ပညာရေးကို နှောက်ယှက်သူတွေနဲ့ မိသားစုဝင်တွေကို လူ့လောကကနေထုတ်ပယ်သွားမယ်ဆိုတဲ့ ခြိမ်းခြောက်စာတွေ ပုလောမှာ လိုက်ကပ်နေ
ပညာရေးကို နှောက်ယှက်သူတွေနဲ့ မိသားစုဝင်တွေကို လူ့လောကကနေထုတ်ပယ်သွားမယ်ဆိုတဲ့ ခြိမ်းခြောက်စာတွေ ပုလောမှာ လိုက်ကပ်နေ
ပုလောမြို့နယ်က စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး သိပ်မကြာခင်မှာပဲ စစ်ကောင်စီဘက်က ပြည်သူတွေကိုခြိမ်းခြောက်တဲ့စာတွေကို နံရံတွေနဲ့ ဓာတ်တိုင်တွေမှာလိုက်ကပ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အဲဒီစာထဲမှာ ပညာရေးကိုနှောက်ယှက်သူတွေကို မြို့ပေါ်နေသူတွေက အားပေးနေတာကိုသိရှိထားကြောင်းနဲ့ အဲဒီလူတွေနဲ့မိသားစုဝင်တွေကိုပါ လူ့လောကကနေထုတ်ပယ်မှာဖြစ်ကြောင်း ရေးသားထားပါတယ်။
“သူတို့စာအရ သားသမီးအတွက်စိုးရိမ်လို့ ကျောင်းမလွှတ်ရင်တောင် ပညာရေးဖျက်ဆီးတယ်ခေါင်းစဥ်တပ်ခံရမယ့်ပုံစံဖြစ်နေတယ်။ သူတို့တချိန်လုံးလက်နက်ကြီးရမ်းပစ်နေတာကျ ပညာရေးမထိခိုက်ဘူးလား” လို့ပုလောမြို့ခံတစ်ဦးကပြောပါတယ်။
အဲဒီစာတွေကို လွန်ခဲ့တဲ့နှစ်ရက် ၁၂ ရက်နေ့မှာ ပုလောမြို့ပေါ်နဲ့ ပလမြို့တွေရဲ့ လမ်းဆုံနဲ့လူသွားလူလာများတဲ့နေရာတွေမှာလိုက်ကပ်ထားတာဖြစ်ပြီး စာပေါ်မှာတော့ ဗိုလ်မျိုးချစ် အကြမ်းဖက်ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့လို့ရေးသားထားပါတယ်။
အဲဒီစာတွေကို စစ်ကောင်စီတပ်သားနဲ့ပျူစောထီးတွေပေါင်းပြီး လိုက်ကပ်နေတာလို့လည်း မြို့ခံတွေကဆိုပါတယ်။
“စာကပြည်သူတွေနဲ့ ကျောင်းသားမိဘတွေကိုခြိမ်းခြောက်တာပဲ။ တိုက်ပွဲဖြစ်တဲ့နေ့တွေမှာ ကလေးတွေ ကျောင်းမသွားကြတော့ဘူးလေ။ သူတို့ကဘယ်လိုအခြေအနေဖြစ်ဖြစ် ကျောင်းတက်ရမယ်ဆိုတာမျိုးခြိမ်းခြောက်တဲ့သဘောပဲ” ပုလောပြည်သူ့ကာကွယ်ရေးတပ် မြိတ်ခရိုင် တပ်ရင်း(၁) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အခုတစ်ပတ်အတွင်းမှာ ပုလောမြို့ပေါ်က မြို့တော်ခန်းမနဲ့ ပလမြို့ရဲစခန်းအပြင် စစ်ကောင်စီစခန်းကုန်းနဲ့တပ်စွဲထားတဲ့နေရာတွေကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်တွေကက ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်သားတွေ နေ့ရောညပါ ကင်းလှည့်တာနဲ့ ကင်းပုန်းဝပ်တာတွေကို ပုလောမြို့နယ်ထဲမှာ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
The Tanintharyi Times
