အရိုးနုနုပေါ်က ပဋိပက္ခဝန်

အရိုးနုနုပေါ်က ပဋိပက္ခဝန်

ကိုင်းတပ်ကော်ပုံးထဲမှာ ကွန်ကရစ်ဖျော်ရည်က အပြည့်နဲ့မို့ ပိန်သွယ်သွယ်ကလေးငယ်ဟာ သူ့ရဲ့ခါးရိုးတွေ ကိုင်းညွှန့်လာတဲ့အထိ သယ်နေရတယ်။ သူဒီလို ခေါက်တုံ့ခေါက်ပြန်သယ်နေတာ တစ်ခါမကတော့။

ဒီလိုအလုပ်ကို ထားဝယ်ဒေသမှာတော့ ကော်ပုံးဆွဲတယ်လို့ ခေါ်ကြတယ်။ ဖိုးလပြည့်ဟာ အသက် ၁၄ နှစ်အရွယ်သာ ရှိသေးပေမဲ့ ထားဝယ်မြို့ပေါ်က ပန်းရံလုပ်ငန်းခွင်တစ်ခုမှာတော့ ကော်ပုံးဆွဲ အလုပ်သမားတစ်ဦးဖြစ်နေပြီ။

ပန်းရံအလုပ်မှာ ကော်ပုံးဆွဲတယ်ဆိုတာ အောက်ဆုံးအဆင့်၊ အလုပ်ကြမ်း။ ကော်ပုံးသမားတွေဟာ အလေးအပင်တွေ မတာ၊ သယ်တာအပြင် တခြားလိုအပ်တာတွေကိုလည်း ဝိုင်းလုပ်ကြရတယ်။

ထားဝယ်မြို့ပေါ်ရပ်ကွက်တစ်ခုက ဆောက်လက်စနှစ်ထပ်တိုက်လုပ်ငန်းခွင်မှာ ကော်ပုံးဆွဲရာထူးနဲ့ အလုပ်လုပ်ကိုင်နေတဲ့ ကလေးလုပ်သားက ဖိုးလပြည့်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ သူနဲ့သက်တူရွယ်တူ ကလေးငယ်တစ်ဦးလည်း ရှိပါသေးတယ်။

ကော်ပုံးဆွဲအလုပ်က ဘယ်လောက်ပင်ပန်းသလဲဆို “နေမကောင်းတောင်ဖြစ်တယ်ဗျ” လို့ ဖိုးလပြည့်က ပြောတယ်။

ဖိုးလပြည့်လို ကလေးလုပ်သားတွေက ကမ္ဘာမှာအဆင်းရဲဆုံးစာရင်းဝင်နိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာမှာ ဟိုးအရင်ကတည်းက အများအပြားရှိနေခဲ့တာပါ။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှာတော့ ကုန်စျေးနှုန်းတွေ အဆမတန်ကြီးမြင့်လာတာ၊ ဆင်းရဲမွဲတေမှု မြင့်တက်လာတာနဲ့ ပညာရေးစနစ် ပြတ်တောက်သွားတာတွေက ကလေးလုပ်သား အရေအတွက်ကို အရင်ထက်ပိုပြီး အဆမတန်မြင့် တက်စေခဲ့ပါတယ်။

ပဋိပက္ခဒဏ်ခံရတဲ့ နိုင်ငံတွေမှာ ကလေးအလုပ်သမားနှုန်းက ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှနှုန်းထားတွေထက် ၇၇ ရာခိုင်နှုန်း မြင့်မားလာတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားများအဖွဲ့ချုပ် ILO က ကမ္ဘာ့ကလေး အလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ ဖြစ်တဲ့ ဒီကနေ့ ဇွန် ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ILO ရဲ့ လက်ရှိစာရင်းအရ မြန်မာနိုင်ငံမှာ အသက် ၁၈ နှစ်အောက် ကလေးလုပ်သားက တစ်သန်းကျော် ရှိနေပါပြီ။ အဲဒီထဲကတစ်ဝက်ကျော်ဟာ ဘေးအန္တရာယ်ရှိတဲ့ အလုပ်တွေမှာ လုပ်ကိုင်နေရတယ်လို့လည်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားများအဖွဲ့ချုပ်က သတိပေးထားပါတယ်။ ဖိုးလပြည့်က အဲဒီတစ်သန်းကျော်ထဲက တစ်ယောက်ပါ။

