လှုပ်လှုပ်ခတ်ခတ် တနင်္သာရီ

လှုပ်လှုပ်ခတ်ခတ် တနင်္သာရီ

တနင်္သာရီတိုင်းတစ်ခုလုံး လှုပ်ခတ်နေသည်။

မြို့နယ်တိုင်းနီးပါး တိုက်ပွဲဖြစ်ပေါ်နေကာ တိုင်းတွင်း လမ်းပန်းဆက်သွယ်ရေး အတော်များများ ပြတ်တောက်သွားသည်။

ဝေဟင်တွင် လေယာဉ်ပေါ်မှ ဗုံးကြဲချသံ၊ ရေပြင်တွင် စစ်ရေယာဉ်များမှ တာဝေးပစ်အမြောက်သံ၊ မြေပြင်တွင် လက်နက်ကြီးသံ တို့ဖြင့် တိုင်းတစ်ခုလုံး တုန်ခါနေသည်။

အထူးသဖြင့် လေယာဉ်ပေါ်မှ ကြဲချသည့် အမြောက်ဆံတို့က လူထုအသက်အိုးအိမ်ကို နေ့စဉ်ရက်ဆက် သဲ့ယူဖဲ့ချွေ၊ ပျက်စီးစေနေသည်။

လတ်တလောတွင် တနင်္သာရီတိုင်းတွင်း စခန်းသိမ်းတိုက်ပွဲသတင်း၊ စစ်ရှောင်သတင်းများသတင်း၊ အရပ်သားထိခိုက်သေဆုံးမှုသတင်း စသော စစ်နှင့် သက်ဆိုင်ဆက်နွယ်သည့် သတင်းများ ပြည်တွင်းပြည်ပ မီဒီယာအသီးသီးက အလေးထား ဖော်ပြလာသည်။

မီဒီယာနှင့် လူထု ယခုကဲ့သို့ အလေးပေးစိတ်ဝင်စားလာမှုက သရက်ချောင်းမြို့နယ် ပဲဒက်စစ်ကောင်စီစခန်းကို တော်လှန်တပ်သားတို့ သိမ်းယူလိုက်နိုင်းခြင်းက စသည်ဟု ဆိုနိုင်သည်။

ထိုစခန်းက ရန်ကုန်-မော်လမြိုင်-ထားဝယ်-မြိတ်-ကော့သောင်း အမှတ် ၈ လမ်းမကြီးပေါ်တွင် တည်ရှိရာ ဒေသတွင်း အချက်အခြာကျသော၊ လူထုနှင့် နီးစပ်ထိကပ်သော စခန်းကုန်းတစ်ခုဖြစ်၍ လူထု ပိုမိုစိတ်ဝင်စားခြင်း ဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ရှစ်ဦးကို ရှင်းလင်းသုတ်သင်နိုင်ခဲ့ခြင်း၊ ၂၆ ဦးကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရရှိခြင်းကလည်း လူထုကို ပိုစိတ်ဝင်စားစေသည်။

ယင်းသည် တနင်္သာရီတိုင်း၏ ပင်မလမ်းမပေါ် ပထမဆုံး သိမ်းနိုင်ခဲ့သော၊ စစ်သုံ့ပန်း အများဆုံး ဖမ်းမိသော စခန်းသိမ်းတိုက်ပွဲတစ်ခုဖြစ်သောကြောင့် ယင်းသတင်းက အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်း၏ အထွဋ်အထိပ် စစ်ရေးသတင်းတစ်ပုဒ် ဖြစ်လာခဲ့သည်။

တိုင်းစစ်ဌာ(တနင်္သာရီ)၏ ပြောရေးဆိုခွင့်ရှိသူကမူ အထက်ပါ စခန်းသိမ်းတိုက်ပွဲသည် ပြည်သူ့ကာကွယ်ရေးတပ်သားတို့၏ အမှတ် ၈ လမ်းမ စိုးမိုးရေးစီမံချက်၏ လုပ်ငန်းစဉ် တစ်စိပ်တစ်ဒေသသာ ဖြစ်ကြောင်း ပြောဆိုသည်။

