စစ်ဒဏ်စံချိန်သစ်များစွာနှင့် တနင်္သာရီစက်တင်ဘာ

စစ်ဒဏ်စံချိန်သစ်များစွာနှင့် တနင်္သာရီစက်တင်ဘာ

စက်တင်ဘာသည် တနင်္သာရီတိုင်းအတွက် ထိခိုက်မှုအများဆုံးလ ဖြစ်သည်။

၂၀၂၃ ခုနှစ်၏ စက်တင်ဘာလသည် တနင်္သာရီတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်သား(PDF)များ စံချိန်တင် ကျဆုံးသည့်လ ဖြစ်ခဲ့သည်။

PDF ကျဆုံးအရေအတွက် ၁၆ ဦး ရှိခဲ့သည်။ လက်နက်မဲ့ပြည်သူကိုများကို သတ်ဖြတ်မှုတို့ကလည်း ၂၁ ဦးထိ ရှိနေသည်။

စစ်ကောင်စီတပ်က အရပ်သားဖမ်းဆီးမှုက ၃၀၀ နီးပါရှိခဲ့ပြီး ယခင်လထက် နှစ်ဆတိုးခဲ့သည်။ အရပ်သားအိမ် ၄၀ ကျော် မီးရှို့ခံခဲ့ရပြီး ပြီးခဲ့သည့် ၄ လအတွင်း အများဆုံး ဖြစ်ခဲ့သည်။

သေနတ်သံ၊ မိုင်းသံ၊ လက်နက်ကြီးသံ စဲသည့်နေ့ မရှိခဲ့။

ရက်စက်ကြမ်းကြုတ်စွာ ချေမှုန်းတိုက်ခိုက်သတ်ဖြတ်မှုတို့အပါအဝင် တနင်္သာရီတိုင်းတွင်း စစ်ကောင်စီတပ်၏လှုပ်ရှားလုပ်ဆောင်မှုသည်လည်း စက်တင်ဘာတွင် ထူးခြားခဲ့သည်။

ယခင်လများက မလုပ်ဆောင်ဖူးသည်တို့ ယခုလတွင် လုပ်ဆောင်ခဲ့ကြသည်။

ကြည်းတပ်သာမက၊ ရေတပ်ပါ တိုက်ပွဲဆင်ခဲ့သည်။ လေတပ်သည်လည်း ကင်းထောက်/လေ့ကျင့်ပျံသန်းခြင်းမျိုးဖြင့် ဖိအားပေးခြိမ်းခြောက်ခဲ့သည်။

စစ်ကြောင်းဝင်ရောက်မှုကလည်း ဗျူဟာပြောင်းလာသည်။ ခက်မခွဲဖြာ တန်ပြန်ပြောက်ကျား စစ်ဆင်ရေးဗျူဟာကို သုံးစွဲလာသည်ကို တွေ့ရသည်။

အရပ်သားများကို ရက်ရက်စက်စက် သတ်ပြသည်။

ထိုးစစ်ဆင်စစ်ကြောင်းများကို နောက်မှ လက်နက်ကြီး၊ အမြောက်တို့ဖြင့် ပစ်ကူပေးမှု ပိုအားကောင်းလာသည်။ အမြောက်ကြောင့် PDF များအပြင် အရပ်သားတို့ ထိခိုက်သေဆုံးခဲ့ရသည်။

အချက်အချာကျသည့်၊ တော်လှန်ရေးအင်အားစုများ စိုးမိုးဖြန့်ကျက်ထားသည့် မြို့နယ်အားလုံးကို တပြိုင်နက် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်။

စက်တင်ဘာသည် စစ်ကောင်စီတပ်၏ ပြင်ဆင်လှုပ်ရှားမှု အားကောင်းပြင်းထန်ခဲ့သောလဖြစ်ကြောင်း သတင်းစာများ၊ တော်လှန်ရေးအင်အားစုများ၊ ကိုယ်တွေ့ဒေသခံပြည်သူများ၏ သတင်းစကားက သက်သေခံနေသည်။