ဖိုးလပြည့်ရဲ့ မိခင်ကတော့ လက်ရှိကုန်စျေးနှုန်းအခြေအနေအရ သူအလုပ်မလုပ်ရင်မိသားစုမှာ အဆင်မပြေဘူးလို့ ပြောတယ်။

“သူက သားကြီးလည်းဖြစ်တော့လေ ဘယ်တတ်နိုင်မလဲ။ ဖြစ်နိုင်ရင်တော့ ကျမလည်း မလုပ်စေချင်ပါဘူး။ ဒါပေမဲ့ ကိုယ့်ဝမ်းနာ ကိုယ်သာသိပါ” လို့ မိခင်ဖြစ်သူက ပြောတယ်။

အသက်အန္တရာယ်လုံခြုံမှု အာမခံချက်မရှိတဲ့ သာမာန်ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အလေးအပင်တွေမပြီး နေပြင်းပြင်းထဲ၊ မိုးစိုစိုထဲလုပ်ရတဲ့ ဒီအလုပ်သမားဘဝကို ကိုဗစ်ကာလကျောင်းတွေပိတ်ချိန်ကစလို့ ဖိုးလပြည့် ရောက်လာခဲ့တာပါ။ သူ့ရဲ့ပညာရေးလည်း ငါးတန်းမှာပဲ ဆုံးခန်းတိုင်သွားခဲ့တယ်။

ဖိုးလပြည့်ရဲ့လက်ရှိ ဝင်ငွေက တစ်ရက်ကို တစ်သောင်းကျပ် ဝန်းကျင်ရပါတယ်။ ထားဝယ်မြို့မှာ အခုလက်ရှိ ကုန်ဈေးနှုန်းက ၂၄ ပြည်ဝင် ဆန်ကြမ်းတစ်အိတ်ကို တစ်သိန်းကျော်ရှိနေပြီး စားအုန်းဆီတစ်ပိဿာက တစ်သောင်းကျော်ရှိပါတယ်။ ကြက်ဥတစ်လုံးက သုံးရာငါးဆယ်ကျပ် ပါ။

လုပ်သက် အနှစ် ၂၀ ရှိပြီဖြစ်တဲ့ အထက်တန်းပြကျောင်းဆရာမတစ်ဦးကတော့ အခုလက်ရှိကုန်ဈေးနှုန်း စီးပွားရေးအခြေအနေနဲ့ စစ်မှုထမ်းဥပဒေကြောင့် အလယ်တန်းနဲ့ အထက်တန်းကျောင်းသားအရွယ်တွေဟာ ကျောင်းဆက်တက်ရနိုးနိုး၊ အလုပ်လုပ်ရနိုးနိုးဖြစ်နေကြတယ်လို့ ပြောတယ်။

“သူတို့မှ မိသားစုကိုမကူရင် မလွယ်မယ့်ကိစ္စဖြစ်နေတော့ စိတ်မကောင်းဖြစ်ရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး။ ဖွင့်ရက်ကျောင်းတက်ပြီး စနေ၊ တနင်္ဂနွေ အလုပ်လုပ်ရတဲ့ အထက်တန်း(ကျောင်းသား) ကလေးတွေလည်း ရှိတယ်” လို့ ဆရာမက ပြောပြတယ်။

စစ်ကောင်စီက အခြေခံပညာကျောင်းတွေမှာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်က လာရောက်အပ်နှံတဲ့ ကျောင်းသားဦးရေဟာ ၆ ဒသမ ၄ သန်းကျော်ရှိခဲ့ပြီး ဒီနှစ် ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်မှာတော့ ကျောင်းအပ်နှံတဲ့ ကျောင်းသားဦးရေဟာ ၆ ဒသမ ၃ သန်းကျော်သာရှိတယ်လို့ ဆိုတယ်။

