ကာလုံ၊ သိန်းစိန်နဲ့ ဖြစ်နိုင်ချေများ

ကာလုံ၊ သိန်းစိန်နဲ့ ဖြစ်နိုင်ချေများ

အခုလာမယ့် ဇူလိုင်လ ၃၁ ရက်နေ့ဆို အရေးပေါ်ကာလကို နောက်ထပ် ၆ လ သက်တမ်းတိုး၊မတိုး ဆုံးဖြတ်ဖို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းအဖွဲ့ အခုချိန်အထိ ကိုင်စွဲ ကျင့်သုံးနေတဲ့ ၂၀၀၈ အခြေခံဥပဒေအရဆို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီအစည်းအဝေးကို သမ္မတက ဦးဆောင်ပါတယ်။ လက်ရှိ အခြေနေအရဆို စစ်အာဏာသိမ်းအဖွဲ့ တင်မြှောက်ထားတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေက ဦးဆောင်သူပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက မီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ သတင်းတွေအရဆို ယာယီသမ္မတ ဦးမြင့်ဆွေဟာ ကျန်းမာရေး ဆိုးရွားတဲ့အခြေနေမှာ ရှိနေတယ်လို့ သိရပါတယ်။ တကယ်လို့များ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ကျန်းမာရေး ဆိုးရွားတဲ့အခြေအနေသတင်းဟာ အမှန်ဖြစ်ခဲ့မယ်ဆိုရင် သူမပါတဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီအစည်းအဝေးကို ဘယ်သူက ဦးဆောင်ခေါ်ယူလို့ရသလဲဆိုတာ တွေးစရာပါ။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီ အစည်းအဝေးတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်ပုဒ်မတွေဟာ ၂၀၀၈ အခြေခံဥပဒေမှာလည်း မပါဝင်သလို အစည်းအဝေးဘယ်လိုခေါ်မလဲ၊ ဘယ်လိုဆုံးဖြတ်လဲ စသဖြင့် အသေးစိတ်ပြဌာန်းထားတဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီဥပဒေလည်း မရှိသေးပါဘူး။

အဲ့လိုဥပဒေပြဌာန်းချက် မရှိတာကြောင့် အရင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကို အရင်ခေါ်ယူခဲ့တဲ့ အစည်းအဝေးမိုဒယ်တွေ (models) အတိုင်းသာ သမ္မတကပဲ ဦးဆောင်ခေါ်ယူရမှာ ဖြစ်ပါတယ်။

၂၀၂၁ ခု ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီး ပြုလုပ်ခဲ့သမျှ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေးတွေကို ယာယီသမ္မတ ဦးမြင့်ဆွေကပဲ ကမကထပြု ဦးဆောင်ခေါ်ယူ ပြုလုပ်ခဲ့တာပါ။ ဒါကြောင့် တကယ်လို့များ ဦးမြင့်ဆွေသာ ကျန်းမာရေးကြောင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီအစည်းအဝေး ဦးဆောင်ခေါ်ယူဖို့ အခြေနေမပေးရင်တော့ အခင်းအကျင်းက တမျိုးပြောင်းလာဖွယ်ရာ ရှိနေပါတယ်။

တကယ်လို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီအစည်းအဝေးခေါ်ယူဖို့ ဖြစ်နိုင်ချေနည်းရင် စစ်အာဏာသိမ်းခေါင်းဆောင်ဟာ နောက်ထပ် အရေးပေါ်အခြေနေကို အကြောင်းပြပြီး သက်တမ်း ၆ လ ထပ်တိုးဖို့ဆိုတာ အခက်အခဲရှိနေနိုင်ပါတယ်။

ဘယ်လိုပဲ ခက်ခက် စစ်အာဏာသိမ်းခေါင်းဆောင်ဟာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီအစည်းအဝေးကို ယာယီသမ္မတ ဦးမြင့်ဆွေ မပါဘဲ ဇွတ်လုပ်ပြီး နောက်ထပ် ၆ လ သက်တမ်းတိုးမယ့် အခင်းအကျင်းမျိုးလည်း လုပ်နိုင်ပါတယ်။

ယာယီသမ္မတဦးမြင့်ဆွေဟာ အရင်စစ်တပ်လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က တင်မြှောက်ထားခံရသူမို့ ဦးမြင့်ဆွေနေရာကို စစ်တပ်ကပဲ နောက်ထပ်ဒုသမ္မတတဦး အစားထိုးကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီကို ဦးဆောင်ဖို့ ယာယီသမ္မတ အဖြစ်ဆက်ထားဖို့ အခြေနေလည်း ရှိနိုင်ပါတယ်။