▪️ စစ်ကြောင်းထိုးသည့် ပုံစံ ပြောင်းလာ

စစ်ကောင်စီတပ်များသည် ယခင်လများက အင်အား ၁၀၀ ကျော်ကို စစ်ကြောင်းတစ်ကြောင်းနှုန်းဖြင့် လှည့်လှည်ထိုးစစ်ဆင်တတ်သည်။

ထိုစစ်ကြောင်းက ခွဲထုတ်လှုပ်ရှားခြင်းမျိုး လုပ်လေ့မရှိခဲ့။ နယ်တစ်နယ်သို့ ဝင်လျှင် အားလုံးစုဝင်၊ ထွက်လျှင် အားလုံးစုထွက်ပုံမျိုးသာ လှုပ်ရှားခဲ့သည်။ ယင်းအချက်ကို တော်လှန်ရေးရဲဘော်များသာမက ဒေသခံများပါ သိရှိကြသည်။

သိုကြောင့် ကြိုသတင်းရတတ်ကာ အရပ်သားများ ကြိုတင် ရှောင်နိုင်တိမ်းနိုင်ကြသည်။

စက်တင်ဘာလတွင် စစ်ကြောင်းတစ်ခုကို အင်အား ၃၀ နှုန်းခန့်ဖြင့် တိုက်နယ်တစ်ခုသို့ စစ်ကြောင်း ၃ ကြောင်း၊ ၄ ကြောင်းခွဲကာ တောနင်းဖြန့်ကျက် ထိုးစစ်ဆင်လာကြောင်း တနင်္သာရီမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း ၂ မှ ရဲဘော်တစ်ဦးက ပြောလာသည်။

“သူတို့(စစ်ကောင်စီတပ်) ဗျူဟာပိုင်း ပြောင်းလာတယ်ဗျ၊ စစ်ကြောင်းငယ်တွေ ခွဲထွက်လာတယ်” ဟု ၎င်းရဲဘော်က ပြောသည်။

စက်တင်ဘာ ၁၁ ရက်နေ့မှစ ပုလောမြို့နယ် ပင်လယ်ကမ်းရွာများသို့လှည့်လည်ထိုးစစ်ဆင်သော စစ်ကြောင်းများသည်လည်း ဟိုတစ်စုသည်တစ်စု ခွဲကာ ပိတပ်၊ မှော်ကြောင်း၊ လက္ကူး၊ မြဒေါင်၊ ပက်ထောက်ရွာတို့ကို လှည့်လည် မွှေနှောက်ထိုးစစ်ဆင်ခဲ့သည်။

အရပ်သားများ အစုလိုက်အပြုံလိုက် အဖမ်းခံရကာ လူသားဒိုင်းလုပ်ခံခဲ့ရသည်။

အရပ်သားလူသားဒိုင်းကြောင့် PDF တို့ တန်ပြန်တိုက်စစ်ဆင်နွှဲရာတွင် အခက်တွေ့ခဲ့ကြောင်း ပုလော PDF ရဲဘော်အချို့က ဖွင့်ဟကြသည်။

ထားဝယ်အရှေ့တောနယ်တွင်လည်း ယခင်ကဆိုလျှင် လမ်းမပေါ် ကားတန်းဖြင့် စစ်ကြောင်းချီလှုပ်ရှားခဲ့သည်။

စက်တင်ဘာ ၁၈ ရက်နေ့က ထားဝယ်အရှေ့တောနယ်သို့ ဝင်ရောက်လာသည့် အင်အား ၁၀၀ ကျော်စီပါ စစ်ကြောင်း ၂ ကြောင်းသည် စစ်ကြောင်းငယ်များ ခွဲထွက်ကြကာ တောထဲဝင် တပ်ဖျောက်လိုက်ကြသည်။ အရှေ့တောနယ်တွင် တောနင်းလှုပ်ရှားသည်။ ၂၁ ရက်နေ့တွင် အင်အား ၁၅၀ ခန့် သင်္ကန်းတုန်းရွာတွင် လာစုကြသည်။ ထိုနောက်တဖန် တပ်ဖျောက်ကာ တောနင်းလှုပ်ရှားသည်။ ၂၅ ရက်နေ့တွင် ရေဝိုင်းရွာတွင် ပေါ်လာကြပြီး ကားနှင့် ပြန်စုထွက်သွားကြသည်။