စစ်အာဏာမသိမ်းခင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တုန်းကတော့ မြန်မာနိုင်ငံရဲ့ အခြေခံပညာကျောင်းတွေမှာ စုစုပေါင်း ကျောင်းအပ်နှံသူ ၉ ဒသမ ၇ သန်းကျော်ရှိခဲ့တယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ကျောင်းတွေကို အကြောင်းအမျိုးမျိုးနဲ့ စွန့်ခွာသွားတဲ့ ကလေးငယ်က ၃ သန်းကျော် ရှိတယ်လို့ ဆိုရပါမယ်။

စွန့်ခွာသွားတဲ့ ကလေးငယ် ၃သန်းဟာ စစ်ကောင်စီကျောင်းတွေကို ဆန့်ကျင်ပြီး စီဒီအမ် လုပ်ကာ အမျိုးသားညီညွတ်‌‌ရေးအစိုးရ – NUG ရဲ့ မြေပြင်နဲ့ အွန်လိုင်းစာသင်ကျောင်းတွေဆီ အကုန်‌ရောက်ရှိသွားတာတော့ မဟုတ်နိုင်ပါဘူး။ ပြည်တွင်းနဲ့ ပြည်ပလုပ်ငန်းခွင်တွေဆီကို ပျံ့နှံ့ရောက်ရှိသွားခဲ့ကြတာပဲ ဖြစ်ပါတယ်။

ထိုင်းနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ တနင်္သာရီတိုင်းမှာဆို ကလေး၊ လူကြီးအများစုဟာ စစ်မှုထမ်းဥပဒေ ကြေညာပြီးနောက်မှာ ထိုင်းနိုင်ငံကို နေ့စဥ် ထောင်ချီပြီး ထွက်ခွာကြပါတယ်။ လောင်းလုံးဒေသခံ လူငယ်တစ်ဦးအပြောအရ သူတို့‌ဒေသမှာဆို ဆယ်ကျော်သက်အရွယ်တွေ မရှိသလောက် ဖြစ်သွားပြီလို့ ဆိုတယ်။

“အရင်ကဆို အဖေ၊ အမေတွေထိုင်းမှာလုပ်စားသွားရင် ကလေးတွေကို အဖိုးအဖွားတွေနဲ့ထားခဲ့တယ်။ အခုကတော့ အကုန်ခေါ်တာပဲ။ ရွာတွေမှာ လူကြီးပိုင်းတွေပဲကျန်တော့တယ်” လို့ လောင်းလုံးသား လူငယ်က ပြောတယ်။

သူအပါအဝင် ကျန်ရှိနေတဲ့ ကလေးနဲ့လူငယ်တွေရဲ့ ရည်မှန်းချက်ကလည်း ဆရာဝန်၊ အင်ဂျင်နီယာ ဆိုတာတွေ မဟုတ်တော့ဘဲ နိင်ငံခြားထွက်ပြီးအလုပ်လုပ်ဖို့သာဖြစ်တယ်လို့ သူကဆိုတယ်။

ထိုင်းအလုပ်ရှင်တွေကလည်း အသက်အရွယ်ထက် ခန္ဓာကိုယ်အရွယ်အစားကို ကြည့်တာကြောင့် ခန္တာကိုယ်ထွားတဲ့သူတွေဆိုရင် အသက်လိမ်ပြီး ဝင်ရောက်လုပ်ကိုင်နေကြတယ်လို့ ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေက ပြောပြပါတယ်။

အဲ့ဒီလိုအသက်ညာပြောပြီး အလုပ်လုပ်နေသူတွေထဲမှာ အသက် ၁၅ နှစ်အရွယ် ထားဝယ်ဒေသခံ မောင်ကျော်စွာ လည်း ပါပါတယ်။ သူက ထိုင်းနိုင်ငံ နခွန်ပထုန်ခရိုင်ထဲက သားသတ်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေတာပါ။

သူ့ရဲ့အလုပ်ဟာ အမဲသားတွေကို ခုတ်ထစ်လှီးဖြတ်ရတာ၊ အသက် ၁၈ နှစ်လို့လိမ်ပြီး လုပ်ငန်းခွင်ဝင်ခဲ့တာ အခုဆို နှစ်ဝက်တောင် ကျော်ပြီ။

