ်သစ်သားသေနတ်များ ကိုင်ထားကြသည်။

“လူစုပေးကြပါဗျာ။ မှတ်တမ်းဓာတ်ပုံလေး ရိုက်ချင်လို့ပါ” ဟုမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောရာ အားလုံးကရှက်ကိုးရှက်ကန်းပုံစံ ဖြစ်နေကြလေသည်။

စခန်းရှိ လူကြီးသူမများကပါ ဝိုင်းပြောကြမှ ဝင်ပြီး၊ တန်းစီရပ်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကြသည်။

“ရင်ခွင်ပိုက်ကလေးအရွယ်တွေ အတော်များတာပဲ၊ သူတို့ကို အမေတွေနဲ့ သီးခြား မှတ်တမ်းရိုက်ပါရစေဗျာ။ ရင်ခွင်ပိုက်အရွယ်ကလေးနဲ့ မိခင်တွေကို ကူညီတဲ့အဖွဲ့တွေကို ချိတ်ဆက်ပြောပြနိုင်အောင်ပါ” ဟု ခုဏက ဓာတ်ပုံရိုက်ရန်ဆော်သြသည့် အုပ်ချုပ်ရေးအဖွဲ့ဝင်က ထပ်ပြောသည်။

ကလေးမိခင်တို့ကလည်း ဘာကြောင့် ဓာတ်ပုံရိုက်ခံရသည်ကို နားမလည်ဟန်ရှိနေကြပြီး အချို့ကလည်း တဲရှိကလေးငယ်တွေကို သွားချီလာကြသည်။ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ယောက်က သူ့ဇနီးဖြစ်ဟန်တူသော အမျိုးသမီးငယ်ကို တိုးတိုးသတိပေးသည်။

“ဓာတ်ပုံသွားရိုက်မခံနဲ့။ ဓာတ်ပုံရိုက်ပြီး ဘာလုပ်မယ်မှန်း ကိုယ်သိတာမှ မဟုတ်တာ။” ဟူ၏။

ကလေးမိခင် အမျိုးသမီးငယ်သည်လည်း ဓာတ်ပုံအရိုက်ခံရမည်ကို နှစ်လိုဟန်မပြ။ စိတ်ရှုပ်နေဟန် မျက်နှာပေးများသာတွေ့ရသည်။ သည်အခြေအနေကို ဓာတ်ပုံရိုက်ရန် ဆော်သြနေသူကလည်း အတန်ငယ် ရိပ်ဖမ်းမိပုံရပါသည်။

“ကျနော်တို့က ဓာတ်ပုံရိုက်ပြီး လိုင်းပေါ်တွေ မတင်ပါဘူးခင်ဗျာ။စိတ်ချပါခင်ဗျ။ မှတ်တမ်းယူထားပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ပြဖို့နဲ့ လိုအပ်တဲ့ အကူအညီတွေတောင်းဖို့ သက်သေအဖြင့်နဲ့ပဲ ဓာတ်ပုံရိုက်တာပါ။ လိုင်းပေါ် လုံးဝမတင်ပါဘူး။ စိတ်ချပါ” ဟု သူက စခန်းတစ်ခုလုံးကြားအောင် အော်ပြောသည်။

ထိုနောက် စခန်းရှိ မိခင်များက ကလေးကိုယ်စီ ရင်ခွင်ပိုက်ကာရှက်ပြုံးကိုယ်စီဖြင့် ဓာတ်ပုံအရိုက်ခံကြသည်။ ထိုစစ်ရှောင်စခန်းတွင် ကလေးလူကြီးကျားမ စုစုပေါင်း ၂၅ ဦးကျော် ရှိရာရင်ခွင်ပိုက်ကလေး လေးဦးလောက်ကို တွေ့ရသည်။