၂၀၀၈ အခြေခံဥပဒေရဲ့ ပုဒ်မ ၄၁၉ မှာ တပ်ချုပ်ဟာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာတွေကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိတယ်လို့ ပြဌာန်းထားပါတယ်။ အဲ့ဒီပုဒ်မကို လိုသလို အဓိပ္ပါယ်ဖွင့်ပြီး သမ္မတ အစားထိုးခန့်ထားရေးကို အသုံးချနိုင်ပါတယ်။ အခြေခံဥပဒေနဲ့ ညီ၊ မညီကတော့ အငြင်းပွားဖွယ်ရာ ဖြစ်လာမှာပါ။

ဒီကြားတဲ့ အခုနှစ် ဧပြီလထဲမှာပဲ စစ်ကောင်စီဟာ ဒုသမ္မတဟင်နရီဗန်ထီးယူကိုလည်း ကျန်းမာရေးအကြောင်းပြပြီး အနားပေးခဲ့ပါသေးတယ်။ ဒီလိုအနားပေးတာဟာလည်း ဦးမြင့်ဆွေ တကယ်လို့များ အနားယူခဲ့ရင် ဟင်နရီဗန်ထီးယူကို ယာယီသမ္မတအဖြစ် ဆက်လက်တာဝန်ပေးရမှာကို စစ်အာဏာရှင်တွေ မလိုလားတာမို့ ကြိုပြီး အနားပေးခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီအစည်းအဝေးခေါ်ယူဖို့ နီးကပ်လာချိန်မှာ တရုတ်ရဲ့ စပွန်ဆာနဲ့ လပိုင်းလောက်ပဲ ရပ်နားခဲ့ရတဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ အဆက်ဖြစ်တဲ့ နောက်ဆက်တွဲစစ်ဆင်ရေးဟာလည်း TNLA က အဓိကဦးဆောင်ပြီး ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းအတွင်းမှာ ဇွန်လကုန်ပိုင်းလောက်ကနေ တကျော့ပြန် ဆင်နွှဲနေပြီ ဖြစ်ပါတယ်။

ဒီတကျော့ပြန် စစ်ဆင်ရေးနဲ့အတူ မြန်မာပြည်တွင်း လက်နက်ကိုင်ပဋိက္ခ ကြာရှည်လာတာဟာ တရုတ်ရဲ့ မြန်မာပြည်တွင်းရင်းနှီးမြုတ်နှံမှုအခြေအနေနဲ့ အကျိုးစီပွားတွေ တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာအတွင်း ထိန်းချုပ်ချင်တဲ့ အစီစဉ်တွေကို ပိုမိုထိခိုက်လာစေပါတယ်။

ရခိုင်ပြည်နယ်မှာ AA ရခိုင်တပ်မတော်ရဲ့ ထိုးစစ်ဆင်မှု၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ ကေအိုင်အေ၊ ရှမ်းပြည်မြောက်ပိုင်းမှာ မြောက်ပိုင်းသုံးဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်တွေရဲ့ ထိုးစစ်ဆင်မှုတွေကို စစ်ကောင်စီဟာ အလူးအလဲခံနေရပြီး ဆုံးရှုံးမှုလည်း များနေပါတယ်။

ရခိုင်ပြည်နယ်အတွင်းရှိ စီမံကိန်းတွေ၊ ရှမ်းပြည်မြောက်ပိုင်းရှိ နယ်စပ်ကုန်သွယ်ရေးတွေ၊ ကချင်ပြည်နယ်အတွင်းရှိ သဘာဝသယံဇာတအမျိုးမျိုးထုတ်ယူရေးအခြေနေတွေဟာ ပိုမိုဆိုးရွားလာတဲ့ လက်နက်ကိုင်တော်လှန်ရေး ပဋိပက္ခတွေကြောင့် တရုတ်ရဲ့အကျိုးစီးပွားတွေဟာ ဆုံးရှုံးနေ နှောင့်နှေးနေတာ အသေအချာပဲ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မြန်မာနိုင်ငံအတွင်းရှိ ပြဿနာတွေ ကိုင်တွယ်ဖြေရှင်းနေပုံတွေဟာ မပြေလည်စေတဲ့အပြင် ပိုမိုးဆိုးရွားလာတာတွေကြောင့် အိမ်နီးချင်းတရုတ်က သူ့အကျိုးစီပွားတွေအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီရဲ့ ဦးဆောင်မှုကို စိတ်တော်တော် ပျက်နေပါပြီ။

