ဒုတိယမ္ပိ တံခါးခေါက်သံနဲ့ ကြုံနေရသော ဒုက္ခများ

ဒုတိယမ္ပိ တံခါးခေါက်သံနဲ့ ကြုံနေရသော ဒုက္ခများ

ကိုစိုးလင်းရဲ့ ပုံမှန်ဘဝဖြတ်သန်းနေထိုင်မှုဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကတစ်ဆင့် ရောက်လာတဲ့ စစ်မှုထမ်းခေါ်စာမှာ အလုံးစုံပျက်သုဉ်း သွားပါတော့တယ်။

“ရွေးချယ်စရာက ဒီတစ်လမ်းပဲ ရှိတယ်လေ၊ စစ်မှုမှ မထမ်းချင်တာ” လို့ လာအိုနိုင်ငံက တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သားတွေ နေထိုင်တဲ့ တန်းလျားတစ်ခုမှာ လက်ရှိနေထိုင် ရင်း သင့်တော်ရာအလုပ် တစ်ခုခုရှာဖွေနေတဲ့ ကိုစိုးလင်းက ပြောပါတယ်။

စစ်မှုထမ်းခေါ်စာကြောင့် နေအိမ်ကနေ တိမ်းရှောင်ထွက်လာပြီး အစ်မဖြစ်သူရှိနေတဲ့ လာအိုနိုင်ငံထဲကို တရားမဝင် လမ်းကြောင်းကတစ်ဆင့် ကိုစိုးလင်းရောက်ရှိခဲ့တာပါ။

ကိုစိုးလင်းက ရန်ကုန်မြို့ မြို့တွင်းခြောက်မြို့နယ်ထဲက မြို့နယ်တစ်ခုမှာ နေထိုင်သူဖြစ်ပါတယ်။ အသက် ၂၇ ခုနှစ် အရွယ်ဖြစ်ပြီး ကိုယ်ပိုင်စီးပွားရေးအဖြစ် ရေသန့်ပို့တဲ့ လုပ်ငန်းကို လုပ်ကိုင်သလို တစ်ဖက်မှာ ရုံးဝန်ထမ်းအဖြစ် လည်း လုပ်ကိုင်နေသူဖြစ်ပါတယ်။

သူ့ရဲ့ ပုံမှန်အလုပ်က မနက် ၆ နာရီလောက်အိပ်ယာထပြီး ရေသန့်ပို့၊ ၉ နာရီလောက်မှာ ရုံးသွား ၊ ညနေရုံးဆင်းပြီး ပြန်လာရင် တစ်ခါရေသန့်ပြန်ပို့နဲ့ လည်ပတ်လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။ ရုံးကလည်းအိမ်နဲ့နီးတာမို့ ကိုစိုးလင်းအတွက် အလုပ်အကိုင်အဆင်ပြေနေခဲ့ကာ လူပျိုလူလွတ်လည်းဖြစ်တဲ့အတွက် သူ့ဝင်ငွေနဲ့သူ သုံးစွဲလောက်ငစွာ သာသာယာယာ ရှိနေခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ စစ်မှုထမ်းခေါ်စာကြောင့် အဆင်ပြေချောမွေ့နေတဲ့အခြေအနေအားလုံးကို စွန့်လွှတ်ခဲ့ရပြီး လာအိုနိုင်ငံကအလုပ်သမားတန်းလျား အခန်းကျဉ်းထဲမှာ အလုပ်ရှာမရသေးဘဲ အစ်မနဲ့ ယောက်ဖဆီခိုကပ်နေရတဲ့အဖြစ်ကို ကိုစိုးလင်း လက်ရှိကြုံတွေ့နေရတာပဲဖြစ်ပါတယ်။

“အလုပ်က ကြိုးစားရှာရင်တော့ တစ်ခုခုရမှာပါ။ ဒါပေမဲ့ ဘဝကြီးက သောက်တလွဲကြီး လာဖြစ်နေတာလေ။ အဆင် ပြေနေတာတွေက တစ်ခုမှ မရှိတော့ဘူး” လို့ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေအပေါ်မှာ စိတ်ပျက်ငြီးငွေ့ စွာနဲ့ ကိုစိုးလင်းက ပြောပါတယ်။

အစ်မနဲ့ယောက်ဖဖြစ်သူရဲ့ အဆက်အသွယ်ကြောင့် လာအိုနိုင်ငံထဲကို တရားမဝင်လမ်းကြောင်းကတစ်ဆင့် အချိန် နှစ်ရက်သာ ပေးရပြီး လွယ်လွယ်ကူကူရောက်လာခဲ့ပေမဲ့ အဲဒီအတွက် ငွေကျပ် ၂၅ သိန်းကျော် ကိုစိုးလင်း ကုန်ကျခဲ့ ရတယ်။ အဲဒီငွေတွေထဲမှာ ကိုစိုးလင်းကိုယ်ပိုင်စုဆောင်းထားတဲ့ ငွေတချို့ပါဝင်သလို တချို့ကတော့ အရေးပေါ် ချေးငှားပြီး စီစဉ်ခဲ့ရတာဖြစ်ပါတယ်။