တနင်္သာရီတိုင်းတွင် လက်ရှိအချိန်၌ စစ်ဘေးရှောင်ဦးရေ နှစ်သိန်းခန့်ရှိနေကြောင်း တော်လှန်ရေး အင်အားစုများ၊ စစ်ရှောင်ကူညီရေးအဖွဲ့များက ခန့်မှန်းကြသည်။ ယင်းအရေအတွက်ထဲတွင် ရင်ခွင်ပိုက်ကလေးဦးရေ မည်မျှရှိကြောင်း မည်သည့်အဖွဲ့ကမျှ သေချာဂနစွာ မပြောနိုင်။

မှတ်တမ်းမှတ်ရာနဲ့ အရေအတွက်ပင် အတိအကျ မစီစစ်နိုင်သည့် အခြေအနေတွင် ရှိနေသည့် စစ်ရှောင် ရင်ခွင်ပိုက်ကလေးတို့၏ ကျန်းမာရှင်သန်ရေးအတွက် လိုအပ်ချက်ကအရွယ်ရောက်ပြီးသူတွေနဲ့ မတူ၊ အလွန်ပင် များပြားလွန်းပြီးအသေးစိတ်ကျသည်။ ကလေးတစ်ယောက်အတွက် အရေးအကြီးဆုံး အခြေခံလိုအပ်ချက်မှာ ရင်ခွင်ပိုက် ၆ လ ကျော်ပြီးသူကို ဖြည့်စွက်စာကျွေးရန် လိုအပ်ပြီး ၆ လ မပြည့်သေးလျှင်မူနို့ရည် အာဟာရရှိနေရန်ပင် ဖြစ်သည်။

ဒေါနတနင်္သာရီ စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ ကျန်းမာရေးဆရာမတစ်ဦးက “ကျွန်မကတော့ ဖြည့်စွက်စာလိုအပ်ချက်လို့ပြောမဲ့အစား၊ ဒီနေရာမယ် အာဟာရလိုအပ်ချက်လို့ပဲ သုံးချင်ပါတယ်။ အဆင်ပြေသလို နေထိုင်စားသောက်ရတဲ့သူတွေမို့ ကလေးငယ်တွေအတွက် ဖြည့်စွက်စာ၊ နို့တိုက်မိခင်အတွက်ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာဟာ အဓိကလိုအပ်ချက်ပါပဲ” ဟု ပြောသည်။

ဆရာမပြောစကားကို ယူနီဆက်အချက်အလက်ကလည်း ထောက်ခံနေသည်။ မြန်မာပြည်တွင် အသက် ၆ လကနေ ၂၃လ (နှစ်နှစ်နီးပါး) အရွယ်ကလေးငယ်စုစုပေါင်း ၇၅ ရာခိုင်နှုန်းကျော်သည် ကျန်းမာရေးနဲ့ ညီညွတ်သောအစားအစာကို အနှိမ့်ဆုံး ပမာဏပင် မရရှိသည့်အတွက် အာဟာရချို့တဲ့မှု ဖြစ်နိုင်ချေ ရှိနေသည်ဟု ဆိုသည်။

စစ်ရှောင်စခန်းများတွင် လိုအပ်ချက်က အစားအစာ အဟာရတစ်ခုတည်းတင်မက၊ တောင်များ အကာအကွယ်ရှိသော တောတောင်လျှိုမြောင်များကြားတွင် အများဆုံးတည်ဆောက်ကြလေ့ရှိသည့် စစ်ရှောင်စခန်းများတွင် အခြားနေရာများထက် အအေးဓာတ် ပိုများရာ ရင်ခွင်ပိုက်လေးများအတွက် အနွေးထည်၊ခေါင်းစွပ်၊ ခြေအိတ်တို့လည်း လိုအပ်နေပြန်သည်။