ရှမ်းပြည်မြောက်ပိုင်းတကျောနဲ့ မန္တလေးတိုင်းအတွင်း ၁၀၂၇ တကျော့ပြန် စစ်ဆင်ရေး ပြန်စပြီး ရက်ပိုင်းအတွင်းမှာပဲ ၂၀၁၁ ကနေ ၂၀၁၆ ခုထိ တာဝန်ယူခဲ့ဖူးသူ သမ္မတဟောင်း ဦးသိန်းစိန်ဟာ လူမြင်ကွင်းမှာ ရုတ်ချည်းထွက်ပေါ်လာခဲ့ပါတယ်။ သမ္မတတာဝန်ကနေ အငြိမ်းစားယူခဲ့တဲ့ ဦးသိန်းစိန်ဟာ နိုင်ငံရေး ဇာတ်ခုံမြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့တာ တော်တော်ကြာခဲ့ပါပြီ။

သမ္မတဟောင်း ဦးသိန်းစိန်ဟာ တရုတ်မှာ ကျင်းပတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ် ချမှတ်ခဲ့တဲ့ နှစ် ၇၀ ပြည့် အခမ်းအနားကို တက်ရောက်တဲ့သတင်းနဲ့ ပြန်ထွက်ပေါ်လာတာပါ။ ဒီသတင်းကို တရုတ်သံရုံးနဲ့ စစ်တပ်ပိုင် သတင်းဌာနတွေက ထုတ်လွှင့်ခဲ့ကြပါတယ်။

တရုတ်ခရီးစဉ်သွားဖို့အတွက် သမ္မတဟောင်း ဦးသိန်းစိန်ကို နိုင်ငံပိုင်စီးလုံးလေယာဉ်နဲ့သွားခွင့်ပေးတာ လေဆိပ်မှာ ရာထူးကြီးကြီးနေရာယူထားတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ လိုက်ပါပို့ဆောင်တာတွေကို ကြည့်ရင် အသက် ၈၀ နားကပ်နေတဲ့ သမ္မတဟောင်းတဦးရဲ့ တရုတ်ခရီးစဉ်ဟာ သာမန်အခမ်းနားသွားတက်တယ် ဆိုတာထက် ပိုနိုင်ပါတယ်။

တရုတ်နိုင်ငံရောက်နေတုန်းကာလအတွင်း ဦးသိန်းစိန်ဟာ တရုတ်သမ္မတနဲ့ ရင်းနှီးစွာနှုတ်ဆက်ခဲ့သလို တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ သီးသန့်တွေ့ဆုံတာတွေလည်း ရှိခဲ့ပါသေးတယ်။ တရုတ်ရဲ့သတင်းစကားကို ဦးသိန်းစိန်ကနေတဆင့် စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီသို့ ပါးတာလည်း ဖြစ်နိုင်သလို စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သတင်းစကားကို ဦးသိန်းစိန်ကနေတဆင့် တရုတ်ဆီသို့ ပါးတာလည်း ဖြစ်နိုင်ပါတယ်။

အချုပ်ဆိုရရင် ခုလာမယ့် ဇူလိုင်လကုန်ပိုင်းဟာ စိတ်ဝင်စားစရာကောင်းပါတယ်။

ပုံမှန်အတိုင်း ယာယီသမ္မတဦးမြင့်ဆွေ ဦးဆောင်ပြီး အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီအစည်းအဝေးကို ဆက်လုပ်မလား၊ ယာယီသမ္မတဦးမြင့်ဆွေမပါတဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီအစည်းအဝေးကို ဇွတ်ပြုလုပ်မလား၊ ယာယီသမ္မတဦးမြင့်ဆွေနေရာမှာ နောက်ထပ်ယာယီသမ္မတတဦးကို အစားထိုးလာမလား၊ ဦးသိန်းစိန်ပါဝင့်မယ် အဖွဲ့စည်းတခုခုဟာ စစ်ကောင်စီနေရာမှာ နာမည်တမျိုးမျိုးနဲ့ ရှိလာနိုင်မလား၊ တရုတ်ရဲ့စပွန်ဆာနဲ့ ယာယီအပစ်ခတ်ရပ်စဲရေးအစီစဉ်လိုမျိုး ထပ်ရှိလာနိုင်မလား၊ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရော ပြန်လွတ်လာနိုင်မလား ဆိုတာတွေကို ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ကို

The Tanintharyi Times