အိမ်တွင်း ခြင်မောင်းနည်းတွေ
အိမ်တွင်း ခြင်မောင်းနည်းတွေ
ခြင်တွေပေါတဲ့ရာသီမှာ တဝီဝီအသံက များစွာစိတ်အနှောက်အယှက် ဖြစ်စေပါတယ်။ခြင်တွေမောင်း ထုတ်နည်းကတော့ အမျိုးမျိုးရှိကြပါတယ်။
အချို့ကလည်း ခြင်ဆေး ဖြန်းကြတယ်။ရေဝပ်တဲ့နေရာတွေကို ခြင်ဆေးနဲ့မှုတ်ကြတယ်။ခြင်ဆေးထွန်း ကြတာတွေလည်း ပြုလုပ် တတ်ကြပါတယ်။
အိမ်တွင်းမှာရှိတဲ့ ပစ္စည်းတွေအသုံးပြုပြီးလွယ်ကူတဲ့ အိမ်တွင်းခြင်မောင်းနည်းတွေကို ကိုယ်တိုင် ပြုလုပ်နိုင်တာမို့ အနည်းငယ် ဝေမျှလိုက်ပါတယ်။
နနွင်းတက်
နနွင်းတက်ကို အသုံးပြုပြီး ခြင်မလာအောင် လုပ်လို့ရပါတယ်။မီးစွဲနေတဲ့ မီးသွေးခဲအပေါ်မှာနနွင်းတက်ကို တင်ထားခြင်းဖြင့် ခြင်တွေအဝေးကိုပြေးမှာ အသေအချာပါ။နနွင်းတက်မရှိရင် နနွင်းကို အသုံးပြုရင် ရပါတယ်။
သံပရာသီးနဲ့ လေးညှင်းပွင့်
ထပ်ပိုင်းခြမ်းထားတဲ့ သံပုရာသီးပေါ်မှာ လေးညှင်းပွင့် တင်ထားခြင်းဖြင့်လည်း ခြင်တွေအဝေးကိုပြေးစေပါတယ်။
စပါးလင်
ရေထည့်ထားတဲ့ ပုလင်းထဲမှာ စပါးလင်ကိုထည့်ထားပေးခြင်းဖြင့် ခြင်တွေအဝေးကို ပြေးစေပါတယ်။
ပူစီနံ
ပူစီနံကနေရလာတဲ့ အဆီကို ခန္ဓာကိုယ် တစ်ဝိုက်မှာလိမ်းပေးခြင်းဖြင့် ခြင်တဝီဝီအသံများ ကင်းဝေးစေမှာ ဖြစ်ပါတယ်။
ပင်စိမ်း
အနံပြင်းသော ပင်စိမ်းကို လူနေခန်းမှာထားထားခြင်းဖြင့်လည်း ခြင်တွေကို အဝေးကိုမောင်းထုတ်နိုင်ပါတယ်။
ကြက်သွန်ဖြူ
အနံ့ပြင်းသော ကြက်သွန်ဖြူကို ကြိတ်ချေပြီး ရေနွေးဆူဆူမှာ ထည့်ထားခြင်းဖြင့် ခြင်တွေအဝေးသို့ပြေးစေမှာပါ။
ရှာလကာရည်
ပန်းသီးရှာလကာရည်ဖြစ်စေ အခြားရှာလကာရည်ဖြစ်စေ မိမိတို့အိမ်ခန်းအတွင်းမှာ ဖြန်းထားပေးတာက ခြင်တွေ အဝေးကို မောင်းထုတ်ပြီးသားဖြစ်မှာပါ။
အဆီတစ်မျိုးမျိုး
နီးစပ်ရာမှာဘာမှမရှိရင်တောင် ခြင်ကိုက်ခြင်းမှကင်းဝေးစေဖို့ နှမ်းဆီဖြစ်စေ အခြားမုန်ညှင်းဆီဖြစ်စေ မိမိတို့ခန္ဓာကိုယ်ပေါ်ကို လိမ်းပေးခြင်းကလည်း ခြင်တွေကို မောင်းထုတ်ရာကျမှာပါ။
မီးဖို ဖိုခြင်း
မီးခိုးထွက်အောင် မီးဖိုဖိုထားခြင်းကလည်း ခြင်တွေကို အဝေးသို့မောင်းထုတ်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
အလင်းရောင်နဲ့ နေခြင်း
ဖယောင်းတိုင်ဖြစ်စေ၊ ဓာတ်မီးအလင်းရောင်ဖြစ်စေ ထွန်းထားခြင်းက ခြင်လာခြင်းကို အနည်းငယ် တားမြစ်နိုင်ပါလိမ့်မယ်။
အထက်ပါနည်းတွေက ကျန်းမာရေးကို ထိခိုက်မှုမရှိစေဘဲ ခြင်တွေကို အဝေးကိုမောင်းထုတ်တဲ့အခါ အနည်းနဲ့ အများကူညီနိုင်တာမို့ လက်တွေ့စမ်းကြည့်စေချင်ပါတယ်။
PKN
(ဆောင်းပါးရှင် PKN ဟာ တိုင်းရင်းဆေးတက္ကသိုလ်က ( B.M.T.M) ဘွဲ့ရ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်ပါတယ်။)
The Tanintharyi Times