မိုးအဆက်မပြတ်ရွာသွန်းလို့ လောင်းလုံး-ရှင်မော်လမ်းပိုင်း ရေကျော်
မိုးအဆက်မပြတ်ရွာသွန်းလို့ လောင်းလုံး-ရှင်မော်လမ်းပိုင်း ရေကျော်

မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် လောင်းလုံး-ရှင်မော်လမ်းပိုင်းက ကားလမ်းမပေါ်ရေကျော်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဓိကလမ်းရေကြီးနေတာကတော့ လောင်းလုံး-ရှင်မော်လမ်းပေါ်မှာရှိတဲ့ ကဒက်ကြီးကျေးရွာနဲ့ ပြင်ချောင်းကျေးရွာကြားလမ်းပိုင်းမှာဖြစ်ပြီး မနေ့ကနေ့လယ်ပိုင်းလောက်ကစလို့ ရေကျော်နေတာဖြစ်ပါတယ်။
“ရေကလမ်းပေါ်မှာ ဒူးနားလောက်ရှိနေတယ်။ မြေနိမ့်တဲ့နေရာဖြစ်နေတော့ မိုးကြီးတာနဲ့ တောင်ကျရေတွေဆင်းလာတာပါ” လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
ဒီနေ့မှာတော့ မနေ့ကထက်မိုးရွာသွန်းတာ လျှော့နည်းနေပေမဲ့ မိုးထပ်ရွာရင်တော့ ရေပိုကြီးလာနိုင်တယ်လို့ ဒေသခံအမျိုးသားက ခန့်မှန်းပြောဆိုပါတယ်။
လက်ရှိမှာတော့ အဲဒီလမ်းပိုင်းကို ဆိုင်ကယ်၊ ကားနဲ့ တခြားမော်တော်ယာဥ်တွေဖြတ်သန်းသွားလာလို့ ရနေသေးတယ်လို့ ဒေသခံကဆိုပါတယ်။

အဲဒီနေရာဟာ နှစ်စဥ်နှစ်တိုင်းမိုးကြီးတဲ့ကာလတွေမှာ လမ်းရေကျော်တတ်တဲ့နေရာဖြစ်ပြီး အရင်နှစ်တွေက ကား၊ နဲ့ဆိုင်ကယ်တွေ သွားလာလို့ မရတော့တဲ့အထိ ရေကြီးဖူးတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း တနင်္သာရီတိုင်းထဲက လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်းနဲ့ တနင်္သာရီစတဲ့မြို့နယ်တွေမှာ မိုးအဆက်မပြတ်ရွာသွန်းတာနဲ့ မြစ်ရေကြီးတာတွေကြောင့် ရေကြီးရေလျှံတာတွေဖြစ်ခဲ့ပါတယ်။
NUG လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနကတော့ အခုလ ၁၆ ရက်နေ့အထိ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက်မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါ့အပြင် ရေကြီးရေလျှံတာနဲ့ မြေပြိုတာတွေလည်းဖြစ်လာနိုင်တာကြောင့် သတိပြုကြဖို့ကိုလည်း NUG ကသတိပေးထုတ်ပြန်ထားပါတယ်။

The Tanintharyi Times