“အခုက စစ်‌ေ-ွး တွေက အရင်ကလို လမ်းမပေါ် ပေါ်တင်မသွားတော့ဘူး။ ပင်ပန်းခံပြီး တောတိုးသွားကြတာ၊ ပြောက်ကျားပဲ သုံးတော့တယ်” ဟု ထားဝယ်အခြေစိုက် ဥဩစစ်ကြောင်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပစ်ကူကောင်းသည့် လက်နက်ကြီးကြောင့် အရပ်သားများပါ ထိခိုက်သေဆုံး

သတင်းမီဒီယာများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ပြောဆိုချက်အရ စက်တင်ဘာ ၁ ရက်နေ့မှ စက်တင်ဘာ ၂၄ ရက်အတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော် ၂ ဦး ကျဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့သည်။ အရပ်သား ၁ ဦး အသက်ဆုံးရှုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့သည်။ နေအိမ်နဲ့ သာသနာ့အဆောက်အအုံ ၁၀ လုံးကျော် ပျက်စီးခဲ့သည်။

ယင်းသည် မီဒီယာလက်လှမ်းမှီသမျှသာ ဖြစ်နိုင်ပြီး စာရင်းအမှန်က ယင်းထက်ပိုနိုင်သည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာလတွင် စစ်ကြောင်းထိုးတိုင်း စစ်ကြောင်းနှင့်အတူ အမြောက်တပ်ပါသကဲ့သို့ ၎င်းတို့၏ တပ်ရင်းများ၊ စိုးမိုးကုန်းများမှလည်း လက်နက်ကြီးပစ်ကူ တောက်လျှောက်ပေးနေခဲ့သည်။

စက်တင်ဘာ ၇ ရက်နေ့တွင် စတင်ခဲ့သည့် ပုလောရက်ရှည်တိုက်ပွဲတွင် အနီးရှိ ကြည်းတပ်ရော၊ ရေတပ်ကပါ လက်နက်ကြီးပစ်ကူ ကောင်းကောင်းပေးခဲ့သည်ကို တွေ့ရသည်။ ပင်လယ်မှ စစ်သင်္ဘော ၃ စီး၊ ကြည်းဘက်မှ တိုရွာတောင်ပေါ်၊ ခလရ ၂၈၅ တပ်ရင်းတို့က လက်နက်ကြီးပစ်ကူခဲ့ကြသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း ၁ မှ တပ်စိပ်မှူး ဇင်ကို လက်နက်ကြီး ခေါင်းပေါ်တည့်တည့် ထိမှန်ကာ ပွဲချင်းပြီး ကျဆုံးပြီး ရဲဘော်နှစ်ဦးလည်း စိုးရိမ်ရသည့် ဒဏ်ရာရခဲ့ကြောင်း ၎င်းတပ်ရင်းထုတ်ပြန်ချက်၊ တပ်ရင်းသတင်းပြန်ကြားရေးတာဝန်ခံတို့ ပြောကြားချက်တို့အရ သိရသည်။

ထိုနေ့တွင်ပင် တနင်္သာရီမြို့နယ်ရှိ လေသာတောင်စိုးမိုးကုန်းနှင့် ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ(၅၆၁)၊ ဗောဓိကမ်းတံတားစစ်ကောင်စီဂိတ်စခန်းတို့က တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးပစ်ခတ်ခြင်းဖြင့် ၎င်းတို့၏ တပ်စခန်းများ တန်ပြန် တိုက်ခိုက်ခံရနိုင်မှုမှ ကာကွယ်ထားခဲ့သည်။

▪️ ကြိုယူထားသည့် စိုးမိုးကုန်းများ

ယင်းသို့ စစ်ကြောင်း၏ နောက်မှ လက်နက်ကြီး ပစ်ကူပေးနိုင်ရန်အတွက် စစ်ကောင်စီတပ်တို့ ကြိုတင်ပြင်ဆင် နေရာယူထားကြသည်ကို တွေ့ရသည်။

