မြိတ်က လှေဒေါက်ကျင်းတွေကို စစ်တပ်က မကြာခဏဝင်စစ်နေလို့ ပေါ်တာဆွဲမှာစိုးရိမ်နေ
မြိတ်က လှေဒေါက်ကျင်းတွေကို စစ်တပ်က မကြာခဏဝင်စစ်နေလို့ ပေါ်တာဆွဲမှာစိုးရိမ်နေ

ရေလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ မြိတ်မြို့နယ်၊ မြိတ်မြို့က လှေဒေါက်ကျင်းတွေကို စစ်ကောင်စီတပ်က မကြာခဏဝင်ရောက်စစ်ဆေးတာတွေ လုပ်ဆောင်နေတာကြောင့် လှေဒေါက်ကျင်းလုပ်သားတွေ ပေါ်တာဆွဲမှာ စိုးရိမ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။
မြို့သစ်ရပ်ကွက်နဲ့ ကျွဲကူးရွာမှာရှိတဲ့ လှေဒေါက်ကျင်း တွေမှာ စစ်ကောင်စီတပ်သားနဲ့ ရဲတွေက အခုနှစ်အစမှာ ဝင်စစ်ဆေးလာပြီး အထူးသဖြင့် ည ၈ နာရီနောက်ပိုင်းမှာ ရောက်လာလေ့ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ဆေးတဲ့အချိန်မှာ အရပ်ဝတ်တွေပါသလို လက်နက်ကိုင်စစ်ကောင်စီတပ်သားနဲ့ အရပ်ဝတ် ငါးဦးခန့်က ပုံမှန်ရောက်လာလေ့ရှိတယ်လို့ ဆိုပါတယ်။
“ညဘက်တွေဆို ရောက်ရောက်လာတယ်။ သူတို့မေးချင်တဲ့သူကို ဒူးထောက်ထိုင်ခိုင်းပြီး မှတ်ပုံတင်တောင်းကြည့်တယ် အိမ်ထောင်ရှိမရှိမေးတယ်။ လူတိုင်းကိုတော့မမေးဘူး။” လို့ မြိတ်မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
လှေဒေါက်ကျင်းတွေ ဟာ စက်လှေတွေကိုစစ်ဆေးပြုပြင်တဲ့နေရာဖြစ်ပြီး ရေလုပ်သား(အမျိုးသား) ၇၀ ထက်မနည်း ပုံမှန်ရှိတဲ့နေရာပါ။ နေ့ရောညပါ လှေစောင့်နေရတဲ့သူတွေရှိတဲ့အတွက် လူမပြတ်တဲ့နေရာလည်း ဖြစ်ပါတယ်။
ဒါကြောင့် စစ်မှုထမ်းဖို့လူလိုလာရင် ပေါ်တာဆွဲတာတွေဖြစ်လာနိုင်တယ်လို့ မြို့ခံတွေကြားစိုးရိမ်နေတာဖြစ်တယ်လို့ သိရပါတယ်။
ဒီအခြေအနေတွေကြောင့် ရေလုပ်သားတချို့ဆိုရင် လှေဒေါင့်မှာ ညအိပ်တဲ့သူနည်းသွားတယ်လို့ ရေလုပ်သားတွေဆီက သိရပါတယ်။
“ညဦးပိုင်းလောက်ပဲသွားပြီး နာရီဝက်လောက်ကြာရင် ပြန်လာလိုက်တယ်။ အရင်ကဆိုတစ်ညလုံးလှေစောင့်တယ်။ လှေစောင့်ခလည်းရတာဆိုတော့ အိမ်မပြန်ဖြစ်ခဲ့ဘူး။” လို့ သရက်ချောင်းဒေသခံ စက်ဆရာတစ်ဦးက ပြောပါတယ်။
အရင်နှစ်တွေကဆိုရင် မြိတ်မြို့ကမ်းနားလမ်းနဲ့ မြို့ထဲလမ်းတွေမှာသာ ကင်းလှည့်စစ်ဆေးလေ့ရှိပေမယ့် လုပ်ငန်းခွင်ထဲတကူးတကသွားလာရတဲ့ လှေဒေါင့်မှာ အခုလို ဝင်စစ်ဖူးတာမျိုးမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။
တနင်္သာရီတိုင်းမ်ကရထားတဲ့အချက်အလက်တွေအရ ပြည်သူ့စစ်မှုထမ်းဥပဒေအတည်ပြုလိုက်ပြီးနောက် ငါးလအကြာမှာ စစ်ကောင်စီတပ်က အတင်းအဓမ္မစစ်သားစုဆောင်းလာတာပါ။
စစ်ကောင်စီတပ်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်မှုထမ်း အပတ်စဥ် (၇) အထိစစ်သင်တန်းတွေပေးနေပြီး ပြီးခဲ့တဲ့လကစလို့ အပတ်စဥ် (၈) နဲ့ အပတ်စဥ် (၉) အတွက်လူသစ်စုဆောင်းတာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
The Tanintharyi Times