“ဒါက အမှတ် ၈ လမ်းမ စိုးမိုးနိုင်ရေး စခန်းသိမ်းတိုက်ပွဲတစ်ခုသာ ဖြစ်ပါတယ်။တနင်္သာရီတိုင်းရဲ့ စခန်းသိမ်းတိုက်ပွဲတွေ၊ ရင်ဆိုင်တိုက်ပွဲတွေက ရှေ့မှာလည်း ရှိခဲ့ပြီးပြီ၊ နောက်ထပ်လည်း ဆက်တိုက်ဖော်ဆောင်နေပါတယ်” ဟု အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဟုတ်ပါသည်။

အခုလ ၁၁ ရက်နေ့နံနက်တွင် အမှတ် ၈ လမ်းမပေါ်ရှိ စခန်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့က ထပ်သိမ်းလိုက်ပြန်သည်။

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ၁၀၂၀ တောင် စစ်ကောင်စီတပ်စခန်းကို ၁၂ ရက်ကြာတိုက်ခိုက်ပြီးနောက် သိမ်းလိုက်နိုင်ခြင်း ဖြစ်သည်။

▫️တိုင်းထဲမှာ ဘာတွေ ဖြစ်နေလဲ

ပဲဒက်စခန်းသိမ်းတိုက်ပွဲနှင့် ၁၀၂၀ တောင်စခန်းသိမ်းတိုက်ပွဲ မတိုင်ခင် ထားဝယ် ခရိုင်တွင် စခန်း နှစ်ခုကို ယခုနှစ်အတွင်း သိမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

ပထမစခန်းမှာ ကျောက်ထုစစ်ကောင်စီခြေကုတ်စခန်းဖြစ်ပြီး ယခုနှစ် တနင်္သာရီတိုင်းအတွင်း ပထမဆုံးသော စခန်းသိမ်းတိုက်ပွဲဟု ဆိုနိုင်သည်။

ကရင်အမျိုးသားတပ်မတော်(KNLA)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်/တပ်ဖွဲ့(PDF+ပကဖ)တို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ရာ အားမလိုအားမရ ဝေဖန်သံအချို့ တိတ်ငြိမ်ကုန်သည်။

ထိုစခန်းသိမ်းပွဲ မတိုင်ခင်က တိုင်းသူတိုင်းသားနှင့် မီဒီယာအချို့က တနင််သာရီတိုင်းအခြေစိုက် KNU တပ်မဟာ ၄ အား စစ်ကောင်စီကို ပြန်တိုက်မည့်အဖွဲ့မဟုတ်၊ ပေါင်းစားနေသည့်အဖွဲ့ဟု ပြစ်ပြစ်နှစ်နှစ် ဝေဖန်ရှုံ့ချခံနေခဲ့ရသည်။

KNU နှင့် PDF တို့ ပူးပေါင်းတပ်တို့က ထာဝယ်အရှေ့တောတွင် ရင်ဆိုင်တိုက်ပွဲများ၊ စခန်းသမ်းတိုက်ပွဲများ ဆင်နွှဲခဲ့ပြီးနောက် ထိုင်းနယ်စပ်ရှိ မောထစခန်းကို ထပ်သိမ်းပိုက်လိုက်ခြင်းက KNU အပေါ် ဝေဖန်အပြစ်တင်မှုအားလုံ ရပ်ဆိုင်းသွားစေခဲ့သည့်အပြင် KNU နှင့် PDF တို့၏ ပူးပေါင်းလှုပ်ရှားမှု ပိုမိုပီပြင် ရုပ်လုံးကြွလာသည်ကို ရှင်းလင်းစွာ မြင်တွေ့လာရသည်။