ထားဝယ်ခရိုင်အတွင်းက လောင်းလုံးမြို့နယ်တွင်ဆိုလျှင် အချက်အချာကျပြီး ထားဝယ်မြို့အား အပေါ်စီးမှ လှန်းမြင်နိုင်သည့် သဲပုံတောင်၊ ရပ်ခံတောင်စသည့် စိုးမိုးကုန်းများကို ယခင်လများကတည်းက ကြိုတင်နေရာယူထားခဲ့ကြသည်။

ထိုတပ်သားများက လမ်းသွားလမ်းလာများကို မထင်လျှင်မထင်သလို စစ်ဆေးငွေညစ်ကြသည့်အပြင် အရပ်ထဲသို့လည်း လက်နက်ကြီးထု လက်တည့်စမ်းကာ လူထုကို အချိန်နှင့်အမျှ ခြိမ်းခြောက်နေခဲ့သည်။

အခြားမြို့နယ်/တိုက်နယ်များ၏ အချက်အချာ ကျသည့် တောင်ကမူများကိုလည်း စိုးမိုးကုန်းအဖြစ် နေရာယူကာ တတ်နိုင်သလောက် ဖြန့်ကျက်တပ်စွဲထားသည်ကို တွေ့ရသည်။

ပုလောမြို့နယ်ရှိ တပ်ရင်းများ၊ စခန်းများအပြင် တိုရွာတောင်၊ မိုင်ခရိုဝေ့ဖ်တောင်တို့ကို စိုးမိုးကုန်းအဖြစ် ကြိုတင်နေရာယူထားခဲ့ကြသည်။

တနင်္သာရီမြို့နယ်တွင်လည်း လေသာတောင်နှင့် အခြားစိုးမိုးကုန်များ၊ တပ်ရင်းများ၊ ဂိတ်စခန်းများတွင် အချိန်မရွေး ပစ်ကူပေးနိုင်၊ ကာကွယ်ဟန့်တားနိုင်သည့် လက်နက်ကြီးများ တပ်ဆင်ထားကြသည်။

ကော့သောင်းမြို့နယ် မလိဝမ်း ခမောက်ကြီး၊ ပါချန်မြစ်ကမ်းရွာတို့ကို စစ်ကြောင်းမထိုးမီ ၂ ပတ်အလို စက်တင်ဘာ ၆ ရက်နေ့ကတည်းက အောင်သာယာ၊ အေးမြသာယာတို့တွင် ၁၂၀၊ ၈၁ မမ လက်နက်ကြီးများ အထိုင်လာချကာ စိုးမိုးကုန်းများတွင် နေရာယူထားကြသည်။

ဝိုင်ဒင်းရွာတွင်လည်း စစ်ကောင်စီရှေ့တန်းကင်းစခန်းရှိနေသည်။ မာရမ်း၊ ပါကလပ်၊ အေးသာယာ၊ အေးမြသာယာ၊ ဝိုင်ဒင်းတို့တွင် အင်အားအလုံးအရင်းဖြင့် နယ်မြေရှင်းထားခဲ့သည်ကို တွေ့ရသည်။

ယင်းသို့ ကြိုတင်ပြင်ဆင် နေရာယူပြီးမှ လက်နက်ကြီးပစ်ကူအသာဖြင့် စစ်ကြောင်းထိုး ထိုးစစ်ဆင်ကာ အပြီးသတ်ချေမှုန်းရေးကို လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။

လမ်းတွင်တွေ့သည့်ရွာသားများကို ဖမ်းဆီးသည်။ လူသားတိုင်းအဖြစ် လိုအပ်လျှင် ဆက်ခေါ်၊ မလိုလျှင် ပြန်လွှတ်သည်။ မထင်လျှင်မထင်သလို သတ်ပစ်လိုက်သည်။

စခန်းသိမ်းတိုက်ပွဲများကိုလည်း လက်နက်ကြီးအားကိုး တိုက်ခိုက်ခဲ့သည်။

စက်တင်ဘာ ၂၄ တွင် ရေဖြူမြို့နယ် ခမောင်းချောင်းတွင် လက်နက်ကြီးများ ပစ်ခတ်ပြီး PDF စခန်းကို ဝင်စီးခဲ့သည်။