အလုပ်ရရင် ဒီငွေကြေးကိစ္စတွေက အဆင်ပြေသွားမယ်လို့ တွေးဆထားပေမဲ့ လက်ရှိ အလုပ်လက်မဲ့အခြေအနေနဲ့ အစ်မဖြစ်သူဆီ မှီခိုနေရတဲ့ အခြေအနေမှာတော့ ရပ်တည်ရှင်သန်ရေးအကြောင်း စဉ်းစားမိတိုင်း စိတ်မော ၊ လူ‌မော ၊ ရင်မောရတယ်လို့ ကိုစိုးလင်း က ဆိုပါတယ်။

“အစ်မတို့ လင်မယားကလည်း အဆင်အပြေကြီး ရှိနေတာမျိုးမဟုတ်ဘူးလေ။ သူတို့မှာလည်း သူတို့ အခက်အခဲနဲ့ သူတို့ဆိုတော့ ကိုယ်ကဝန်ထုတ်ဝန်ပိုးလို ဖြစ်မနေချင်ဘူး။ ဒါပေမဲ့ အခုက အဲဒီလို ဖြစ်နေတယ်”လို့ ကိုစိုးလင်းက ပြောပါတယ်။

၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၀ ရက်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အတည်ပြု ပြဌာန်းခဲ့ပြီး အသက် ၁၈ နှစ်ကနေ ၃၅ အတွင်း အမျိုးသားလူငယ်လူရွယ်တွေကို စစ်မှုထမ်းခိုင်းစေဖို့ မတ်လနောက်ဆုံးပတ်ထဲမှာ ပထမ အသုတ်စတင် ခေါ်ယူခဲ့ပါတယ်။

အဲဒီလိုခေါ်ယူတဲ့အချိန်မှာ ကိုစိုးလင်းတို့ ရပ်ကွက်ထဲက လူငယ်တချို့ပါသွားခဲ့ပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် စစ်မှုထမ်းခေါ်ယူမှုကို လာရောက်ရှင်းပြတဲ့ စစ်တပ်အရာရှိတချို့က စစ်မှုထမ်းဖို့ ခေါ်ယူသွားတဲ့ လူငယ် တွေကို ရှေ့တန်းစစ်မျက်နှာပြင်ကို ပို့ဆောင်မှာမဟုတ်ဘဲ မြို့နယ်နဲ့ နီးစပ်ရာ စစ်ဌာနစခန်းတစ်ခုခုမှာ တာဝန်ထမ်းဆောင်စေမှာ ဖြစ်တယ်လို့ ကတိစကားပြောကြားခဲ့ကြပါတယ်။

ဒါပေမဲ့ ရပ်ကွက်အတွင်းက စစ်မှုထမ်းဖို့ ခေါ်သွားခံရသူ လူငယ်တချို့ဟာ မြို့နယ်နဲ့ နီးစပ်ရာ စစ်ဌာနစခန်းမှာ တာဝန်ချထားခံရတာမျိုးမရှိသလို တချို့တွေရဲ့သတင်းအစအနကိုလည်း မိသားစုတွေကိုယ်တိုင် လိုက်လံစုံစမ်း မရဘဲ ရှိခဲ့ပါတယ်။

ဒီအခြေအနေတွေကြောင့် ၂၀၂၄ ခုနှစ် မေလပထမပတ်ထဲမှာ စစ်မှုထမ်းဖို့ ဒုတိယအသုတ် ထပ်မံခေါ်ယူမှုတွေ ပြန်လည်စတင်လာချိန် ကိုစိုးလင်းလိုပဲ စစ်မှုမထမ်းလိုတဲ့ လူငယ်တွေဟာ ရရာနည်းလမ်းနဲ့ ပြည်ပနိုင်ငံတွေဆီ အထူး သဖြင့် အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ လက်ရှိမှာ တရားမဝင်ရွှေ့ပြောင်းလုပ်သား ဝင်ထွက်မှုအပေါ်ပြင်းပြင်းထန်ထန်တင်း ကြပ်မှုမရှိသေးတဲ့ လာအိုနိုင်ငံဆီကို တိမ်းရှောင်ထွက်ပြေးဖို့ ဖြစ်လာခဲ့တာပါပဲ။