ထို့အတူ ထားဝယ်ခရိုင်အတွင်း ဒေါင်းညီနောင်၊ ဖက်ဒရယ်၊ မြင့်မိုရ်၊ ဥဩ စသည့် KNU + PDF + ပကဖ ပူးပေါင်းစစ်ကြောင်းများ ပေါ်ပေါက်လာခြင်း၊ LDF ခေါ် ဒေသခံတပ်ဖွဲ့များကလည်း တပ်ပေါင်းစုအသွင် ပူးပေါင်းစစ်ရေးဖော်ဆောင်လာခြင်း၊ ကရင်ပြည်နယ်တွင် စုစည်တည်ထောင်သော ဒေါနစစ်ကြောင်းက တိုင်းအတွင်း ဝင်ရောက်လှုပ်ရှားလာခြင်းတို့က တနင်္သာရီတိုင်း၏ စစ်ရေးခြေလှန်းကို ပိုသွက်လာစေခဲ့သည်။

“ဒီနှစ်ထဲမှာ တော်လှန်ရေးတပ်ဖွဲ့ ပိုစုစည်းမိသွားတယ်ပြောရမယ်။ ခုလောက်စုစည်းမိတဲ့ကာလ၊ ခုလို ဝိုင်းတိုင်ပင်ပြီး စစ်ရေးဖော်ဆောင်တဲ့ အခင်းအကျင်းမျိုး အရင်က မကြုံခဲ့ဖူးဘူးလို့တောင် ပြောနိုင်တယ်” ဟု တိုင်းစစ်ဌာန ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပြုသည်။

မြိတ်ခရိုင်အတွင်းတွင်လည်း အထက်ပါအစုအဖွဲ့များ စုစည်းထားသည့် ပူးပေါင်းစစ်ကြောင်းများ အပြိုင်းအရိုင်း ပေါ်ပေါက်လာပြီး ရင်ဆိုင်တိုက်ပွဲများ၊ စခန်းပိတ်ဆို့တိုက်ပွဲများ ဒရစပ် ဖော်ဆောင်နေနိုင်ပြီဖြစ်သည်။

ငြိမ်ချက်သားကောင်းနေသည့် ကော့သောင်းခရိုင်တွင်ပင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့သည်ပင် အမှတ် ၈ လမ်းမပေါ်ရှိ ဘုတ်ပြင်းမြို့နယ် (၁၀၂၀ )တောင်တိုက်ပွဲ ရက်ရှည်ဆင်နွှဲနေခဲ့ပြီး စခန်းသိမ်းလိုက်နိုင်ပြီ ဖြစ်သည်။

ရေဖြူမြို့နယ် ကလိန်အောင်မြို့အနီး အမှတ် ၈ လမ်းမ ဝဲယာရှိ စစ်ကောင်စီတပ်ရင်းများကို ပြည်သူ့ကာကွယ်ရေးတပ်တို့က ယခုလ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် ဝင်ရောက်ပစ်ခတ်နေသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ်(၃)၊ ဒု-စစ်ဒေသခွဲမှူး ရဲဘော်ဂျူပီတာကမူ လက်ရှိအချိန်တွင် ၎င်းတို့အနေဖြင့် အမှတ် ၈ လမ်းမကြီး၏ နေရာအများစုကို ထိန်းချုပ်ထားနိုင်သည့် အနေအထား ရှိလာပြီဟု ဆိုသည်။

အမှတ် ၈ လမ်းမကြီးသည် တနင်္သာရီတိုင်းတစ်ခုလုံး၏ အသက်သွေးကြော လမ်းမကြီး ဖြစ်သည်။

“အချုပ်ကတော့ဗျာ၊ ကျတော်တို့ တောထဲမှာနေပြီး ပညာသင်တယ်။ ပြီးတော့ ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့တယ်။ ဒီကနေတဆင့် စစ်ကောင်စီတပ်စခန်းတွေကို ရှင်းလာတယ်။ ဒီနှစ်တွေမှာတော့ စခန်းသိမ်းပွဲတွေ လုပ်လာနိုင်တယ်ပေါ့” ဟု ရဲဘော်ဂျူပီတာက ပြောသည်။

လက်ရှိတွင် ပူးပေါင်းအင်အားဖြင့် စစ်ဆင်ရေးများ တိုးမြင့်လုပ်ဆောင်လာနိုင်ပြီး ယခုအောင်ပွဲမှသည် မြို့သိမ်းတိုက်ပွဲဆီသို့သွားရန် ရှိကြောင်း ၎င်းက ပြောသည်။