၎င်းတို့တပ်စခန်းများ တိုက်ခိုက်ခံရလျှင်လည်း လက်နက်ကြီးဖြင့် ပြန်လည်ခုခံ ခြိမ်းခြောက်ပစ်ခတ်သည်။

ယခုလအတွင်း ရေဖြူအနောက်ဘက်ကမ်းဘုရားကုန်းစခန်း၊ ထားဝယ် ၈ မိုင် ဘုရားမဲဂိတ်စခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။

တိုက်ပွဲမရှိဘဲ ခြောက်လှန့်ပစ်ခတ်ခြင်းကိုမူ ပုလောနှင့် တနင်္သာရီတွင် အဓိက တွေ့ရသည်။

တနင်္သာရီမြို့နယ် အမြောက်တပ်(၃၀၆)တပ်ရင်းက ည ၈ နာရီခန့်တွင် တိုက်ပွဲမရှိဘဲ ၈၁ မမ ဖြင့် ပစ်ရာ ရှေ့မော်တုံး၊ ဇလုံး၊ ထုံနွယ်၊ ဘန်းလမွတ်ရွာများဘက် ကျခဲ့ပြီး အရှေ့မော်တုန်းမှ အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်။

စက်တင်ဘာ ၂၁ တွင် ကော့သောင်း ခမောက်ငယ်ရွာမှ အသက် ၆၀ ကျော်အမျိုးသား စစ်ကောင်စီဘက်မှပစ်သည့် လက်နက်ကြီးထိ သေဆုံးခဲ့ရသည်။

“သူတို့က ပြောက်ကျားတိုက်ခံရတာများတော့ လန့်လန့်ပြီး ထထပစ်နေတာ ထင်တယ်။ ခွေးဟောင်သံကြားရင်တောင် လက်နက်ကြီး ထပစ်တာပါ” ပြည်သူ့ကာကွယ်ရေးရဲဘော် တစ်ဦးက တနင်္သာရီတိုင်းမ်သို့ ဖြေဆိုခဲ့ဖူးသည်။

အဓိက အသုံးပြုသည်က ၆၀၊ ၈၁၊ ၁၂၀ မမ မော်တာကျည် အမြောက်များ ဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ စစ်ဆင်ရေးတာဝန်ခံ ကိုစတားကလည်း ၎င်းကဲ့သို့ ခြိမ်းခြောက်ပစ်ခတ်မှုဖြင့် အရပ်သားပြည်သူများ တော်လှန်ရေးအင်အားစုများအား ပူးပေါင်းမှု၊ ထောက်ပံ့မှုတွေ မလုပ်နိုင်ရန်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်းမျိုးဟု သုံးသပ်သည်။

▪️ တတိုင်းလုံးတပြိုင်နက်ထိုးစစ်

စစ်ကောင်စီ စစ်ကြောင်းများသည် ယခင်က ခရိုင်တစ်ခုလျှင် တစ်ခုနှုန်းသာ လှည့်လည်ထိုးစစ်ဆင်လေ့ရှိခဲ့သည်။

ခရိုင်၏ မြို့နယ်တစ်ခုခုကို စစ်ကြောင်းထိုးနေလျှင် ၎င်းခရိုင်၏အခြားမြို့နယ်များသို့ တပြိုင်နက် ဝင်လေ့မရှိခဲ့။

စက်တင်ဘာလတွင်မူ ထိုသို့မဟုတ်တော့ပေ။

ယင်းအချက်က စက်တင်ဘာလလယ်ပိုင်းတွင် ပိုသိသာလာခဲ့သည်။

စက်တင်ဘာ ၇ ရက်တွင် ထားဝယ်ရေနက်ဆိပ်ကမ်းရဲစခန်းသို့ မနက် ၂ နာရီခန့်တွင် စစ်ကောင်စီမြေတင်ကား ၃ စီး လာရောက် ရိက္ခာဖြည့်သည်။ နံနက် ၅ နာရီ တွင် မြေတင်ကား ၅ စီးနှင့် ပင်လယ်ကမ်းရွာဖြစ်သည့် လောင်းလုံး ပန်းဒက်အင်းဘက် ရောက်နေသည်။