“သိပ်မကြာခင်က စစ်ဘေးရှောင်ရင်း ကလေးတယောက်မွေးတယ်။ ဒါပေမဲ့ ကလေးအတွက် အနှီးတောင် ရှိမနေဘူး။အဆင်ပြေသလို မျက်နှာသုပ်ပုဝါနဲ့ပဲ နှီးထုပ်ပေးခဲ့ရသေးတယ်”ဟု အထက်ပါ ဆရာမက ပြောပြသည်။

ကျန်းမာရေးဆိုင်ဆရာ၊ ဆရာမတို့၏ ထောက်ပြချက်ထဲတွင် ရင်ခွင်ပိုက်ကလေးများအတွက် ရုပ်ဝတ္ထုအပြင် စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်ချက်များလည်း ပါဝင်သည်။

မိဘတို့က ညဘက်ကြီး ရုတ်တရက် စစ်ရှောင်ရန်ပြင်ကြ၊ နေရာရွေ့ပြောင်းကြရသည့်အခါ အိပ်နေသည့် ကလေးငယ်ကို ပွေ့ချီသည့် အချိန်မျိုးတွင် ကလေးငယ်တို့က ငိုခြင်းသည်လည်းကောင်း၊ စစ်ရှောင် အကုန်လုံး ထိတ်လန့်ကာ ငြိမ်သက်စွာနေကြချိန် ကလေးငယ်က အံ့ဩလောက်အောင် အသံမထွက်ငြိမ်သက်တိတ်ဆိတ်နေခြင်းမျိုးတို့သည်လည်းကောင်း သူတို့၏ စိတ်ထိတ်လန့်မှုကို မြင်သာကြောင်း ကျန်းမာရေးဆရာ၊ ဆရာမတို့က ပြောကြသည်။

“စစ်ဟာ တကယ်ပဲ သူတို့လေးတွေရဲ့ စိတ်ကျန်းမာရေးကိုဘယ်လောက် အကျိုးသက်ရောက် နေမလဲဆိုတာ သူတို့လေးတွေရဲ့ မျက်နှာသွင်ပြင်ကြည့်ရုံနဲ့ သိနိုင်ပြီးသားပါ” ဟု ကျန်းမာရေး ဆရာမက ပြောသည်။

မြန်မာနိုင်ငံတွင် ကလေးငယ် ခြောက်သန်းသည် နိုင်ငံရေးပဋိပက္ခနှင့် မလုံခြုံမှုဒဏ်ကို အပြင်းထန်ဆုံး ခံစားနေရပြီးလူသားချင်းစာနာမှု အကူအညီများ လိုအပ်နေသည်ဟု ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ – ယူနီဆက်(မြန်မာ)က အခုနှစ်စပိုင်းတွင် ထုတ်ပြန်၊ သတိပေးထားသည်။

ကျန်းမာရေးဆရာမတစ်ဦးကလည်း ကလေးငယ်တွေဟာ “လက်နက်ကြီးသံ၊ လက်နက်ငယ်သံ၊ ပြိုပျက်သွားတဲ့အိမ်တွေ၊အသက်မရှူနိုင်တော့တဲ့ ခန္ဓာကိုယ်တွေကြားမှာ ရှင်သန်နေရာတာ၊ ဒီလိုမငြိမ်သက်မှုကြားမှာ ရှင်သန်နေရတာဟာ သူတို့လေးတွေရဲ့ စိန်ခေါ်ချက်ပါပဲ” ဟု ပြောသည်။

ကော့သောင်းမြို့နယ်ထဲတွင်ရှိပြီး နေရောင် ကောင်းစွာမပေါက်သည့် လျှိုမြောင်တစ်ခုထဲက စစ်ရှောင်စခန်းတစ်ခုမှာနေထိုင်သည့် မိခင်တစ်ဦးကတော့ သူ၏ ၂ နှစ်အရွယ် သမီးငယ်က ညည လန့်လန့်နိုးကာ၊ ထထပြေးတတ်ကြောင်း ပြောပြသည်။

