တော်လှန်ရေးတပ်ဖွဲ့တွေ နဲ့ ပတ်သက်လို့ဆိုပြီး ဇာဒီရွာက နေအိမ်နှစ်ဆောင်ကို စစ်ကောင်စီက ဘူဒိုဇာနဲ့ ဖျက်ဆီး
တော်လှန်ရေးတပ်ဖွဲ့တွေ နဲ့ ပတ်သက်လို့ဆိုပြီး ဇာဒီရွာက နေအိမ်နှစ်ဆောင်ကို စစ်ကောင်စီက ဘူဒိုဇာနဲ့ ဖျက်ဆီး
ရေဖြူမြို့နယ်၊ ဇာဒီရွာကနေအိမ်နှစ်ဆောင်ကို စစ်ကောင်စီတပ်တွေက ဘူဒိုဇာ လို့ခေါ်တဲ့ မြေတူးစက်တွေအသုံးပြုပြီးဖြို ချဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အခုလ ၈ ရက်နေ့ မွန်းလွဲပိုင်းက ဇာဒီရွာရဲ့ သစ်လှတောလို့ခေါ်တဲ့အရပ်မှာ နှစ်ထပ်တိုက်အမျိုးအစား အိမ်နှစ်ဆောင်ကို စစ်ကောင်စီတပ်သားတွေရောက်လာပြီး ဘူဒိုဇာနဲ့ ဖြိုသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ဖြိုချဖျက်ဆီးခံရတဲ့အိမ်နှစ်ဆောင်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့အိမ်ဖြစ်တယ်လို့ ရေဖြူမြို့နယ်အခြေစိုက်တော်လှန်ရေးရဲဘော်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
“ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ချိတ်ဆက်ရှိလို့ ဖြိုသွားတယ်ဆိုတာမျိုးကြားတယ်။ အတိအကျတော့မသိဘူး။” လို့ ဒေသခံအိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဇာဒီရွာတံတားကိုလည်း ဘက်ဖိုးနဲ့ဖြိုချပစ်မယ့်အကြောင်းပြောဆိုခဲ့တယ်လို့ အဆိုပါအမျိုးသမီးက ဆက်ပြောပါတယ်။
“စကစ ဘက်ကပြည်သူတွေကို အကြောက်တရားသွင်းတာရှိမယ် ရဲဘော်အိမ်ဆိုတာအတိကျသိလို့ လုပ်တာမျိုးဖြစ်မယ်။” လို့ ရေဖြူမြို့နယ်အခြေစိုက် ဒေါနတပ်ခွဲ(၆)ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်က ဖျက်ဆီးသွားတဲ့ နစ်နာသူနေအိမ်ပိုင်ရှင်တွေ နဲ့ ဘယ်တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ပတ်သက်နေတယ်ဆိုတာကိုတော့ လတ်တလောမှာ တနင်္သာရီတိုင်းမ် ကဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်။
အခုလပထမပတ်ထဲမှာလည်း ဇာဒီရွာပြင်က အရပ်သားတွေနေတဲ့ ပျဉ်ထောင်အိမ်သုံးဆောင်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ထားဝယ်မြို့ပေါ်၊ ဘုတ်ပြင်းမြို့နယ်နဲ့ ရေဖြူမြို့နယ်က တော်လှန်ရေးနဲ့ဆက်စပ်နေတဲ့နေအိမ်တွေကို ချိပ်ပိတ်တာ မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။
ဇာဒီရွာထဲက အရပ်သားနေအိမ်တွေနဲ့ တော်လှန်ရေးရဲဘော်တွေရဲ့နေအိမ်တွေကို စစ်ကောင်စီတပ်ဘက်က မီးရှို့ဖျက်ဆီးတာတွေလုပ်နေတဲ့အပြင် လမ်းသွားလမ်းလာတွေကိုလည်း စစ်ဆေးတင်းကြပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့မနက်မှာတော့ ဇာဒီရွာထဲကို စစ်ကောင်စီတပ်ကားသုံးစီးရောက်လာပြီး ရွာအဝင်မှာ စစ်ဆေးရေးဂိတ်ချကာ လမ်းသွားလမ်းလာတွေဆီကနေ အိမ်ထောင်စုစာရင်းနဲ့မှတ်ပုံတင်တွေကိုမဖြစ်မနေစစ်ဆေးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ရွာအဝင်မှာစစ်ဆေးရေးဂိတ်ချပြီး အစစ်ဆေးတင်းကျပ်နေတဲ့အပြင် ရွာထဲက ရော်ဘာခြံတွေထဲမှာလည်း စစ်ကောင်စီတပ်ကင်းပုန်းတွေရှိနေပြီး ရှောင်တခင်စစ်တာမျိုးတွေရှိနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
“အနည်းဆုံးသုံးနေရာလောက်မှာစစ်တပ်ရှိနေတယ်။ ဒါတောင်ဖျတ်ခနဲတွေ့လိုက်ရတာတွေလောက်ပဲ ရွာအနှံ့မှာ စစ်တပ်ကရှိနေနိုင်တယ်။” လို့ အသက် ၂၆ နှစ်အရွယ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အိမ်ထောင်စုစာရင်းမပါတဲ့လမ်းသွားလမ်းလာတွေအနေနဲ့ နေအိမ်မှာ အိမ်ထောင်စုစာရင်း ပြန်ယူရတာ၊ ဆက်ဆံရေးအဆင်ပြေတဲ့စစ်ကောင်စီတပ်သားနဲ့တိုးရင် ပိုက်ဆံပေးပြီး ဖြတ်လို့ရတာမျိုးတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီ က စစ်ကြောင်းအဆက်မပြတ်ထိုးနေတာကြောင့် ဇာဒီရွာက အိမ်ထောင်စုအများအပြား စစ်ဘေးရှောင်နေရပါတယ်။
တနင်္သာရီတိုင်းမ်က ရရှိထားတဲ့အချက်အလက်တွေအရ ပြီးခဲ့တဲ့ဇွန်လထဲမှာ ရေဖြူမြို့နယ်တစ်ခုတည်းက နေအိမ် ၃၄ ဆောင်ကို စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
The Tanintharyi Times