ထိုနေ့တွင် ပုလော၌ ပင်လယ်တိုက်ပွဲဆင်နွဲသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း ၁ က နယ်ကျော်ကမ်းနီးငါးဝင်ဖမ်းနေသည့် ကမ်းဝေးငါဖမ်းလှေ ၇ စီးကို ဖမ်းဆီးကာ ပဲ့နင်းများကို ဖမ်းခေါ်လာခဲ့သည်။

ပင်လယ်ကမ်းဝေးငါးဖမ်းလုပ်ငန်းသည် စစ်ကောင်စီတပ်ကို နည်းပေါင်းစုံဖြင့် ဆက်ကြေးပေးလုပ်ဆောင်နေသည့် လုပ်ငန်းဖြစ်ကြောင်း ဒေသခံတို့က ပြောကြသည်။

နံနက် ၁၀ နာရီတွင် စစ်သင်္ဘောတစ်စီးက မြိတ်ခရိုင်တပ်ရင်း ၁ ၏ ရဲဘော်များ စီးနင်းလာသောလှေကို စပစ်သည်။ အပြန်အလှန်ပစ်ပြီး မိနစ် ၂၀ ကြာသော် စစ်သင်္ဘော နောက်တစ်စီးထပ်လာ၍ ပြည်သူ့ကာကွယ်ရေးရဲဘော်တို့ ဆုတ်ခွာလိုက်ကြသည်။

ပုလောချောင်းဝနှင့် ကျောက္ကာအနီးကမ်းစပ်တွင် စစ်သင်္ဘော ၃ စီး ကျောက်ချရပ်နားပြီး ဒေသခံလှေ ၄၀ ကျော် ဖမ်းဆီးလိုက်သည်။ ငါးဖမ်းခွင့် ပိတ်လိုက်သည်မှာ ယခုထိ ဖြစ်သည်။ တိုရွာရှိ စစ်ကောင်စီတပ်က ပလတစ်ဝိုက် လက်နက်ကြီးနှင့် ပစ်သည်။

စက်တင်ဘာ ၁၁ ရက်တွင် ရှစ်ရက်ကြာသည့် ပုလော ရက်ရှည်တိုက်ပွဲ စတင်သည်။ ထိုကာလအတွင်း တတိုင်းလုံးရှိ စစ်ကောင်စီတပ်၏ တပ်ရွေ့တပ်ပြောင်း၊ တပ်တည်တပ်လှုပ်၊ တပ်နေရာမှုယူတို့ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

စက်တင်ဘာ ၂၀ ရက် ပုလော ကျောင်းနိမ့်ရွာကို စစ်ကောင်စီခလရ(၂၈၅) ဒရုန်းနှင့် ဗုံးကြဲခဲ့သည်။ အရပ်သား ၂ ဦး ထိခိုက်ခဲ့ရသည်။

ကော့သောင်း မလိဝမ်းတွင် ယင်းနေ့ မနက် ၁၁ နာရီတွင်စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်သည်။ စစ်ကောင်စီတပ်က ကုန်းလမ်း၊ရေလမ်း(ပါချန်မြစ်မှ မလိဝမ်းချောင်း)ထိုးစစ်ဆင်သည်။ ရွာသားများ ထိုင်းဘက် ထွက်ပြေးရသည်။ ခမောက်ငယ်မှ ရော်ဘာလုပ်သား ၃၀ ကျော် လူသားဒိုင်းအဖြစ် အဖမ်းခံခဲ့ရသည်.

နောက်တစ်ရက်ဖြစ်သည့် စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ် ၇၀ ပါစစ်ကြောင်း ရေဖြူမြို့နယ် ထားဝယ်စီမံကိန်းလမ်းပေါ်က ကင်းတံတားဖြတ်၍ ဝင်လာသည်။ ဧကနိ၊ ခမောင်းချောင်းကို စစ်ကြောင်းထိုးသည်။ ခမောင်းချောင်း၊ ဝက်ချောင်း၊ ဧကနိ၊ ရငဲ၊ ဝဇွမ်းရွာများ စစ်ရှောင်ရသည်။ တွေ့သည့် ရွာသားလေးဦးကို ဖမ်းဆီးသွားသည်။

