ရိုဒရီဂို ဒူတာတေးကို သည်ဟိသ်က UN အကျဉ်းထောင်မှာ ချုပ်နှောင်ထား
ရိုဒရီဂို ဒူတာတေးကို သည်ဟိသ်က UN အကျဉ်းထောင်မှာ ချုပ်နှောင်ထား

ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး ဟာ အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး (ICC)ရဲ့ ချုပ်နှောင်မှုအောက်ကို ရောက်ရှိနေပြီဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြောင်းပြပြီး လူသောင်းချီ သတ်ဖြတ်မှုနဲ့ ဝရမ်းထုတ်ခံရတဲ့ ဒူတာတေး ကို မနေ့က ဗုဒ္ဓဟူးနေ့မှာ ICC က နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပိုလ်) လက်ကနေ လွှဲပြောင်းလက်ခံခဲ့ပြီး သည်ဟိသ်မြို့က အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပြီလို့ Euro News သတင်းဌာကဖော်ပြပါတယ်။
ဒူတာတေးအား ဟောင်ကောင်ကနေပြန်လာပြီး ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့ကိုရောက်ရှိတဲ့ အချိန်မှာ ဖိလစ်ပိုင် ရဲတပ်ဖွဲ့ နဲ့ နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပိုလ်) တို့ပူးပေါင်းဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကိုစ် က ထုတ်ပြန်ထားပါတယ်။
အဲဒီနေ့မှာပဲ ဒူတာတေးကို ဖိလစ်ပိုင်ကနေ လေကြောင်းနဲ့ ပို့ဆောင်ခဲ့ပြီး မတ်လ ၁၂ ရက်နေ့မှာတော့ ICC အခြေစိုက်ရာ နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့ကို ရောက်ရှိပြီး ထိန်းသိမ်းချုပ်နှောင် ခံထားရတာ ဖြစ်ပါတယ်။
Euro News သတင်းဌာန က ရေးသားချက်အရ ဒူတာတေးကို နယ်သာလန် နိုင်ငံသည်ဟိသ်မြို့ ချေဗနင်းဂန် အရပ်မှာ ရှိတဲ့ ကုလသဂ္ဂ ထောင်ကို ပို့ဆောင်လိုက်ပြီလို့ ဖော်ပြထားပါတယ်။
အဲ့ဒီထောင်ဟာ အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး (ICC) စစ်ရာဝတ်မှုတွေ အတွက်ဖမ်းဆီးခဲ့ဖူးတဲ့ ဆားဘီးယားအာဏာရှင် သမ္မတဟောင်း စလိုဘိုဒန် မီလိုဆီဗစ် ၊ လိုက်ဘေးရီးယား အာဏာရှင် ချားလ်စ် တေလာ နဲ့ ဘော့စနီးယားဆားဘ်တပ်မှူး ရတ်ကို မလာဒစ် တို့ဖမ်းဆီးချုပ်နှောင်ခဲ့တဲ့ အကျဉ်းထောင်ဖြစ်ပါတယ်။
ရိုဒရီဂို ဒူတာတေး ဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီစဉ်အကြောင်းပြပြီး လူပေါင်း သုံးသောင်းလောက် သတ်ဖြတ်ခဲ့တာကြောင့် နိုင်ငံတကာရာဇ၀တ်တရားရုံး ICC က ဝရမ်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ရိုဒရီဂို ဒူတာတေးဟာ ၂၀၁၆ က သမ္မတမဲဆွယ်ပွဲတွေမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ဆောင်မယ် လို့ မဲဆွယ်ခဲ့ပြီး မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူတွေကို မနီလာပင်လယ်အော် ငါးစား ကျွေးပစ်မယ်လို့ ပြောဆိုခဲ့သူပါ။
ဒူတာတေးရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်မှာ အပြစ်မဲ့ အရပ်သား ၁၂,၀၀၀ မှ ၃၀,၀၀၀ ကြား အသတ်ခံခဲ့ရတယ်လို့ ICC ရဲ့ အချက်အလက်တွေအရသိရပါတယ်။
သေဆုံးသူအများစု ဟာ ဆင်းရဲနွမ်းပါးတဲ့ မြို့ပြဒေသ က အမျိုးသားတွေဖြစ်ပြီး ရဲတပ်ဖွဲ့ က လမ်းမတွေပေါ်မှာပဲ အကြမ်းဖက်သတ်ဖြတ်ခဲ့တယ်လို့ ICC ကဆိုပါတယ်။
ICC ရဲ့ ဖမ်းဝရမ်းထဲမှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလကနေ ၂၀၁၆ ဇွန်လအတွင်း မူးယစ်တိုက်ဖျက်ရေး ရည်ရွယ်တဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ ပါဝင်ပြီး ဒါဗာအိုမြို့တော်ဝန် လုပ်ခဲ့စဉ်က အလားတူ မူးယစ်နှိမ်နင်းမှုတွေနဲ့ ဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။
ကိုးကား – Euro News
(ယခုဘာသာပြန်သတင်းကို The Tanintharyi Times နဲ့ Connect Burma သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times