စစ်တပ်ပိုင် MEC နဲ့ ပူးပေါင်းပြီး သြစတြေးလျကုမ္ပဏီ က သတ္တုတွင်း နဲ့ ရေကာတာစီမံကိန်းတွေ လုပ်ဆောင်နေ

စစ်တပ်ပိုင် MEC နဲ့ ပူးပေါင်းပြီး သြစတြေးလျကုမ္ပဏီ က သတ္တုတွင်း နဲ့ ရေကာတာစီမံကိန်းတွေ လုပ်ဆောင်နေ

Photo - ရှမ်းပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မတီ ( မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC နဲ့ သြစတြေးလျ မိုင်းတွင်း ကုမ္ပဏီ Cornerstone Resources တို့ပူပေါင်းလုပ်ကိုင်နေတဲ့ မိုင်းတွင်း )

စစ်အုပ်စုရဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေ ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ခံရပြီး နောက်ပိုင်းမှာ သြစတြေးလျမိုင်းတွင်း ကုမ္ပဏီ Cornerstone Resources က စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC နဲ့ပူးပေါင်းပြီး သတ္တုတွင်းလုပ်ငန်းနဲ့ ရေကာတာစီမံကိန်းတွေ လုပ်ဆောင်နေတယ်လို့ မြန်မာအရေးတက်ကြွလှုပ်ရှားသူ အဖွဲ့တစ်ခုဖြစ်တဲ့ Justice For Myanmar ကထုတ်ဖော်ခဲ့ပါတယ်။

မြန်မာစစ်အုစုပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC နဲ့ သြစတြေးလျ မိုင်းတွင်း ကုမ္ပဏီ Cornerstone Resources တို့အကြား လုပ်ငန်းအများအပြား ပူးပေါင်းဆောင်ရွက်နေတာကို စုံစမ်းထုတ်ဖော်ထားတဲ့ အစီရင်ခံစာကို JFM က ဇွန်လ ၁၀ ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။

Cornerstone Resources သတ္တုမိုင်းတွင်း ကုမ္ပဏီ ဟာမြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားပေမယ့် ဩစတြေးလျဘီလျံနာသူဌေးကြီး Mark Creasy ရှယ်ယာပါဝင်တယ် ယူဆရတဲ့ သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုရဲ့ ကုမ္ပဏီ လက်ခွဲ ဖြစ်တယ်လို့ အစီရင်ခံစာမှာဖော်ပြပါရှိပါတယ်။

အဲ့ဒီကုမ္ပဏီ ဟာ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းယူပြီးနောက်ပိုင်းမှာ သွပ်သတ္တုတူးဖော်ပြီး၊ ဓာတ်သတ္တုသန့်စင်စက်ရုံတစ်ခုကိုလည်း ဖွင့်လှစ်လုပ်ကိုင်နေတာဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် အာဏာသိမ်းအရေးယူပိတ်ဆို့မှုတွေကိုရှောင်လွဲနိုင်ဖို့ အတွက် ဗြိတိသျှဗာဂျင်ကျွန်းစုများ (BVI) က တဆင့် စစ်အုပ်စုရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ခဲ့ကြောင်း JFM က ဆိုပါတယ်။

Cornerstone Resources ဟာ အာဏာသိမ်းမှု နောက်ပိုင်း စစ်အုပ်စုစီးပွားရေး လုပ်ငန်းစုကြီး MEC နဲ့ စီးပွားရေးဆက်လက် လုပ်ဆောင်ခဲ့ပြီး အဲဒီလုပ်ဆောင်မှုတွေကို BVI မှာ မှတ်ပုံတင်ထားသလို ယူကေနိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်နေတာဖြစ်တယ်လို့ JFM ကဆိုပါတယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ JFM၊ REDRESS နဲ့ Australian Centre for International Justice တို့က ဗြိတိသျှဗာဂျင်ကျွန်းစုများ BVI အုပ်ချုပ်ရေးမှူး နဲ့ ယူကေနိုင်ငံ ဘဏ္ဍာရေးဆိုင်ရာဒဏ်ခတ်ပိတ်ဆို့မှုများ ဖော်ဆောင်ရေးရုံးတို့ကို Cornerstone Resources ကုမ္ပဏီ နဲ့ပတ်သက်ပြီး တိုင်ကြားထားတယ်လို့ လည်း ဆိုပါတယ်။

စစ်အုပ်စုစီးပွားရေးလုပ်ငန်းစုကြီးတွေကို ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ပြီးနောက်ပိုင်း Cornerstone Resources ကုမ္ပဏီ ဟာ စစ်တပ်ပိုင် MEC ထံကို အနည်းဆုံး သွပ်သတ္တုရောင်းချမှု ၄ ကြိမ်ပြုလုပ်ခဲ့ပြီး ငွေကျပ်တန်ဖိုး ၁.၂ ဘီလီယံ (သြစတြေးလျဒေါ်လာ ၀ ဒသမ ၉ မီလီယံ) တန်ကြေးရှိတဲ့ သွပ်သတ္တု ၁၅၅ မက်ထရစ်တန်ရှိတယ်လို့ JFM ထံပေါက်ကြားလာကြောင်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ဒါပြင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာမှ ၂၀၂၂ မတ်လအထိ Cornerstone Resources ကုမ္ပဏီ ဟာ သူတို့ ရဲ့ သွပ်သန့်စင်စက်ရုံအတွက် ငွေကျပ်တန်ဖိုး ၇၆၈ သန်း (သြစတြေးလျဒေါ်လာ ၀ ဒသမ၆ သန်း)ဖိုးတန်တဲ့ ကျောက်မီးသွေးတန်ပေါင်း ၃၁,၉၀၀ ကို MEC ထံ က ဝယ်ယူခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