မြန်မာရွှေ့ပြောင်း အလုပ် သမားအရေးဆောင်ရွက်သူ ကိုကျော်စွာက “အခု တရားဝင်လမ်းကြောင်းတွေပါ ပိတ်ဖို့ရှိလာနေတော့ တရားမဝင်လမ်းကြောင်းကနေ သွားတာတွေ ပိုများလာမှာပဲ။ လူငယ်တွေအတွက်က အခုက ဆုတ်လည်းစူး၊ စားလည်းရူး အခြေအနေမျိုးပဲ”လို့ ဆိုပါတယ်။

အောက်ခြေအလယ်အလတ် လူတန်းစားနဲ့ အခြေခံလူတန်းစားတွေအတွက် တစ်ဖက်မှာစစ်မှုမထမ်းချင်သလို တစ်ဖက်မှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထဲလည်း မဝင်ချင်ဘူးဆိုတဲ့အခါ ရွေးချယ်စရာလမ်းကြောင်းက အိမ်နီးချင်းနိုင်ငံတွေဆီကို တရားမဝင်ရွှေ့ပြောင်းလုပ်သားအဖြစ် သွားရောက်ကြတာဖြစ်ပြီး အဲဒီလိုသွားရောက် နိုင်ဖို့ ရရာနည်းလမ်းပေါင်းစုံကနေလုပ်ဆောင်နေကြတာဖြစ်တယ်လို့ ကိုကျော်စွာက ပြောပါတယ်။

ပထမအသုတ် စစ်မှုထမ်းဖို့ ခေါ်ယူချိန်မှာ လူငယ်အများစုတိမ်းရှောင်ထွက်ပြေးကြတာ၊ ပြည်ပနိုင်ငံတွေဆီထွက်ခွာကြတာတွေ ပိုမိုများပြားလာတာကြောင့် စစ်ကောင်စီဟာ စစ်မှုထမ်းဖို့ ဒုတိယအသုတ်ခေါ်ယူမှုတွေ မစတင်မီ မြန်မာပြည်ကနေ ပြည်ပကို ခေါင်းစဉ်အကြောင်းအရာမျိုးစုံနဲ့ တရားဝင်ထွက်ခွာပြီး အလုပ်လုပ်ကိုင်ဖို့ စီစဉ်နေတဲ့ အခြေအနေတချို့ကို တားမြစ်ပိတ်ပင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။

ဒါက တိကျသေချာတဲ့ အကျိုးအကြောင်းနဲ့ ရှင်းလင်းဖော်ပြချက်မပါဘဲ မြန်မာအမျိုးသားတွေ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်တာကို ကန့်သတ်ပိတ်ပင်ကြောင်း စစ်ကောင်စီက မေလ ၁ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီ နောက် မေလပထမပတ်အတွင်းမှာ စစ်မှုထမ်းဖို့ ဒုတိယအသုတ်ခေါ်ယူမှုကို စတင်လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီလို စစ်မှုထမ်းဖို့ ဒုတိယအသုတ် ‌ခေါ်ယူချိန်မှာ နာမည်စာရင်းပါလာတာကြောင့် စစ်မှုမထမ်းလိုတဲ့အတွက် ကိုသန့်ဇင်လည်း ထိုင်းနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ကိုသန့်ဇင်က အရင်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ အငယ်တန်းစာရေးလုပ်ကိုင်ခဲ့သူပါ။

စစ်အာဏာသိမ်းမှုကြောင့် စီဒီအမ်လုပ်ခဲ့ကာ အစောပိုင်းကာလတွေ တိမ်းရှောင်နေထိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် နှစ်လည်ပိုင်းလောက်မှာ မူလနေထိုင်ရာမြို့နယ်က မိဘအိမ်မှာ ပြန်လည် နေထိုင်ခဲ့ပါတယ် ။ အဲဒီနောက် ဆေးကုမ္ပဏီတစ်ခုမှာ ဖြန့်ချိရေးဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။

အဲဒီလို လုပ်ကိုင်နေရာကနေ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ဒုတိယအကြိမ်ကောက်ယူတဲ့ စစ်မှုထမ်းစာရင်းမှာ သူ့ နာမည်ပါနေတယ်ဆိုတဲ့ သတင်းစကားကြောင့် နေအိမ်မှာ ဆက်လက်နေထိုင်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် ထိုင်း နိုင်ငံထဲကို တရားမဝင်လမ်းကြောင်းကနေ ထွက်ပြေးတိမ်းရှောင်လာခဲ့တာဖြစ်ပါတယ်။

“စီဒီအမ်သမားလည်းဖြစ်တယ်၊ စာရင်းလည်းပါတယ်ဆိုတော့ သေချာပေါက် အငြိုးနဲ့လုပ်မှာ ။ အဲဒါမို့ ဒီ(ထိုင်း)မှာ လည်း လူခံရှိတော့ အမြန်ထွက်လာခဲ့တာ” လို့ လက်ရှိ အသက် ၂၈ နှစ်အရွယ် ကိုသန့်ဇင်က ဆိုပါတယ်။

