အာဆီယံညီလာခံ မှာ မြန်မာအရေး အထူး အလေးထားဆွေးနွေးမယ်လို့ ဆို
အာဆီယံညီလာခံ မှာ မြန်မာအရေး အထူး အလေးထားဆွေးနွေးမယ်လို့ ဆို
အောက်တိုဘာလ ၉ ရက်နေ့ (ဒီကနေ့)မှာ လာအိုနိုင်ငံမှာ ၃ ရက်တာ ပြုလုပ်မယ့် အာဆီယံထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံက စစ်ကောင်စီကိုယ်စားလှယ် အောင်ကျော်မိုး တက်ရောက်ဆွေးနွေဖို့ ဖိတ်ကြားခံထားရပါတယ်။
အဆိုပါ ဆွေးနွေးပွဲမှာ အာဆီယံဟာ မြန်မာ့ပြည်တွင်းစစ်ချုပ်ငြိမ်းရေးအတွက် အထူး အလေးထား ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းမှု ဖြစ်ပြီးခါစက အာဆီယံတွေ့ဆုံပွဲတွေမှာ မြန်မာနိုင်ငံက “နိုင်ငံရေးမနွယ်တဲ့ ကိုယ်စားလှယ်” ကိုသာ တက်ရောက်ဖို့ ခွင့်ပြုခဲ့ရာမှ အခုအချိန်မှာတော့ စစ်အုပ်စုကိုယ်စားလှယ်ကို ပြန်လည်လက်ခံခဲ့တာ ဖြစ်ပါတယ်။
စစ်အုပ်စု လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်း အရာရှိ အောင်ကျော်မိုးဟာ ၃ နှစ်ခွဲ ကာလအတွင်း အာဆီယံထိပ်သီးအစည်းအဝေးကို ပထမဆုံး တက်ရောက်ခွင့်ရတဲ့ ကိုယ်စားလှယ်ဖြစ်သွားပါတယ်။
၂၀၂၁ ခုနှစ်ကတည်းက မြန်မာပြည်အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ခဲ့ပေမယ့် စစ်ကောင်စီက လျစ်လျူရှုခဲ့ပြီး ကတိကဝတ်တွေကို ဖျက်ခဲ့တဲ့အပြင် ဒီကနေ့အချိန်အထိ နိုင်ငံအတွင်း တော်လှန်ပုန်ကန်မှုတွေ၊ အိုးအိမ်စွန်ခွန့်ထွက်ပြေးရမှုတွေနဲ့ သွေးထွက်သံယိုထိခိုက်မှုတွေကို အချိန်နဲ့အမျှ ဖော်ဆောင်နေဆဲ ဖြစ်ပါတယ်။
အခုလို စစ်အုပ်စု လက်အောက်ခံကိုယ်စားလှယ်ကို တက်ရောက်စေခြင်းဟာ စစ်ကောင်စီဘက်က သံတမန်အရေး ပြန်လည်ဆောင်ရွက်ဖို့ မျှော်လင့်တာဖြစ်နိုင်တယ်လို့ The Straits Times က သုံးသပ်ထားပါတယ်။
နောက်ထပ် အာဆီယံဥက္ကဌတာဝန်ယူမယ့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က မြန်မာနိုင်ငံဟာ ပူးပေါင်းဆောင်ရွက်ရမယ့် အချိန်ရောက်ပြီလို့ ဆိုပါတယ်။
“မြန်မာနိုင်ငံကလည်း အာဆီယံစကားကို နားထောင်ရမယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တာကြောင့် အာဆီယံ ပဋိဉာဉ်ကို လိုက်နာရမယ်” ဟု ၎င်းက ဆိုပါတယ်။
ဒါပေမယ့် အရှေ့အာရှဆိုင်ရာ အမေရိကန် ထိပ်တန်း သံတမန် မစ္စတာ Daniel Kritenbrink က စစ်အစိုးရက မာန်လျှော့ပြီး ညှိနှိုင်းတော့မယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ သံသယရှိကြောင်းပြောကြားခဲ့ပါတယ်။
အဆိုပါ ညီလာခံမှာ အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ် အခြေအနေကိုလည်း ထည့်သွင်း ဆွေးနွေးမှာ ဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်မှာ တရုတ်သင်္ဘောတွေနဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ် ငါးဖမ်းသမားတွေအကြား လပေါင်းများစွာ ထိပ်တိုက်ပဋိပက္ခတွေ ဖြစ်ပေါ်နေတာကြောင့် အာဆီယံအနေနဲ့ ဒီအရေးကို ထည့်သွင်းဆွေးနွေးမယ်လို့ သိရပါတယ်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်က မကြာသေးခင်ကာလအတွင်း စတင်ဖြစ်ပွားခဲ့တဲ့ တောင်တရုတ်ပင်လယ် ပဋိပက္ခနဲ့ ပတ်သတ်ပြီး အရေးတကြီးဆွေးနွေးဖို့ တိုက်တွန်းထားပါတယ်။
အကြောင်းမှာ တရုတ်ရေတပ်က ကမ်းရိုးတန်းအမြောက်တွေကို ဖြန့်ကျက်ချထားပြီး ဖိလစ်ပိုင်အစိုးရသင်္ဘောတွေကို ပိတ်ဆို့ထားတာကြောင့် ဖြစ်ပါတယ်။
အောက်တိုဘာလဆန်းပိုင်းက ဗီယက်နမ် တံငါသည် ၁၀ ဦးကို သံတုတ်တွေနဲ့ ရိုက်နှက်ကာ ဒေါ်လာထောင်ပေါင်းများစွာတန်ဖိုးရှိတဲ့ ငါးနဲ့ ငါးဖမ်းကိရိယာတွေ အလုယက်ခံရတာကြောင့် အဆိုပါ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်အတွက် တရုတ်အစိုးရကို ရှုတ်ချကြောင်း ဗီယက်နမ်က ထုတ်ပြန်ထားပါတယ်။
ပေကျင်းအစိုးရကတော့ နှစ်စဥ် ကုန်သွယ်မှု ဒေါ်လာထရီလျံချီ တန်ကြေးရှိ မဟာဗျူဟာမြောက် အရေးပါတဲ့ ရေလမ်းကြောင်းဖြစ်တဲ့ တောင်တရုတ်ပင်လယ်ဟာ သူတို့အပိုင်ဖြစ်ကြောင်း တင်းတင်းမာမာ ပြောဆိုထားပါတယ်။
အာဆီယံအဖွဲ့ဝင်လေးနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ ဘရူနိုင်းတို့ကလည်း သူတို့အနီးအနားက ကျွန်းငယ်တွေနဲ့ သန္တာကျောက်တန်းတွေကို သူတို့အပိုင်ဖြစ်ကြောင်း အပြိုင်အဆိုင် ကန့်ကွက်ထားပါတယ်။
အောက်တိုဘာ ၉ ရက် ဆွေးနွေးပွဲအပြီးမှာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံက တရုတ်၊ အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်တွေနဲ့ အောက်တိုဘာ ၁၀ ရက်နေ့မှာ တွေ့ဆုံမှာဖြစ်ပါတယ်။
ဒီတွေ့ဆုံပွဲမှာတော့ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခနဲ့ ယူကရိန်းစစ်ပွဲ တို့အကြောင်း ထည့်သွင်း ဆွေးနွေးနိုင်ချေရှိတယ်လို့ AFP က ခန့်မှန်းထားပါတယ်။
Ref: AFP, The Straits Times
(ယခုဘာသာပြန်သတင်း ကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