သြစတြေးလျ ကုမ္ပဏီ Cornerstone ဟာ အာဏာသိမ်းမှုနောက်ပိုင်းမှာ စစ်အုပ်စုခွင့်ပြုချက်နဲ့ နမ့်ဆန်ရေကာတာစီမံကိန်းကိုပါ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒါဟာ Cornerstone နဲ့ MEC တို့ကြား ဆက်ဆံရေး ကောင်းတွေရှိတာနေတာကြောင့် လုပ်ပိုင်ခွင့်ရှိတာလို့ လည်း JFM က ထုတ်ဖော်ထားပါတယ်။

အဲ့ဒီရေကာတာစီမံကိန်းကို လုပ်ပိုင်ခွင့် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့မှာ စစ်အုပ်စု ထိန်းချုပ်ထားတဲ့ မြှုပ်နှံမှုကော်မရှင်ထံ တင်သွင်း ခဲ့ပြီး ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ခွင့်ပြုချက်ပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။

သြစတြေးလျ ကုမ္ပဏီ Cornerstone Resources ရဲ့ ရေကာတာစီမံကိန်းဟာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခါရှီးကျေးရွာမှာ တည်ရှိတဲ့ သွပ်သန့်စက်ရုံအတွက် လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ရည်ရွယ်တာဖြစ်တယ်လို့သိရပါတယ်။

တရားမဝင် စစ်အုပ်စု နဲ့ စီးပွားရေး ဆက်နွယ်မှုအများအပြားရှိနေတဲ့ Cornerstone Resources ရဲ့ စီးပွားရေးလုပ်ထုပ်လုပ်နည်းတွေ ပတ်သက်ပြီး စိုးရိမ်ပူပန်စရာဖြစ်တယ်လို့ လည်း JFM က ထောက်ပြထားပါတယ်။

Cornerstone ကုမ္ပဏီ ရဲ့လုပ်ငန်းတွေကို မြန်မာနိုင်ငံအတွင်း ၁၉၉၉ ခုနှစ်မှာ စတင်ခဲ့ပြီး၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း နဲ့ ထုတ်လုပ်မှုခွဲဝေရေးစာချုပ် (PSC) ချုပ်ဆိုလုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

Cornerstone ရဲ့ လုံချိန်သတ္တုတွင်းဟာရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပွန်မြို့နယ်အတွင်း မြေဧရိယာ ၈ စတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး သွပ် သတ္တုတူးဖော်ရေး နဲ့ ထုတ်ယူရေး အပြင် ဓာတ်သတ္တုစမ်းသပ်ရှာဖွေရေး ဖြစ်နိုင်ခြေလေ့လာမှု အတွက် ခွင့်ပြုချက်လိုင်စင်ရရှိထားတာဖြစ်ပါတယ်။

အဲ့ဒီ သတ္တုတွင်းကို ကနဦးလုပ်ကိုင်ခွင့်ကာလ နှစ် ၂၀ ပေးထားပြီး သက်တမ်းတိုးခွင့် ပါရှိတယ်လို့လည်း သိရပါတယ်။

အဲဒီသဘောတူစာချုပ်ကို ပြင်ဆင်ခြင်းမရှိပါက ၂၀၁၉ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပေမယ့် လက်ရှိအချိန် မှာ သက်တမ်းထပ်တိုးမတိုး ဆိုတာကို JFM အနေနဲ့ မသိရှိရသေးဘူးလို့ဆိုပါတယ်။

၂၀၁၈ ခုနှစ်အထိ ရရှိတဲ့ အချက်အလက်တွေ အရ Cornerstone Resources ရဲ့ အဓိက ပိုင်ရှင်တွေဟာ တရုတ်အခြေစိုက် Datong Industrial Co.၊ Mark Creasy ပိုင် ဩစတြေးလျကုမ္ပဏီ Yandal Investments Pty. Ltd. နဲ့ မြန်မာ ကုမ္ပဏီ EAP Global Mining Co. Ltd တို့ ပါဝင်နေတာဖြစ်ပါတယ်။

EAP Global Mining Co. Ltd. ဟာ Unilever ကုမ္ပဏီ ရဲ့ မြန်မာမိတ်ဖက် Europe & Asia Commercial Co. Ltd. (EAC) နဲ့ စီးပွားရေးလုပ်ငန်းစုကြီး တစ်ခုထဲအောက်မှာ ပါဝင်ကြောင်း သိရပါတယ်။

Connect Burma

The Tanintharyi Times