စက်တင်ဘာ ၂၂ ရက်တွင် ထားဝယ် အရှေ့တောဒေသက သင်္ကန်းရွာတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သား ၁၅၀ ခန့် ရှိနေသည်။ ထိုနောက် ဖြန့်ခွဲ တောနင်းသည်။

ထားဝယ်-မြိတ်ကားလမ်း သရက်ချောင်းမြို့နယ် အောက်သရက်ချောင်းနှင့် ပိတောက်ကြီးရွာကြား စစ်ကောင်စီနှင့်ပျူစောထီးပေါင်း ၁၅၀ ပါ စစ်ကြောင်းနှင့် ဒေသခံ PDF တို့ တိုက်ပွဲ ဖြစ်ပွားသည်။ ထိုနောက် စစ်ကောင်စီတပ်ကများ ပိတောက်ကြီးစာသင်ကျောင်းတွင် တပ်စွဲထားနိုင်ခဲ့သည်။ ယင်းနေ့တွင် ပုလောမြို့နယ် ပလကို စစ်ကောင်စီတပ်များ စိုးမိုးထားသည်။

စက်တင်ဘာ ၂၃ တွင် ထားဝယ်-မြိတ်ကားလမ်း ပိတောက်ကြီးစာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီနှင့်ပျူစောထီး ၁၅၀ ပါ စစ်ကြောင်းနှင့် PDF (သိမ်းငှက်ပြောက်ကျား)တို့ တိုက်ပွဲဖြစ်ပွားသည်။

စက်တင်ဘာ ၂၄ ရက်တွင် ရေဖြူ ခမောင်းချောင်းတွင် လက်နက်ကြီးများပစ်ကာ နယ်ခံ PDF စခန်းကို ဝင်စီးခဲ့သည်။

ယခုလအတွင်း စစ်ကောင်ဘက်မှ တနင်္သာရီတိုင်း ခရိုင်နဲ့ မြို့နယ်အများစုတွင် တပြိုင်နက်တည်း စစ်မျက်နှာဖွင့်သည်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ စစ်ဆင်ရေးတာဝန်ခံ ကိုစတားက အတည်ပြုပြောဆိုသည်။

“နယ်မြေခံတပ်ရင်းတွေရဲ့ အင်အားနဲ့ အဓိကထား လှုပ်ရှားပြီးတော့ PDF တွေ စိုးမိုးထားတဲ့ နယ်မြေတွေ၊ စခန်းတွေကို သူတို့ဘက်က ပြင်ဆင်ပြီးတော့ တန်ပြန်စစ်ဆင်ရေးလုပ်လာတဲ့ အနေအထားမျိုးတော့ ရှိပါတယ်”ဟု ကိုစတားက ဆိုသည်။

ထိုးစစ်တပြိုင်နက်ဆင်လာနိုင်သည့် အဓိကအကြောင်းအရင်းမှာ အခြားသော တိုင်း/ပြည်နယ်များ (အထူးသဖြင့် ကရင်) ရှေ့တန်းစစ်မျက်နှာတွင် တာဝန်ထမ်းဆောင်နေသည့် တိုင်းတွင်း စစ်ကောင်စီတပ်ရင်းများမှ တပ်သားများ ၎င်းတို့မိခင်တပ်ရင်းများသို့ ပြန်လည်ဝင်ရောက်လာသောကြောင့် အင်အားပိုများလာခြင်းကြောင့်ဖြစ်သည်ဟု ၄င်းက သုံးသပ်သည်။

“မြို့နယ်တိုင်းမှာ တိုက်ပွဲမဖြစ်တဲ့မြို့နယ် မရှိသလောက်ကို နည်းပါတယ်။ ကျတော်တို့ဘက်ကလည်း စစ်မျက်နှာ အကုန်(တစ်တိုင်းလုံ)ဖွင့်ထားတယ်လို့ ပြောလို့ရတယ်” ဟု ကိုစတားက ပြောသည်။