သူ့သမီးသည် မိုင်းသံ သေနတ်သံတွေကြား မွေးဖွားလာသော်လည်း ၎င်းအသံတို့နှင့် ခုထိ မယဉ်ပါးနိုင်သေး။

“မိုးခြိမ်းသံ တိုးတိုး ကြားရင်တောင် လန့်ငိုပြီး ပြေးပြေးလာတာ ခုထိပါပဲ။ ညဘက်ဆိုလည်း လန့်လန့်နိုးပြီး တဲထဲ ပတ်ပြေးနေလို့ လိုက်ဖမ်းပြီး ချော့သိတ်ရတာလည်း ညတိုင်း၊ ကျွန်မတို့လည်း ဘာလုပ်ပေးရမှန်း မသိဘူး။” ဟု ကလေးမိခင်က ပြောသည်။

ထိုစစ်ရှောင်စခန်းကို တာဝန်ယူထားရသူကမူ သူတို့စခန်းသို့ ကျမ်းမာရေးအဖွဲ့အစည်းများသာမက မည်သည့်အဖွဲ့အစည်း၏ အကူအညီမျှ ရောက်မလာဖူးကြောင်း ပြောသည်။

“သူတို့ စားဖို့ အလျှင်မှီအောင်တောင် မိတ်ဆွေတွေဆီကလိုက်အလှူခံနေရာတာပါ။ ဘယ်သူ့ကို ဘယ်လို ချိတ်ဆက်အကူအညီတောင်းရမှန်းလည်းမသိဘူး။ အချို့တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေက ကျနော်တို့စခန်းမှာ လူဘယ်လောက်ရှိနေတယ်ဆိုတာ သိပြီးသားပါ။ ဒါပေမဲ့ ဒီစစ်ရှောင်တွေအတွက် ဘာမှ ရောက်မလာဘူး” ဟု ၎င်းက ပြောသည်။

သူပြောသည့် တာဝန်ရှိသူများဆိုသည်မှာ အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများကို ဆိုလိုဟန်တူပါသည်။

သည်နေရာတွင် မေးစရာမေးခွန်းတစ်ခု ရှိလာပါသည်။ တိုင်းအတွင်းရှိ ရင်ခွင်ပိုက်ကလေးများနှင့် ၎င်းမိခင်တို့၏ လက်ငင်းပြဿနာများ၊ စိန်ခေါ်ချက်များနှင့် ၎င်းတို့၏ အနာဂတ်ကာလအတွက် မည်သူတို့တွင် တာဝန်ရှိပါသနည်း။

လက်ရှိအချိန်တွင် တနင်္သာရီတိုင်းအတွင်း စစ်ရှောင်ရင်ခွင်ပိုက်ကလေးများအတွက် သီးခြားလုပ်ဆောင်နေသည့် အဖွဲ့အစည်းမျိုး မတွေ့ရသေးသလို၊ ရင်ခွင်ပိုက်ကလေးများကိစ္စ စုံစမ်း၊ ထောက်ပို့နိုင်သည့် အဖွဲ့အစည်း၊ ဌာနမျိုးကိုလည်း ခိုင်ခိုင်မာမာ မတွေ့ရပေ။

ဒေါနတနင်္သာရီ စစ်ဘေးရှောင် ကူညီရေးအဖွဲ့ တာဝန်ရှိသူများကမူ ရင်ခွင်ပိုက်ကလေးများကိစ္စ စုံစမ်းကူညီလိုပါက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကျန်းမာရေးဝန်ကြီးဌာန၊ လူသားစာနာဝန်ကြီးဌာန၊ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာ အစသဖြင့် ဝန်ကြီးဌာနများမှတဆင့်လည်းကောင်း၊ အစိုးရမဟုတ်သည့် အရပ်ဘက်ကဆိုပါလျှင် စစ်ဘေးရှောင်ကူညီရေးအဖွဲ့အစည်းများ၊ လူသားစာနာကူညီရေးအဖွဲ့များမှတစ်ဆင့် ကူညီနိုင်ကြောင်း ပြောဆိုသည်။

