ဒီဇင်ဘာ ၁၅ ရက် မနက်ခင်း သတင်း
ဒီဇင်ဘာ ၁၅ ရက် မနက်ခင်း သတင်း
တနင်္သာရီတိုင်းမှာ လာမယ့်နှစ်တွေ ဆန်အခက်အခဲကြုံတွေ့ရနိုင်
တနင်္သာရီတိုင်းအတွင်း လာမဲ့နှစ်တွေမှာဆန်ဖူလုံမှုမရှိတဲ့ အနေအထားနဲ့ကြုံနိုင်ပြီး ကြိုတင်ပြင်ဆင်ဖို့လိုအပ်နေတယ်လို့ တိုင်းတွင်း ဆန်အရောင်းဆိုင်ရှင်တွေက ပြောပါတယ်။
တနင်္သာရီတိုင်းမှာ ဆန်ဖူလုံမှု ၇၀ ရာခိုင်နှုန်းရှိတယ်လို့ အစိုးရကပြောဆိုထားပေမယ့် တိုင်းတွင်း ဆန်အရောင်းဆိုင်ရှင်တွေကတော့ စာရွက်ပေါ်က သတ်မှတ်ချက်တစ်ခုသာ ဖြစ်ပြီး တကယ့်လက်တွေ့မှာ ၅၀ ရာခိုင်နှုန်းတောင် ရှိမနေဘူးလို့ ဆန်အရောင်းဆိုင်ရှင်တွေကဆိုပါတယ်။
လက်ရှိမှာ တိုင်းတွင်းဆန်ဖူလုံနိုင်ဖို့အတွက် ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းဘက်ကဆန်တွေကို အဓိကတင်သွင်းနေရပြီး ဆန်ဖူလုံဖို့ ကြိုးစားနေရတယ်လို့ ဆန်ဆိုင်ရှင်တွေကပြောပါတယ်။
ပုလောမြို့နယ်က စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး သိပ်မကြာခင်မှာပဲ စစ်ကောင်စီဘက်က ပြည်သူတွေကိုခြိမ်းခြောက်တဲ့စာတွေကို နံရံတွေနဲ့ ဓာတ်တိုင်တွေမှာလိုက်ကပ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အဲဒီစာထဲမှာ ပညာရေးကိုနှောက်ယှက်သူတွေကို မြို့ပေါ်နေသူတွေက အားပေးနေတာကိုသိရှိထားကြောင်းနဲ့ အဲဒီလူတွေနဲ့မိသားစုဝင်တွေကိုပါ လူ့လောကကနေထုတ်ပယ်မှာဖြစ်ကြောင်း ရေးသားထားပါတယ်။
အဲဒီစာတွေကို လွန်ခဲ့တဲ့နှစ်ရက် ၁၂ ရက်နေ့မှာ ပုလောမြို့ပေါ်နဲ့ ပလမြို့တွေရဲ့ လမ်းဆုံနဲ့လူသွားလူလာများတဲ့နေရာတွေမှာလိုက်ကပ်ထားတာဖြစ်ပြီး စာပေါ်မှာတော့ ဗိုလ်မျိုးချစ် အကြမ်းဖက်ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့လို့ရေးသားထားပါတယ်။
အဲဒီစာတွေကို စစ်ကောင်စီတပ်သားနဲ့ပျူစောထီးတွေပေါင်းပြီး လိုက်ကပ်နေတာလို့လည်း မြို့ခံတွေကဆိုပါတယ်။
မြိတ်ခရိုင်အတွင်းက ကွမ်းသီးအရောင်းအဝယ်လုပ်ကိုင်နေသူတွေ စစ်ဆေးရေးဂိတ်ဖြတ်ခ မတန်တဆ ပေးဆောင်နေရ
မြိတ်ခရိုင် ပုလောမြို့နယ်နဲ့ ပလမြို့နယ်က ဒေသခံတွေဟာ ကွမ်းသီးတင်ပို့ရောင်းချရာမှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကြေးတွေကို ပေးဆောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျေးရွာထဲက ကွမ်းသီးလုပ်ငန်းလုပ်ကိုင်သူတွေဟာ ပုလောမြို့နဲ့ပလမြို့ပေါ်က ဈေးသက်သာတဲ့ ဒိုင်တွေဆီမှာ ကိုယ်တိုင်ကိုယ်ကျ ဆိုင်ကယ်နဲ့ တစ်ပိုင်တစ်နိုင် သယ်ပြီး သွားရောင်းချတဲ့အချိန်မှာစစ်ကောင်စီတွေရဲ့ ဂိတ်တွေကို မဖြစ်မနေဖြတ်သန်း သွားရချိန်မှာ ဂိတ်ကြေးအဖြစ်တောင်းတဲ့ငွေကြေးကို ပေးဆောင်နေရတာဖြစ်ပါတယ်။
ပုလောမြို့နယ်ရဲ့မြို့အဝင်နဲ့ မြို့အထွက်မှာရှိတဲ့ တံတားတစ်ခုစီမှာ စစ်ဆေးရေးဂိတ်တစ်ခုစီရှိသလို ပလမြို့နယ်မှာလည်း ပလမြို့နယ်ရဲစခန်းနဲ့ ပဝတ်ကုန်း နေရာမှာ စစ်ဆေးရေးဂိတ်တွေ ရှိပါတယ်။
မြို့ပေါ်မှာသွားရောင်းကြတဲ့ ဒေသခံတွေဟာ စစ်ကောင်စီဂိတ်တွေကို မဖြစ်မနေဖြတ်သန်းသွားလာကြရပြီး တစ်ဂိတ်ကို ကျပ် ၃၀၀၀ ကနေ ၅၀၀၀ အထိ ပေးဆောင်နေရတယ်လို့ သိရပါတယ်။
ရန်ကုန် – မော်လမြိုင် မီးရထားလမ်း မိုင်းဆွဲခံရလို့ ရထားခရီးစဥ်တွေ ဖျက်သိမ်း
ရန်ကုန် – မော်လမြိုင် မီးရထားလမ်းဟာ သိမ်ဆိပ်နဲ့ ဒုံးဝန်း ဘူတာကြားမှာ ဒီဇင်ဘာ ၁၃ ရက် မနေ့ညက မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဘီဘီစီမြန်မာပိုင်းက သတင်းဖော်ပြထားပါတယ်။
မိုင်းဆွဲခံရတယ်ဆိုတဲ့ ရထားလမ်းဓာတ်ပုံတွေအရ ရထားနောက်ဆုံးကကုန်တွဲပိုင်းတွေ လမ်းချော်တိမ်းမှောက်နေပြီး၊ ကုန်အချို့ ပြန့်ကျဲနေတာကို တွေ့ရပါတယ်။
အဆိုပါ ဖြစ်စဉ်မှာ လူထိခိုက်၊ သေဆုံးမှုရှိ၊ မရှိတော့ မသိရသေးပါဘူး။
လောင်းလုံးမြို့နယ်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ညသပိတ်
အကြမ်းမဖက်လူထုလှုပ်ရှားမှုအားကောင်းတဲ့မြို့နယ်တစ်ခုဖြစ်တဲ့ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ဒီဇင်ဘာ ၁၃ ရက်မနေ့ညက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ကြပါတယ်။
The Tanintharyi Times