“သူတို့လည်းခန့်မှန်းမိမှာပါဗျ။ ဒါပေမဲ့ အလုပ်ရတာကိုပဲ ကျေးဇူးတင်နေရတာ” လို့ သူကပြောတယ်။

မောင်ကျော်စွာရဲ့ရည်မှန်းချက်ကတော့ ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်ခွင့်ရဖို့ အထောက်အထားနဲ့ ဖုန်း၊ ဆိုင်ကယ်ကောင်းကောင်းလေးရချင်တယ် ဆိုတာမျိုးပဲ ရှိတော့တယ်။ မပြီးဆုံးတဲ့ ပညာရေးကိုဆက်သွားမယ် ဆိုတဲ့ ရည်ရွယ်ချက်တွေ သူမှာ မရှိတော့ပါဘူး။

မြန်မာရွှေ့ပြောင်းစာသင်ကျောင်းက လူငယ်ကျောင်းအုပ်ဆရာမတစ်ဦးဖြစ်တဲ့ မဂျူလိုင်မိုးကလည်း ထိုင်းဘက်ကို ကလေးဆယ်ယောက်ရောက်လာရင် အနည်းဆုံးငါးယောက်က လုပ်ငန်းခွင်ထဲရောက်ကုန်တယ်လို့ ဆိုတယ်။

သူက အရင်က အထက်တန်းပြကျောင်းက ဆရာမတစ်ဦးပါ။ CDM လှုပ်ရှားမှုမှာပါဝင်ပြီးနောက် ထိုင်းနိုင်ငံတောင်ပိုင်းက နခွန်စီထမ်မရတ်ခရိုင်ကိုရောက်ရှိလာပြီး ရွေ့ပြောင်းကျောင်းငယ်လေးမှာ ကျောင်းအုပ်ဆရာမ လုပ်ကိုင်နေတာပါ။

အခုနှစ်ဖေဖော်ဝါရီလက စစ်မှုထမ်းဥပဒေကိုအသက်သွင်းပြီးနောက်မှာတော့ သူအုပ်ချုပ်နေတဲ့ စာသင်ကျောင်းလေးမှာ ကျောင်းသားဦးရေ နောက်ထပ် ၃၀ တိုးလာတာမျိုး ရှိတယ်လို့ ဆိုတယ်။

ကလေးတွေက ပညာတတ်ရင် လူရာဝင်တယ်၊ ပင်ပင်ပန်းပန်းအလုပ်မလုပ်ရဘူး ဆိုတဲ့ ယုံကြည်ချက်တွေ‌တော့ ပျောက်ကုန်ပြီလို့ သူကစိတ်မကောင်းတဲ့လေသံနဲ့ ပြောတယ်။

“CDM လုပ်လာကြတဲ့ပညာတတ်တွေ ဒီမှာအောက်ခြေသိမ်းကအစလုပ်နေရတာကို သူတို့မြင်တယ်။ ပြီးတော့ အတန်းပညာမရှိလည်း ထိုင်းစကားတတ်ရင် အလုပ်ကောင်းပြီး ပိုက်ဆံပိုရကြတာကိုမြင်တယ်။ ဒီတော့ ကလေးတွေကိုယ်တိုင်က ပိုက်ဆံရှာဖို့ကိုပဲ ဦးတည်တော့တယ်” လို့ မဂျူလိုင်မိုးက ပြောတယ်။

ထိုင်းနိုင်ငံမှာ ‌ရွှေ့ပြောင်းအလုပ်သမားအရေးကူညီနေတဲ့ အဖွဲ့တစ်ခုက အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးကတော့ စစ်အာဏာသိမ်းပြီးနောက် ထိုင်းမှာမြန်မာကလေးလုပ်သားတွေ အများကြီး ပိုတိုးလာတာကတော့ အသေအချာပဲလို့ ပြောတယ်။

ထိုင်းမှာ ကလေးလုပ်သားပပျောက်ရေးဆိုတာကို မသိကျိုးကျွန်ပြုနေရတဲ့ အနေအထားဖြစ်ပြီး ဒါကိုတင်းကြပ်စီစစ်လိုက်ရင် ကိုယ်နိုင်ငံသားတွေပဲ ဒုက္ခ‌ရောက်မှာလို့ သူက သုံးသပ်တယ်။