အထက်ပါအဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ “ရင်ခွင်ပိုက်ကလေးငယ်ရှိတဲ့ ပတ်ဝန်းကျင်ကလူတွေ ကလည်း သူတို့နိုင်တဲ့ဘက်ကနေပြီးတော့ ကူညီကြတယ်။ ထောက်ပံ့ကြတယ်။ NUG၊ တော်လှန်ရေး အဖွဲ့အစည်းတွေ၊ NGO၊ INGO အစသဖြင့် သူတို့တွေကလည်း လက်လှမ်းမီသလောက်ကို ကူညီပေးနေကြတာတွေ့ရပါတယ်”ဟု ပြောသည်။

NUG ၏တနင်္သာရီတိုင်းလူသားစာနာတာဝန်ခံထံ တိုင်းအတွင်းရှိ ရင်ခွင်ပိုက်ကလေးများကိစ္စ ဆက်သွယ်မေးမြန်းခဲ့ရာ အချက်အလက်စုဆောင်းပြီး ပြန်လည်ဖြေဆိုပါမည်ဟု ပြီးခဲ့သည့် မတ်လ ၂ ရက်က ပြန်လည် ဖြေဆိုခဲ့ပြီး နောက်ထပ် ဆက်သွယ်ခဲ့သော်လည်း ပြန်လည် ဖြေဆိုခြင်း မရှိတော့ပေ။

မည်သည့် အခြေအနေဖြစ်နေနေ နောက်သုံးလလောက်အကြာတွင် မွေးကင်းစ ရင်ခွင်ပိုက်ကလေးတစ်ဦး ၎င်းစစ်ရှောင်စခန်းတွင် ထပ်တိုးလာတော့မည် ဖြစ်သည်။

ဆနွင်းကို သနပ်ခါးကဲ့သို့ မျက်နှာအနှံ့လိမ်းကျံပြီး ဆနွင်းပါးကွက်ကြားကြီးကြီးကို ပါးပေါ် ညီညီညာညာ ဝိုင်းထားသည့် ဝါထိန်ထိန် မျက်နှာပိုင်ရှင် အသက် ၁၉ နှစ်ခန့်အရွယ် မိခင်လောင်းလျာသည် ၇ လရှိပြီဖြစ်သော သူ့ဗိုက်စူစူပေါ် လက်တင်ကာ သူမွေးဖွားမည့်ကိစ္စကို စခန်းတာဝန်ရှိသူနှင့် ဆွေးနွေးနေသည်။

“အရပ်ထဲက လက်သည်နဲ့ အပ်ရင်တော့ ကုန်ကျမှု အနည်းဆုံးပေါ့လေ” ဟု တာဝန်ခံက ရှင်းပြနေသည်။

ထပ်တိုးလာမည့် ရင်ခွင်ပိုက်ကလေးသည် သမီးလေးလား၊ သားလေးလား မည်သူမျှ မသိသေးပေ။ သိနိုင်သည်မှာ ထိုကလေး လူ့လောကသို့ အသက်ရှင်သန်ပြီး ရောက်ရှိလာပါကထိုစခန်းတွင် စစ်ဘေးသင့် ပုခက်လေးတစ်ခု ထပ်တိုးလာဦးမည်ဖြစ်သည်။ ထိုကလေးငယ်သည် တနင်္သာရီတိုင်းအတွင်းရှိ စစ်ရှောင်စခန်းများမှ မွေးကင်းစကလေးများ၊ ရင်ခွင်ပိုက်ကလေးများ လက်ရှိရရှိနေသော အခွင့်အလမ်းထက်လည်း ဘာမျှ ပိုမရနိုင်မှာ အသေအချာပင် ဖြစ်သည်။

လင်းခ

The Tanintharyi Times