“ခုဆိုရင် ကျွန်တော်တို့က ဒီကနေတစ်ဆင့် လမ်းမကြီးအားလုံးကို ထိန်းချုပ်ထားနိုင်ဖို့ စစ်ကောင်စီ ဒေါက်တိုင်တွေကို ချွေပစ်နိုင်ဖို့၊ ဒီကနေတစ်ဆင့် မြို့ပေါ်တွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် လုပ်ဖို့ရှိတယ်” ဟု ၎င်းက ဆိုသည်။

မတ်လ ၉ ရက် နံနက်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီရဲစခန်း၊ စရဖရုံး၊ မြို့အနီးရှိ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းတို့ကို တပြိုင်နက် ဝင်တိုက်ခဲ့သည်။ မြို့ကိုမူ မသိမ်းနိုင်သေး။ ထိုနေ့က လောင်းလုံးမြို့တဝိုက်အပါအဝင် ပုလောမြို့နယ် ထမင်းမစားရွာနှင့် တနင်္သာရီမြို့နယ်၊ သိန္ဓောရွာတို့ကို လေယာဉ်ဖြင့် ဝေဟင်မှ ဗုံးကြဲခဲ့လေသည်။

▫️ဘာတွေ ဖြစ်လာနိုင်လဲ

အခုလ ပြီးခဲ့သည့် ၈ ရက်နေ့ ညနေက သရက်ချောင်းမြို့နယ် ကနက်သီရိရွာမှ ဆယ်ကျော်သက်လူငယ် နှစ်ဦးသည် ဘောလုံးကန်ရန် ကွင်းအပြင်တွင် စောင့်နေကြစဉ် လေယာဉ်ပေါ်မှ ဗုံးကြဲချ၍ အမှတ်မထင် သေဆုံးသွားခဲ့ရသည်။ ခြောက်ဦး ဒဏ်ရာ ရခဲ့သည်။ တပြိုင်နက်တွင် ၎င်းရွာအနီး အမှတ် ၈ လမ်းမပေါ်က ရငဲဆေးရုံကိုလည်း ဗုံးကြဲခဲ့ရာ ဆေးရုံပင်မဆောင် ပျက်စီးခဲ့ရသည်။

ထိုသို့ ဗုံးကြဲခြင်းသည် ပဲဒက်စခန်း သိမ်းခံရသည့်နေ့ ညနေပိုင်း ဖြစ်သော်လည်း ယင်းစခန်းနှင့် ဗုံးကြဲ၍ သေဆုံးပျက်စီးသည့်နေရာမှာ မိုင် ၂၀ ခန့်ဝေးသော တိုက်ပွဲမရှိသည့်နေရာ ဖြစ်နေသည်။

လေးရက်ကြာ တိုက်ယူရသော ပဲဒက်စခန်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ရဟတ်ယာဉ်/တိုက်လေယာဉ်များဖြင့် လေကြောင်းပစ် ကူ အကြိမ် (၂၀) ပြုလုပ်ကာ ဗုံးသီး အလုံး (၁၀၀)ခန့် ကြဲချ၍ ရေတပ်မှ လက်နက်ကြီးပစ်ကူ (၁၃)ကြိမ် ပြုလုပ်ခဲ့သည်။

စစ်ကောင်စီဘက်က ယင်းသို့ လေကြောင်းမှ ဗုံးကြဲချခြင်း၊ ရေကြောင်းမှ လက်နက်ကြီး ပစ်ကူပေးခြင်းမှာ ထိုနေ့များသာ မဟုတ်တော့ပါ။ တနင်္သာရီတိုင်းအတွင်း စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲတိုင်းတွင် လေကြောင်းမှ ဗုံးကြဲချခြင်း၊ ရေကြောင်းမှ လက်နက်ကြီး ပစ်ကူပေးခြင်းအပြင် နီးစပ်ရာတပ်စခန်းများမှလည်း လက်နက်ကြီးပစ်ကူခြင်းတို့ ဆောင်ရွက်ခဲ့လေသည်။