ထိုင်းနိုင်ငံကို ထွက်လာဖို့ လိုအပ်တဲ့ ငွေကြေးကို အဒေါ်တွေက အကုန်အကျခံပေးခဲ့ပြီး လက်ရှိမှာ ထိုင်းနိုင်ငံရှိ အသိ မိတ်ဆွေရဲ့ အခန်းမှာ အထောက်အထားမဲ့အခြေအနေနဲ့ အလုပ်တစ်ခုခုရဖို့ ရှာဖွေနေရဆဲဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။ ဘာအထောက်အထားမှ မရှိတဲ့အတွက် အလုပ်ရဖို့က ခက်ခဲနေပြီး စားရေး၊သောက်ရေးအတွက် ရန်ကုန် ရှိ မိဘတွေက ငွေပို့ပေးလို့ ခံသာနေတာဖြစ်တယ်လို့ ကိုသန့်ဇင်က ပြောပြတယ်။

“ပို့ပေးတယ်ဆိုတာက ရှိလို့ မဟုတ်ပါဘူး။ ဒီလိုပဲ အဆင်ပြေအောင် ချေးငှားပြီး ပို့ပေးရတာ။ ဟိုမှာ လူခံရှိလို့ တော် သေးတာ၊ မဟုတ်ရင် မလွယ်ဘူး” လို့ ကိုသန့်ဇင်ရဲ့ မိခင် ဒေါ်ညို က ပြောပါတယ်။

စစ်မှုထမ်း ဥပဒေမှာ အကျုံးဝင်ပြီး နာမည် စာရင်းပါလာတာကြောင့် မောင်ဘွားဆွေမျိုးတွေကို ဘေးလွတ်ကင်းရာ ပြည်ပနိုင်ငံဆီ စေလွှတ်ရပေမဲ့ ပြည်တွင်းမှာ ဆက်လက်ကျန်နေတဲ့ မိသားစုတွေလည်း အကြွေးနွံထဲမှာ ရုန်းကန် နေရတာလို့ ဒေါ်ညိုက ဆိုပါတယ်။

“အတိုးကပစ္စည်းပေးရင် ၅ ကျပ်တိုးလောက်ရပေမဲ့ ပစ္စည်းမပေးရင် အနည်းဆုံး ၈ ကျပ်တိုးလောက်ပေးရတယ်။ သူ (ကိုသန့်ဇင်) အလုပ်ရမှ အဆင်ပြေမှာ။ အလုပ်မရသေးရင် ငွေတိုးက တောက်လျှောက်တက်နေမှာ”လို့ ဒေါ်ညို က ပြောပါတယ်။

ကိုသန့်ဇင်ရှိစဉ်က သူ့အလုပ်နဲ့သူအဆင်ပြေပြီး အိမ်စရိတ်ကိုလည်း ထောက်ပံ့တာဝန်ယူနိုင်ခဲ့တာမို့ သိပ်အခက်အခဲမရှိပေမဲ့ လက်ရှိအခြေအနေက အိမ်စီးပွားရေးလည်း အခက်ကြုံရသလို ကိုသန့်ဇင်လည်း အခက်ကြုံနေရတဲ့ အခြေအနေဖြစ်တယ်လို့ ဒေါ်ညိုက ဆိုပါတယ်။

မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေ၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာမှုနဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပကို တရားမဝင်ထွက်ခွာကြတဲ့ မြန်မာလူငယ်တွေ တစတစ များပြားလာပြီး အထက်ကဆိုခဲ့သလို ကိုယ်တိုင်ရော ၊ ပြည်တွင်းမှာ ကျန်ရစ်တဲ့ မိသားဝင်တွေရော အခက်အခဲကြုံတွေ့ရမှုတွေ စဉ်ဆက်မပြတ်ရှိနေမှာပဲလို့ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးဆောင်ရွက်သူ ကိုကျော်စွာက ဆိုပါတယ်။

“ဒါဘာကြောင့်လဲဆိုတဲ့ အဖြေက ရှင်းရှင်းလေးပါပဲ။ ဒီအတွက် ဒီအခြေအနေတွေက မကြုံချင်လည်း ကြုံနေရဦးမှာ ပဲ” လို့ ၎င်းက ပြောပါတယ်။

(မှတ်ချက် – သတင်းအရင်းအမြစ်တွေရဲ့လုံခြုံရေးကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးဆောင်ရွက်သူ ကိုကျော်စွာကလွဲရင် တခြားသူတွေကို အမည်လွဲ ဖော်ပြထားပါတယ်။)

နီလာအေး

The Tanintharyi Times