ဘုတ်ပြင်း၊ ထောင်ကမတ်ကျေးရွာအုပ်စုမှာ စစ်မှုထမ်းလူစားထိုးဖို့အတွက် ငွေကျပ်သိန်းနှစ်ရာနီးပါးကောက်ခံထား
ဘုတ်ပြင်း၊ ထောင်ကမတ်ကျေးရွာအုပ်စုမှာ စစ်မှုထမ်းလူစားထိုးဖို့အတွက် ငွေကျပ်သိန်းနှစ်ရာနီးပါးကောက်ခံထား

ဘုတ်ပြင်းမြို့နယ်၊ ထောင်ကမတ်ကျေးရွာအုပ်စုက ရွာတွေဆီကနေ စစ်မှုထမ်းလူစားထိုးဖို့အတွက်လို့ဆိုပြီး သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးတွေက စုစုပေါင်း ငွေကျပ်သိန်းနှစ်ရာဝန်းကျင် ကောက်ခံခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ထောင်ကမတ်ကျေးရွာအုပ်စုမှာ ထောင်ကမက်၊ ချောင်းကရှက်၊ အောက်လိပ်၊ ကလန်းချောင်းနဲ့ သီရိမြိုင် စတဲ့ ရွာတွေပါဝင်ပြီး ရွာအားလုံးမှာ ကောက်ခံခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၃၀ ရက်နေ့န့ ဇွန်လ ၁ ရက်နေ့တွေမှာ သက်ဆိုင်ရာကျေးရွာရဲ့ ရာအိမ်မှူးတွေက တစ်အိမ်တက်ဆင်း ကောက်ခံခဲ့တာဖြစ်တယ်လို့ ထောင်ကမတ်ကျေးရွာအုပ်စုနေ ရွာခံတွေက ဆိုပါတယ်။
ထောင်ကမတ်ကျေးရွာအုပ်မှာ အိမ်ခြေစုစုပေါင်း ၇၀၀ နီးပါးရှိပြီး ရပ်ကျေးအဖွဲ့ကနေ တစ်အိမ်ကို သုံးသောင်းကျပ်ကောက်ယူခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ရှင်းပြပါတယ်။
“ အပတ်စဥ်နှစ်နဲ့သုံးအတွက် ပေါင်းကောက်တာလို့ပြောတယ်ဗျ။ လူစားထိုးခေါ်ရင်တောင် ပိုက်ဆံကပမာဏအများကြီးပိုသေးတယ်။ သုံးသောင်းပမာဏကမများပေမဲ့ တစ်အုပ်စုလုံးစာ ပမာဏကြတော့ အရမ်းများသွားပြီလေဗျာ” လို့ ထောင်ကမတ်ကျေးရွာအုပ်စုနေ ဒေသခံ အမျိုးသားတစ်ဦးကဆိုပါတယ်။
ဒါ့အပြင်အခုလိုမျိုးကောက်ယူပြီး အချိန်တစ်ပတ်ကျော်ကြာတဲ့အထိ ကောက်ခံထားတဲ့ ငွေကျပ်သိန်း ၂၀၀ နီးပါးကို ဘယ်လိုအသုံးပြုလိုက်လဲဆိုတာကို ဒေသခံတွေအနေနဲ့လည်း မသိရဘူးလို့ ဒေသခံအမျိုးသားက ဆက်ပြောပါတယ်။
ငွေကြေးကောက်ခံခဲ့တဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ထောင်ကမက်ကျေးရွာအုပ်စုကနေ စစ်မှုထမ်း အပတ်စဥ် ၃ အတွက် လူသုံးဦးစာရင်းကျတဲ့အတွက် သုံးယောက်စာလူအစားထိုးဖို့အတွက်ကို ကောက်ခံခြင်းဖြစ်တယ်လို့ ပြောခဲ့ကြောင်း ဒေသခံတွေက ဆိုကြပါတယ်။
“ လူတစ်ယောက်ကို ဆယ့်ရှစ်သိန်းနဲ့ငှားရမယ်လို့ပြောတယ်။ ငှားရမဲ့လူက သုံးယောက်တည်းလေ။ ဒါဆိုကျန်တဲ့ပိုက်ဆံတွေက ဘယ်ရောက်သွားတာလဲ” လို့ ထောင်ကမတ်ကျေးရွာအုပ်စုက အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အခုလို ထောင်ကမတ်ကျေးရွာအုပ်စုမှာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ကနေ ပိုက်ဆံကောက်ယူတာက ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လကလည်း တစ်အိမ်ကိုတစ်သောင်းနှုန်းနဲ့ ကောက်ယူခဲ့ဖူးတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဘုတ်ပြင်းမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေဟာ နေရာအလိုက် စစ်မှုထမ်းလူစားထိုးဖို့အတွက်၊ စစ်မှုထမ်းစာရင်းပါသူတွေကို ထောက်ပံ့ဖို့အတွက် စတဲ့ခေါင်းစဥ်အမျိုးမျိုးနဲ့ ငွေကြေးကောက်ယူနေ ကြတယ်လို့ ဘုတ်ပြင်းမြို့နယ်က ဒေသခံတွေက ပြောကြပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လအစက ဘုတ်ပြင်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်မှာ စစ်မှုထမ်းဖို့စာရင်းပါသူတွေကို ထောက်ပံ့ပေးရန် ဆိုတဲ့ခေါင်းစဥ်နဲ့ အုပ်ချုပ်ရေးမှူးတွေကနေ တစ်ပါတ်တိတိ ရန်ပုံငွေ လောင်းကစားဝိုင်း လုပ်ဆောင်ခဲ့တာမျိုးရှိတယ်လို့ ဘုတ်ပြင်းမြို့ခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
တနင်္သာရီတိုင်းတွင်းက စစ်မှုထမ်းခေါ်ယူခြင်းခံရတဲ့ တပ်သားသစ်တွေကို ပလောက်မြို့က အမှတ်-၁၂ အတန်းမြှင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စစ်သင်တန်းပို့ချပေးနေတာဖြစ်ပြီး စစ်ကောင်စီပြန်ဆက်ရဲ့ ထုတ်ပြန်ချက်တွေအရ သင်တန်း အပတ်စဥ် သုံးခုအထိဖွင့်လှစ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
The Tanintharyi Times