ယင်းသို့ လက်နက်ကြီးပစ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်သားများသာမက သာမာန်အရပ်သားများပါ သေဆုံးခြင်း၊ အိုးအိမ်ပျက်စီးခြင်းတို့က ဆက်တိုက် ဖြစ်ပေါ်နေခဲ့သည်။

သရက်ချောင်းမြို့နယ်မှ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက “သေနတ်ပစ်သံ ကြားရင် အရင်တုန်းကလောက် ရင်မခုန်ချင်ကြတော့ဘူး။ လေယဉ်ပျံသံ၊ ဗုံးကွဲသံ ကြားရင်တော့ ရင်တဒုံးဒုံးခုန်ပြီး နေဖို့ကို နေရာ မရှိတော့ဘူး၊ ကြောက်တယ်ဆိုတာ” ဟု ပြောသည်။

တနင်္သာရီတိုင်းအတွင်း လက်နက်ကြီးသံ၊ လေယာဉ်သံ၊ ဗုံးသံများ ဆက်ကြားရပါဦးမည်။

တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ်(၃)၊ ဒု-စစ်ဒေသခွဲမှူး ရဲဘော်ဂျူပီတာကမူ တိုင်းထဲက ရဲဘော်များ အနေဖြင့် ရည်ရွယ်ရာပန်းတိုင်သို့ အတိုင်အဖောက်ညီညီ၊ အချိတ်အဆက်မိမိဆက်သွားနေကြောင်း ပြောသည်။

“ကျွန်တော်တို့ တနင်္သာရီတိုင်းက ပြည်သူ့ကာကွယ်ရေးရဲဘော်တွေအားလုံးက ရပ်မနေဘူး။ တစ်လှမ်းပြီးတစ်လှမ်း ရှေ့ဆက်ပြီးတော့ သွားနေတယ်။ ပုံမှန် လှန်းနေတယ်။ မြို့သိမ်းအောင်ပွဲတွေဆီ နီးကပ်လာဖို့ ကျွန်တော်တို့ ပြင်ဆင်လျှောက်လှန်းနေပါတယ်” ဟု ရဲဘော်ဂျူပီတာက ပြောသည်။

တနင်္သာရီတိုင်းသည် လက်ရှိတွင် လှုပ်ခတ်နေသည်။

ကျေးလက်နေသူတို့က မြို့သို့ ပြောင်းနေကြသည်။ မြို့တွင် နေသူတို့သည်လည်း ကျီးလန့်စာစားဖြစ်နေကြရသည်။

တိုင်းစစ်ဌာန ပြောရေးဆိုခွင့်ရှိသူကလည်း ပြည်သူများအနေဖြင့် လေကြောင်းရန်ကာကွယ်ရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်ကြရန်၊ ဗုံးခိုကျင်းများတူးထားကြရန်၊ မလုပ်ဆောင်တတ်ပါက နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးရဲဘော်များအား အကူအညီတောင်းကာ ဆောင်ရွက်ကြရန် အမြဲဆော်ဩနေကြောင်း ပြောပါသည်။

“စစ်ကောင်စီတပ်သားတွေက ခွေးရူးတွေဖြစ်နေပြီ။ ဘာမဆိုလုပ်မှာပါပဲ။ ပြည်သူတွေကို ရဲဘော်တွေက နိုင်စွမ်းသမျှ ကာကွယ်နေပါတယ်။ ပြည်သူတွေအနေနဲ့လည်း စစ်ရေးသတိရှိရှိနဲ့ နေထိုင်ပေးကြဖို့ အထပ်ထပ် မှာချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် တနင်္သာရီတိုင်းသည် လှုပ်ခတ်နေသည်။ စစ်ရေးတာဝန်ရှိသူတို့အဆိုအရ နောက်ထပ် ပိုမို လှုပ်ခတ်ရန်သာ ရှိနေသည်။

ဂါးဒီး

The Tanintharyi Times