▪️ တော်လှန်ရေးအင်အားစုဘက်က ဘာတွေ ပြင်ဆင်ထာလဲ

စစ်ကောင်စီတပ်က ဗျူဟာပိုင်း ပြောင်းလဲမှု၊ အင်အားများလာမှုအပေါ်အခြေခံကာ ပြည်သူ့ကာကွယ်ရေးအင်အားစုဘက်ကလည်း တန်ပြန်ဗျူဟာပြောင်းလဲမှုများ လုပ်ဆောင်နေကြောင်း ကိုစတားက ပြောသည်။

“ကျတော်တို့ရရှိထားတဲ့အချက်အလက်တွေအပေါ် အခြေခံပြီးတော့ ကိုယ့်ရဲ့ဒေသအလိုက် ပြင်ဆင်တာမျိုးတော့ ကျွန်တော်တို့ဘက်မှာလည်း ရှိပါတယ်။ အသေးစိပ်အချက်အလက်ကတော့ ပြောဖို့အဆင်မပြေဘူးပေါ့” ဟု သူက ဆိုသည်။

စစ်ဆင်ရေးလုပ်ငန်းစဉ်များကို ပြည်သူထိခိုက်မှု မရှိသောနည်းလမ်းများဖြင့် လုပ်ဆောင်နေပြီး ရန်သူ့သတင်းကို ရသမျှပေးပို့ခြင်းဖြင့် ပူးပေါင်းပါဝင်ကြရန် ကိုစတားက တိုက်တွန်းသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကမူ လက်ရှိအချိန်သည် ပြည်သူ့ခုခံတွန်းလှန်စစ်၏ နောက်တစ်ဆင့်ဖြစ်သည့် မဟာဗျူဟာထိုးစစ်ကာလကာလကို ရောက်ရှိနေပြီဖြစ်တယ်လို့ လွန်ခဲ့သည့် လေးရက်ကပဲ ထုတ်ပြောဆိုထားသည်။

▪️ ပွင့်လင်းရာသီ စစ်ရေးအလားအလာ

စစ်အာဏာမသိမ်းမီက ပွင့်လင်းရာသီများတွင် ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုများပြားခဲ့သည့် တနင်္သာရီဒေသသည် ခရီးမသွားသင့်ဟု သတ်မှတ်ခံရသည့်နေရာတစ်ခုဖြစ်လာသည်။ လက်နက်ကိုင်ပဋိက္ခများကြောင့် တနင်္သာရီအပါအဝင် မြန်မာနိုင်ငံက ဒေသကိုး ခုကို ခရီးမသွားကြရန် ဗြိတိန်အစိုးရက သူ့နိုင်ငံသားများကို စက်တင်ဘာလအတွင်း သတိပေးထုတ်ပြန်ခဲ့သည်။

ယင်းသတိပေးချက်တွင် တနင်္သာရီတိုင်းအတွင်း ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်း၊ ပုလောနှင့် တနင်္သာရီမြို့နယ်တို့သည့် တင်းတင်းကြပ်ကြပ်ကန့်သတ်ခံထားရသည့်မြို့နယ်များအဖြစ် ပါဝင်နေသည်။

လက်ရှိမြေပြင်တွင်လည်း အဆိုပါမြို့နယ်များသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအားကောင်းသည့်မြို့နယ်များဖြစ်ပြီး မြို့နယ်အများစုကို စစ်ကောင်စီတပ်က တပြိုင်နက် ထိုးစစ်ဆင်လျက်ရှိသည်။

စစ်ရေးဗျူဟာအပြောင်းအလဲနှင့် အမြောက်ကျည်သံ တစ်တိုင်းလုံးညံခဲ့သည့် တနင်္သာရီတိုင်း၏ စက်တင်ဘာသည် မီးလောင်ပြာကျမှု၊ သွေးထွက်သံယိုမှု၊ ထိခိုက်ကျဆုံးမှု များစွာဖြင့် ကုန်ဆုံးခဲ့ပါပြီ။

ပွင့်လင်းရာသီအစ အောက်တိုဘာလသည် စက်တင်ဘာထက် ပိုဆိုးဖွယ်ရှနိုင်သည်ကို လအစ တိုက်ပွဲသတင်းများက သက်သေခံနေသည်။

ဂါးဒီး

The Tanintharyi Times