“အရမ်းဝမ်းနည်းဖို့ကောင်းတယ်။ ဒီကလေးတွေကိုယ်တိုင်က အလုပ်လုပ်ခွင့်ရဖို့ကို အသည်းအသန်ကြိုးစားနေရတာ” လို့ သူက ဆက်ပြောတယ်။

ငါးဖမ်းလုပ်ငန်းတွေမှာတော့ ထိုင်းအာဏာပိုင်တွေက ကိုယ်ရေးအချက်အလက် စစ်ဆေးတာတွေ လုပ်ဆောင်နေတာကြောင့် ကလေးလုပ်သားမရှိသလောက်နည်းတယ်လို့ အမည်မ‌ဖော်လိုတဲ့ တာဝန်ရှိသူဆီက သိရတယ်။

စစ်ကောင်စီကတော့ ကလေးအလုပ်သမားပပျောက်ရေးအတွက် ကလေးလုပ်သားတွေရဲ့မိဘတွေ ဝင်ငွေတိုးပွားလာစေဖို့ အခြေခံသက်မွေးပညာနဲ့ ဒေသထွက်ကုန်နည်းပညာသင်တန်းတွေ လုပ်ဆောင်ပေးနေတယ်လို့ အခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့အစည်းအဝေးမှာ ပြောပါတယ်။

စစ်ကောင်စီသင်တဲ့ အခြေခံသက်မွေးပညာဆိုတာတွေကိုတော့ ထိုင်းရောက်နေပြီဖြစ်တဲ့ ကျော်စွာတို့လို ကလေးငယ်တွေ မသိကြတော့ပါဘူး။ သူတို့ သိတာက ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးခဲ့ရင် အလုပ်လုပ်ခွင့်မရတော့မှာကိုပဲ ဖြစ်ပါတယ်။

လုပ်သက် နှစ် ၂၀ ရှိတဲ့ အထက်တန်းပြဆရာမကတော့ ရရာအလုပ်အတွက် ထိုင်းနိုင်ငံထွက်သွားတဲ့ကလေးတွေကို ကျောင်းရောက်အောင်ပြန်ခေါ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ ပြောတယ်။

ILO ရဲ့ အကဲဖြတ်လေ့လာမှုမှာပါဝင်တဲ့ အလုပ်လုပ်ကိုင်နေတဲ့ကလေးသူငယ် ထက်ဝက်ကျော်က အခွင့်အလမ်းသာရမယ်ဆိုရင် ကျောင်းပညာရေးကို ဆက်လက်သင်ယူလိုကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ၊ ဌာနေကိုယ်စားလှယ် Mr. Donglin Li က ကုလသမဂ္ဂရဲ့မနှစ်ကအစီရင်ခံစာမှာ ပြောထားပါတယ်။

ထားဝယ်က ပန်းရံလုပ်သား ဖိုးလပြည့်ကလည်း ကျောင်းပြန်တက်ချင်ကြောင်း ပြောဖူးပါတယ်။ သားသတ်ရုံမှာ သွေးညှီနံ့နံနေတဲ့ မောင်ကျော်စွာကလည်း အေးအေးဆေးဆေးနဲ့ ကျောင်းပြန်တက်ခွင့်ပေးမယ်ဆိုရင် ငြင်းမယ် မထင်ပါဘူး။

ဒါပေမဲ့ ဖိုးလပြည့်ရဲ့မိခင်ပြောသလို တနိုင်ငံလုံးကပြည်သူတွေဟာ ကိုယ့်ဝမ်းနာကိုယ်သာသိမို့ ကိုယ့်အပူ ကိုယ်ငြိမ်းဖို့ပဲ ကြိုးစားနေကြရပါတယ်။

ခေတ်

မှတ်ချက်၊ လုံခြုံရေးအရ ဆောင်းပါးပါ အမည်အချို့ကို အမည်လွဲ ဖော်ပြထားပါတယ်။

The Tanintharyi Times